【 ဆောင်းပါး 】ပူးပေါင်းလှုပ်ရှား မြစ်မိသားစုဝင်များ

【 ဆောင်းပါး 】ပူးပေါင်းလှုပ်ရှား မြစ်မိသားစုဝင်များ

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် ကံကြမ္မာတူ အသိုက်အဝန်းဖြင့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးရှိသော နိုင်ငံလည်း ဖြစ်ကြသလို မဲခေါင်မြစ်၏ မိသားစုဝင်နိုင်ငံလည်း ဖြစ်ကြသည်။

ကမ္ဘာပေါ်တွင် ၁၂ ခုမြောက် အရှည်ဆုံးမြစ်တစ်စင်းလည်းဖြစ်သလို မိုင်ပေါင်း ၂၇၀၀ ကျော်ရှည်လျားသည့် မဲခေါင်မြစ်သည် တရုတ်နိုင်ငံ၊ တိဗက်ကုန်းမြေမြင့်ဒေသတွင် မြစ်ဖျားခံပြီး တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့် နိုင်ငံများကို ဖြတ်သန်း စီးဆင်းနေသည့် မြစ်လည်းဖြစ်သည်။ တရုတ်နိုင်ငံတွင် “လန်ချန်း”မြစ်ဟုခေါ်သည့် “မဲခေါင်” မြစ်သည် ဖြတ်သန်းစီးဆင်းရာ မိသားစုဝင်နိုင်ငံများကြား ပထဝီအနေအထားအရ ရစ်ပတ်စုစည်းထားပြီး စီးဆင်းရာနိုင်ငံများကြား၌ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ တွေးခေါ်မှုနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာများ၊ နေထိုင်စားသောက်မှုများ အစရှိသည့် သွင်ပြင်လက္ခဏာများမှာလည်း ရစ်ပတ်နှောင်ဖွဲ့၍ နေကြသည်။

ထို့ကြောင့်မြစ်ကြီးတစ်လျှောက် ပထဝီအနေအထားအရ ရစ်ပတ်စုစည်းထားသလိုဖြစ်နေသည့် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသော နိုင်ငံများကို မဲခေါင်မြစ်၏ မိသားစုဝင်နိုင်ငံများဟူ၍လည်း တင်စားခေါ်ဆိုလာကြသည်။ မြန်မာနိုင်ငံရှိ နေပြည်တော်တွင် လွန်ခဲ့သော ၂၀၁၄ ခုနှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့သည့် (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးမှ မြစ်တစ်စင်းဝင်မိသားစုဝင်များအတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လက်တွေ့အခြေအနေအတွက် ဆွေးနွေးမှုများက လက်ရှိတွင်များစွာပိုမိုအရာထင်လာခဲ့သည်။

မြစ်ကြောင်းတစ်လျှောက်တွင် မှီတင်းနေထိုင်သူ ၃၂၆ သန်းကျော်အနက် မဲခေါင်မြစ်ဝှမ်း ငါးနိုင်ငံ၏ တိုးတက်မှုနှုန်းမှာ နှစ်စဉ်ပျမ်းမျှ ၇ ရာခိုင်နှုန်းရှိလာပြီး GDP အနေဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀၀ ကျော် ဖြစ်လာခဲ့သည်။ ဖွံ့ဖြိုး တိုးတက်ရေးနှင့် သက်ဆိုင်သည့် စီမံကိန်းများအပြင် မြစ်ကြောင်းတစ်လျှောက် မိသားစုဝင်နိုင်ငံများအတူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် လုံခြုံရေးကိစ္စကို ဆောင်ရွက်လာကြသည်။ ထို့ကြောင့် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း စသည့် လေးနိုင်ငံမှ ပူးတွဲကင်းလှည့်ရေးအစီအစဉ်ကို မဲခေါင်မြစ်ကြောင်းတစ်လျှောက် လုပ်ဆောင်ရန်စီစဉ်လာကာ ၂၀၁၁ ခုနှစ်မှ အစပြု၍ လက်ရှိအချိန်အထိပင် လုပ်ဆောင်နေကြပြီဖြစ်သည်။

မြစ်ကြောင်းတစ်လျှောက် ပူးပေါင်းကင်းလှည့်မှုနှင့်အတူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများ၊ လုံခြုံရေးတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စများမှ မိသားစုဝင်နိုင်ငံများကြားတွင် အရေးပါလာသလို ပူးပေါင်းဆောင်ရွက်မှုမှာ ခိုင်မာလာခဲ့ကြခြင်းဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ မစတင်မီ မိသားစုဝင် သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ တာဝန်ရှိသူများက မြစ်ကြောင်းတစ်လျှောက် လုံခြုံရေးဆိုင်ရာ လုပ်ဆောင်မည့်ကိစ္စများအတွက် ဗီဒီယိုအစည်းအဝေးဖြင့် ဆွေးနွေးခဲ့ကြပြီး မြစ်ကြောင်းအတွင်း တရားမဝင်လှုပ်ရှားမှုများကို တိုက်ဖျက်ရန် သဘောတူလုပ်ဆောင်ခဲ့ကြသည်။

မြစ်ကြောင်းတစ်လျှောက်တွင် အထောက်အထား စာရွက်စာတမ်း မရှိဘဲ တရားမဝင် ကူးလူးသွားလာကာ ပို့ဆောင်မှုများ၊ မူးယစ်ဆေးဝါးအပါအဝင် တရားမဝင်သယ်ယူရောင်းဝယ်နေသည့် အခြေအနေများ၊ ဆက်သွယ်ရေးဆိုင်ရာ ရာဇဝတ်မှုများကို ဖော်ထုတ်ခြင်း၊ ကျူးလွန်သူများကို ဖမ်းဆီးထိန်းသိမ်းခြင်း စသည့်လုပ်ငန်းများကိုလည်း အတူပူးပေါင်းဆောင်ရွက်လာကြသည်။

ဥပဒေပိုင်းဆိုင်ရာ ကိုင်တွယ်လုပ်ဆောင်နေသည့် ဌာနအသီးသီးက ရေယာဉ်များဖြင့် အဆိုပါ မြစ်ကြောင်းအတွင်း ပူးပေါင်းကင်းလှည့်မှုကို လုပ်ဆောင်နေကြသလို လာအို၊ ထိုင်းနှင့် မြန်မာ သုံးနိုင်ငံဆုံရာ Golden Triangle ဟုခေါ်သော ရွှေတြိဂံဒေသမှ ဖြတ်သန်းသည့် သင်္ဘောများကို ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြသည်။ ထို့ကြောင့် တစ်ချိန်က မူးယစ်ဆေးဝါး ဆိုင်ရာကိစ္စများနှင့် တရားမဝင်ဆိုင်ရာ ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ကိစ္စများ၌ နာမည်ဆိုးရှိခဲ့သော ရွှေတြိဂံဒေသ၌လည်း စစ်ဆေးထိန်းသိမ်းခြင်းများဖြင့် လုပ်ဆောင်နိုင်ခဲ့ကြသည်။

ယခု ၂၀၂၃ ခုနှစ်အတွင်းတွင်လည်း မဲခေါင်မြစ်ကြောင်းအတွင်း ပူးပေါင်းကြပ်မတ်ကာ ကင်းလှည့်သည့် လှုပ်ရှားမှုတစ်ခုကို လွန်ခဲ့သော ဧပြီလကုန်ပိုင်းက လုပ်ဆောင်နိုင်ခဲ့ကြသည်။ ဧပြီ ၂၅ ရက်မှ ၂၈ ရက်အထိ လုပ်ဆောင်ကာ ရက်ကာလ တိုတောင်းသော်လည်း ထိရောက်သည့် စစ်ဆေးကြပ်မတ်မှုများကို ဆောင်ရွက်နိုင်ခြင်းလည်း ဖြစ်သည်။ ထိုပူးပေါင်းကင်းလှည့်လှုပ်ရှားသည့် အစီအစဉ်မှာ ၁၂၈ ကြိမ်မြောက်အဖြစ် လုပ်ဆောင်နိုင်ခဲ့သလို တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံတို့ရှိ ဥပဒေဆိုင်ရာဌာနများအသီးသီးက ရေယာဉ်ခုနစ်စီးနှင့် အဖွဲ့ဝင် ၁၄၉ ဦးတို့ဖြင့် မြစ်ကြောင်းအတွင်းရှိ စုစုပေါင်း ခရီးစဉ် ကီလိုမီတာ ၆၀၀ အတွင်း ပူးတွဲ ကြပ်မတ်ရေးလှုပ်ရှားမှု အစီအစဉ်များကို လုပ်ဆောင်နိုင်ခဲ့ကြသည်။ ထိုသို့သော ပူးတွဲကြပ်မတ်ရေး လှုပ်ရှားမှုအစီအစဉ်မှာ အချိန်တိုအတွင်း အောင်မြင်မှုရခဲ့သလို အစီအစဉ်ပြီးဆုံး၍ တရုတ်သင်္ဘောနှစ်စင်းမှာလည်း တရုတ်နိုင်ငံ ရှစ်ဆောင်ပနားရှိ ကျင်ဟာ ဆိပ်ကမ်းသို့ ချောမောစွာဆိုက်ကပ်ရောက်ရှိခဲ့သည်။

ထိုစစ်ဆေးကြပ်မတ်သည့် ခရီးစဉ်အတွင်းတွင် တရုတ်နှင့် လာအိုရဲတပ်ဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုမှ မော်တော်ယာဉ် စုစုပေါင်း ၁၇၈ စီး၊ လူဦးရေ ၄၅၀ ကျော်နှင့် ကုန်ပစ္စည်းတန်ချိန် ၁၂၀ ကျော်တို့ကို စစ်ဆေး ကြပ်မတ် နိုင်ခဲ့ပြီး မြစ်ကြောင်း တစ်လျှောက်တွင် လုပ်ဆောင်နေသည့် တရားမဝင်သော ပြစ်မှုကျူးလွန်မှုများကို ထိရောက်သည့် တားဆီးနှိမ်နင်းမှုများကို လုပ်ဆောင်နိုင်ခဲ့ကြသည်။ ထို့ကြောင့်ပင် မဲခေါင်မြစ်ဝှမ်းအတွင်း ဒုစရိုက်မှုများ၊ ပြန်ပေးဆွဲကာ လုပ်ဆောင်မှုများ၊ မူးယစ်ဆေးဝါးဆိုင်ရာကိစ္စများ၊ တရားမဝင်ကုန်သွယ်မှုနှင့် တရားမဝင်ကိစ္စရပ်များစွာကိုလည်း ဟန့်တားနိုင်ခဲ့သလို မြစ်ကြောင်းအတွင်း ကူးလူးဆက်နွယ်လုပ်ကိုင်နေသူများအတွက်လည်း ဘေးကင်းလုံခြုံမှုကို ပေးစွမ်းနိုင်ကာ အကျိုးပြုမှုများစေခဲ့သည်။

မဲခေါင်ဒေသအတွင်းရှိ နိုင်ငံများ၏ ဖွံ့ဖြိုးမှုကွာဟချက်လျှော့ချရန် ရည်ရွယ်ချက်များဖြင့် ကြိုးပမ်းဖော်ဆောင်ခဲ့ကြသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များသည် လက်ရှိတွင် အတော်ပင် ခရီးပေါက်လာသည့် အနေအထား တစ်ရပ်သို့ ရောက်ရှိလာခဲ့သလို ယခုလို လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကလည်း အပါအဝင်ဖြစ်ခဲ့သည်။ မဲခေါင်ဒေသအတွင်းက နိုင်ငံများမှာ မြစ်ကြီးတစ်စင်း၏ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကြသည့် မိသားစုဝင်နိုင်ငံများလည်းဖြစ်ပြီး နိုင်ငံများကြားတွင် ရှိနေကြသော အပြန်အလှန်လေးစားယုံကြည်မှုများ၊ တစ်ဦးအပေါ်တစ်ဦးမှ နားလည်ပေးနိုင်မှု၊ တန်းတူရည်တူရှိမှုအပါအဝင် ချစ်ကြည်ရင်းနှီးမှုကို အခြေခံထားကာ နွေးထွေးသည့် ပေါင်းစည်းမှုများလည်းရှိနေကြသည်။ ယခုလို ပူးပေါင်းဆောင်ရွက်မှုများမှ မိသားစုဝင်နိုင်ငံများရှိ ပြည်သူပြည်သားများကြား အနာဂတ်ကာလ၌ ဘေးကင်း၍ လုံခြုံစိတ်ချသော အခြေအနေကောင်းများကို မလွဲမသွေကြုံလာနိုင်မည်ကို ရေးသားလိုက်ရပေတော့သည်။

ဧပရယ်လ်