【 ဆောင်းပါး 】 ပို့ကုန်သွင်းကုန်နှင့် နှစ်နိုင်ငံကုန်သွယ်ရေး

【 ဆောင်းပါး 】 ပို့ကုန်သွင်းကုန်နှင့် နှစ်နိုင်ငံကုန်သွယ်ရေး

ကိုဗစ်-၁၉ ကာလအပြီး ကန့်သတ်ချက်များ ဖြေလျှော့လာသော အခြေအနေများကြောင့် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး စီးဆင်းမှုများ တဖြည်းဖြည်း ကုန်သွယ်မှုပိုမိုမြန်ဆန်လာခဲ့ပါသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန်လကုန်အထိ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၅ ဘီလီယံကျော် ရရှိခဲ့ပြီး၊ ယခင်နှစ်ကာလတူကထက် ၃၇ ဒသမ ၈၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံက အဓိက ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအခြေအနေမှာ ဧပြီ ၁ ရက်မှ ဇူလိုင် ၂၁ ရက်အထိ ပို့ကုန်အားဖြင့် အမေရိကန်ဒေါ်လာ ၆၈၃ ဒသမ ၁၀၄ သန်း တင်ပို့ခဲ့ပြီး၊ သွင်းကုန်အားဖြင့် အမေရိကန်ဒေါ်လာ ၅၄၅ ဒသမ ၅၉၉ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၂၂၈ ဒသမ ၇၀၃ သန်းရှိ၍ ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၄၇၂ ဒသမ ၈၈၇ သန်း ကုန်သွယ်မှု တိုးလာသည်ဟု စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေး စာရင်းများအရ သိရသည်။

ရွှေလီအကောက်ခွန်ဌာန၏ အကောက်ခွန်စာရင်းများအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအထိ တရုတ်-မြန်မာ နယ်စပ်ရှိ ရွှေလီနယ်စပ်ဂိတ်တွင် သွင်းကုန်ပမာဏ တန်ချိန် ၅ ဒသမ ၆၆၁ သန်းရှိ၍ ယခင်နှစ်ကာလတူ ထက် ၆ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာပြီး ပို့ကုန်ပမာဏ တန်ချိန် ၄၆၀၀၀ ကျော် ရှိ၍ ယခင်နှစ်ကာလတူထက် ၁၅၈ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်ဟု ဖော်ပြခဲ့သည်။ရွှေလီနယ်စပ်ဂိတ်တွင် ငါးလအတွင်း ကုန်သွယ်မှုကောင်းမွန်လာခဲ့ပြီး ပို့ကုန်အမျိုးအစား ယခင်နှစ်က ၁၈၄ မျိုးမှ ယခုနှစ်တွင် ၁၆၉၈ မျိုးအထိ တိုးတက်လာခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းက အများဆုံးကုန်သွယ်မှုပြုလုပ်ရသည့် ဂိတ်ဖြစ်သည်။မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေမှာ ဧပြီ၁ ရက်မှ ဇူလိုင် ၂၁ ရက်အထိ ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၃၈ ဒသမ ၉၄၂ သန်းရှိပြီး၊ ယခင်နှစ် ကာလတူတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၅၃ ဒသမ ၃၃၁ သန်း တင်ပို့နိုင်ခဲ့၍ ယခင်နှစ်ကာလတူထက် အနည်းငယ်လျော့ကျခဲ့သည်။သွင်းကုန်အခြေအနေမှာ အမေရိကန်ဒေါ်လာ ၂၅၃ ဒသမ ၂၄၀ သန်း တင်သွင်းခဲ့၍ ယခင်နှစ်ကာလတူထက် ပိုမိုတင်သွင်းနိုင်ခဲ့သည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဧပြီ ၁ ရက်မှ ဇူလိုင် ၂၁ ရက်အထိ ပို့ကုန်အားဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇၁၇ သန်း၊ သွင်းကုန်အားဖြင့် ၁၄ ဒသမ ၀၉၂ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၈၀၉ သန်းရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုကျဆင်းခဲ့ကြောင်း သိရသည်။

ကံပိုက်တည်ကုန်သွယ်ရေးစခန်းတွင် ဧပြီ ၁ ရက်မှ ဇူလိုင်၂၁ ရက်အထိ ပို့ကုန်အားဖြင့် အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၂၃၆ သန်း၊ သွင်းကုန်အားဖြင့် ၆ ဒသမ ၇၃၁ သန်း၊ ကုန်သွယ်မှုပမာဏ ၅၂ ဒသမ ၉၆၇ သန်းရှိ၍ ယခင်နှစ်ထက် တရုတ်နှင့်ကုန်သွယ်မှု ပိုမိုတိုးတက်ခဲ့သည်။

ဧပြီ ၁ ရက်မှ ဇူလိုင် ၂၁ ရက်နေ့အထိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတွင် ပို့ကုန်အားဖြင့် အမေရိကန် ဒေါ်လာ ၈၄ ဒသမ ၈၅၂ သန်း၊ သွင်းကုန်အားဖြင့် အမေရိကန်ဒေါ်လာ ၂၇၀ ဒသမ ၁၈၄ သန်း ၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၅၅ ဒသမ ၀၃၆ သန်း ဆောင်ရွက်ခဲ့ပြီး ယခင်နှစ်ထက် ကုန်သွယ်မှုများ တိုးတက်လာသည်။

ကျိုင်းတုံနယ်စပ်ကုန်သွယ်စခန်းအခြေအနေမှာ ဧပြီ ၁ ရက်မှ ဇူလိုင် ၂၁ ရက်အထိ ပို့ကုန်အားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၅၇ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်အားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၅၂ သန်း၊ ကုန်သွယ်မှုပမာဏ ၂ ဒသမ ၇၀၉ သန်း ရှိ၍ ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးမှ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်ပစ္စည်းများကို အဓိကတင်သွင်းပြီး တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို တင်သွင်းကြသည်။

ဗဟိုဘဏ်မှ ပို့ကုန်လုပ်ငန်းရှင်များအတွက် ယခင်က ၎င်းတို့ ပို့ကုန်ဝင်ငွေ ၆၅ ရာခိုင်နှုန်းအား ဗဟိုဘဏ် ရည်ညွှန်း ငွေလဲနှုန်းဖြင့် ပြည်တွင်းသုံးငွေအဖြစ် ပြောင်းလဲရန် သတ်မှတ်ထားသော်လည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းများကို ဇူလိုင်လအတွင်း ဖြေလျှော့ပေးခဲ့သဖြင့် ပို့ကုန်တင်ပို့မှုမှ ရရှိငွေပမာဏကို ၅၀ ရာခိုင်နှုန်းသို့ ဖြေလျှော့ပေးခဲ့သည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်စနစ်ဖြင့် သြဂုတ် ၁ ရက်မှစတင်၍ ကျင့်သုံးဆောင်ရွက်နေပြီဖြစ်ပြီး ကုန်သွယ်မှုများ ပိုမိုသွက်လက်မြန်ဆန်နိုင်မည့် အခြေအနေများဖြစ်လာစေရန် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များက မျှော်လင့်လျက်ရှိသည်။

အမွန်
Photo – Maung Ku