【နိုင်ငံတကာဆောင်းပါး】အမေရိကန်မှာ လူမည်းကလေးတွေက သေနတ်ကြောင့် သေဆုံးနိုင်ချေ ၁၁ ဆ ပိုများ

【နိုင်ငံတကာဆောင်းပါး】အမေရိကန်မှာ လူမည်းကလေးတွေက သေနတ်ကြောင့် သေဆုံးနိုင်ချေ ၁၁ ဆ ပိုများ

အမေရိကန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသူဟာ ၄၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပါတယ်။

အမေရိကန်ကလေးတွေဟာ ကားမတော်တဆမှုကြောင့် သေဆုံးရတာထက် သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးရတာ ပိုမိုများပြားနေပြီး ဒီလိုသေနတ်မတော်တဆမှုမှာလည်း လူမျိုးအပေါ်လိုက်ပြီး မတူညီမှုတွေ ရှိနေပြန်ပါသေးတယ်။ အမေရိကန်မှာရှိတဲ့ လူမည်းကလေးတွေက သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးနိုင်ချေဟာ လူဖြူကလေးတွေထက် ၁၁ ဆ ပိုများတယ်လို့ အမေရိကန် ကလေးသူငယ်ဆေးဘက်ဆိုင်ရာ အကယ်ဒမီရဲ့ လေ့လာချက် အသစ်အရ သိရှိရပါတယ်။

လေ့လာချက်ရဲ့ ရည်ရွယ်ချက်ကတော့ ၂၀၂၁ ခုနှစ်မှာဖြစ်ပေါ်လာတဲ့ အမေရိကန်မှာ သေနတ်ကြောင့် ကလေးသူငယ်သေဆုံးနှုန်းနဲ့ ကွဲပြားခြားနားချက် ကိန်းဂဏန်းတွေကို ကိုဗစ်ကပ်ရောဂါ မတိုင်မီ ၂၀၁၈ ခုနှစ်က အချက်အလက်တွေနဲ့ နှိုင်းယှဉ်ဖို့ဖြစ်ပါတယ်။ ကလေးသူငယ်များအကြား သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးနှုန်းဟာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးနှုန်းထက် မြင့်တက်နေပြီး ၂၀၂၀ ခုနှစ်မှစတင်ကာ ကလေးသူငယ်များနဲ့ လူငယ်များအတွက် အဓိက သေဆုံးစေသောအကြောင်းအရာမှာ သေနတ်ပစ်ခတ်မှု ဖြစ်တယ်လို့ သုတေသီများက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးရနှုန်းဟာ ၄၁.၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပါတယ်။

အမေရိကန်မှာ သေနတ်ပစ်ခတ်မှုကြောင့် ကလေးသူငယ်သေဆုံးနှုန်းဟာ ၂၀၂၁ ခုနှစ်မှာ မြင့်တက်လာခဲ့ပြီး ၂၀၂၀ ခုနှစ်ရဲ့ နှုန်းထားကိုပါ ကျော်လွန်ခဲ့တဲ့အပြင် ကွဲပြားချက်တွေကလည်း ပိုပြီးသိသာလာပါတယ်။ ၂၀၂၁ ခုနှစ်မှာ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးရတဲ့ ကလေးသူငယ်များအနက် ၈၄.၈ ရာခိုင်နှုန်းက ယောကျာ်းလေးများ၊ ၄၉.၉ ရာခိုင်နှုန်းက လူမည်းများ၊ ၈၂.၆ ရာခိုင်နှုန်းက အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြားနှင့် ၆၄.၃ ရာခိုင်နှုန်းကတော့ လူသတ်ရန်ရည်ရွယ်ချက်ကြောင့် နစ်နာရသူများ ဖြစ်ကြပါတယ်။ သေနတ်ထိမှန်ပြီး သေဆုံးရသူ လူမည်းကလေးငယ်များရဲ့ ၆၇.၃ ရာခိုင်နှုန်းဟာ လူသတ်မှုရဲ့ နစ်နာသူများဖြစ်ပြီး ဒီသေဆုံးနှုန်းဟာလည်း ၂၀၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ၁.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ သေနတ်ကြောင့်သေဆုံးသော လူဖြူကလေးများရဲ့ ၇၈.၄ ရာခိုင်နှုန်းကတော့ မိမိကိုယ်ကိုယ် သတ်သေမှုကြောင့် ဖြစ်ပါတယ်။

အိမ်တွေမှာ သေနတ်တွေ ပိုရှိလာတာဟာ ကလေးတွေအတွက် ပိုပြီး အန္တရာယ်ကြီးစေပါတယ်။ အမေရိကန်မှာ သေနတ်ဝယ်ယူမှုဟာ ကပ်ရောဂါကာလအတွင်းမှာ မြင့်တက်လာခဲ့ပြီး သေနတ်နဲ့အကြမ်းဖက်မှုတွေလည်း မြင့်တက်လာခဲ့တယ်လို့ Springer Nature ရဲ့ အခြားလေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ ဇန်နဝါရီလ ၂၀၁၈ ခုနှစ်မှ ဖေဖော်ဝါရီလ ၂၀၂၀ ခုနှစ်အတွင်းတွင် အိမ်တွင်းအကြမ်းဖက်မှုမဟုတ်တဲ့ ပြင်ပ၌ သေနတ်ကြောင့် ဒဏ်ရာရနှုန်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာ၌ တစ်လမှာ အမေရိကန် အယောက်တစ်သိန်းမှာ ၀.၉၈ ယောက်နှုန်းပဲ ဖြစ်ခဲ့ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ဆက်နွယ်နေတဲ့ သေနတ်ကြောင့် ဒဏ်ရာရမှုကတော့ အမေရိကန် အယောက်တစ်သိန်းမှာ ၀.၀၅ ယောက် ဖြစ်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်ရဲ့ မတ်လကနေ စတင်ပြီး ဇူလိုင်လအထိမှာ ဒီကိန်းဂဏန်းတွေဟာ ၁.၃၆ နဲ့ ၀.၀၇ အထိ အသီးသီး မြင့်တက်သွားခဲ့ပါတယ်။ 

အမေရိကန် ကလေးသူငယ်ပေါင်း သန်း ၃၀ ခန့်ဟာ သေနတ်ရှိတဲ့ အိမ်တွေမှာ နေထိုင်ကြပြီး ဒါဟာ သေနတ်ကြောင့်ဒဏ်ရာရနိုင်ချေ အန္တရာယ်ကို မြင့်တက်စေတယ်လို့ Springer Nature သုတေသီတွေက ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အခြေအနေအသီးသီး၌ သေနတ်ပစ်ခတ်မှုကြောင့် ကလေးသူငယ်များ သေဆုံးခြင်းမှာ လူကြီးတွေရဲ့ ဖြစ်ရပ်နဲ့ မတူညီတာကတော့ လူကြီးတွေဟာ မိမိကိုယ်ကိုယ် သတ်သေလိုခြင်းကြောင့် ဖြစ်ရတာဖြစ်ပြီး ကလေးသူငယ်များကတော့ လူသတ်ရန်လုပ်ဆောင်မှုရဲ့ နစ်နာသူတွေ ဖြစ်ရတာဖြစ်ပါတယ်။ 

Linko

Ref:In the US, black children face a huge risk of dying from guns |Quartz