【 ဆောင်းပါး 】 ဖွံ့ဖြိုးတိုးတက်လာနေသည့် အခြေခံအဆောက်အအုံကဏ္ဍ

【 ဆောင်းပါး 】 ဖွံ့ဖြိုးတိုးတက်လာနေသည့် အခြေခံအဆောက်အအုံကဏ္ဍ

မြန်မာနိုင်ငံနှင့် နယ်မြေဒေသချင်း ထိစပ်နေမှုသာမကဘဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးရှိခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စီမံကိန်းများ လာရောက်ရင်းနှီးမြှုပ်နှံကာ လုပ်ဆောင်မှုအပါအဝင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် အကူအညီများပေး၍ လုပ်ဆောင်နေလျက်ရှိသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ပူးပေါင်း၍လည်း တရုတ်နိုင်ငံမှ IPRCC က ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်းကို လုပ်ဆောင်ခြင်းများရှိသည်။

တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံများ၊ ပူးပေါင်းဆောင်ရွက်မှုများကို မျှဝေဖလှယ်ခြင်းမှ ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်မျိုးဖြင့် ယင်းစီမံကိန်းကို အကောင်အထည်ဖော်ကာ ဆောင်ရွက်ခြင်းများရှိသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂၀၁၄ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ+၃ ထိပ်သီးအစည်းအဝေး ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Li  Keqiang က ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအစီအစဉ် ဆောင်ရွက်ရန် အဆိုပြုခဲ့သည့် အခြေအနေမှ ယင်းစီမံကိန်း ဖြစ်ပေါ်လာခဲ့သည်။ထိုပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအစီအစဉ် (Action Plan) ကိုလည်း ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလက လာအိုနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၂) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေး (12thSOMRDPE) တွင် အတည်ပြုခဲ့ကြသည်။

ထိုမှ ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်းကို လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယား စသည့် နိုင်ငံတို့တွင် ၂၀၁၆ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စီမံကိန်းဆိုင်ရာ နှစ်ဘက်သဘောတူညီချက် စာလွှာ (Exchange Letter) ကို မြန်မာနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်တွင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။သုံးနှစ်တာ အကောင်အထည်ဖော်သည့် စီမံကိန်းတစ်ခုဖြစ်သော်လည်း တိုးတက်အောင်မြင်မှုများ ရှိလာခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။

ထိုစီမံကိန်းတွင် အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ၊ အိမ်ထောင်စုချင်းအလိုက် အသက်မွေးဝမ်းကျောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများ၊ အတွေ့အကြုံ မျှဝေဖလှယ်ခြင်းလုပ်ငန်းများ၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးနှင့် အကြံပေးငှားရမ်းခြင်း၊ စီမံကိန်း စီမံခန့်ခွဲခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေး စသည့် အခြေခံအဆောက်အုံကဏ္ဍအတွက် ငွေကြေးအကူညီပေးခြင်း၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများပေးခြင်းတို့ကို နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ CIDCA (China International Development Cooperation Agency) မှလည်း လုပ်ဆောင်ပေးခဲ့သည်။

ကပ်ရောဂါကာလကလည်း လူသားချင်းစာနာထောက်ပံ့မှု အကူအညီများအပါအဝင် အကူအညီများစွာကိုလည်း ပံ့ပိုးပေးခဲ့သည်။တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးအကူအညီပေးရာတွင် လွန်ခဲ့သော ၁၀ နှစ်ကျော်ကာလလောက်ဖြစ်သည့် ၂၀၁၃ ခုနှစ်ကုန်အထိ စာရင်းတွင် Complete Project စီမံကိန်းပေါင်း ၃၀ ကျော် နည်းပညာပူးပေါင်းဆောင်ရွက်မှုစီမံကိန်း၊ သီးခြားတစ်မျိုးတည်း ကုန်ပစ္စည်းအထောက်အပံ့ အစရှိသည့် ကူညီမှုများ လုပ်ခဲ့သည်။

ယင်းအနက်တွင် စိုက်ပျိုးရေး၊ စက်မှုလက်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ်၊ အားကစား၊ ယဉ်ကျေးမှု၊ ပညာရေး၊ မူးယစ်ဆေးဝါး ပပျောက်ရေး၊ ဇီ၀နည်းပညာနယ်ပယ်များ စသည့် ကဏ္ဍအသီးသီးလည်း ပါဝင်ခဲ့သလို ဒေသခံပြည်သူများ၏ လူနေမှုဘဝကို ထိရောက်စွာ အထောက်အကူများ ဖြစ်စေခဲ့သည်။

ထိုကဏ္ဍများစွာအနက်တွင် ဆက်သွယ်ရေးနယ်ပယ်၌ ကူညီမှုမှာ သာဓကအားဖြင့် မြန်မာ့ဆက်သွယ်ရေး အဓိကကွန်ရက်စီမံကိန်း (၂) ကို တရုတ်အစိုးရ၏ အတိုးနှုန်းသက်သာသော ချေးငွေဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဖိုင်ဘာကြိုးလိုင်း ကီလိုမီတာ ၂၁၀၀ ကို ဆက်သွယ် တည်ဆောက်နိုင်ခဲ့သလို တယ်လီဖုန်းလိုင်း ၈၀,၀၀၀ ဝန်ဆောင်မှုကို ရရှိစေခဲ့သည်။ Greater Mekong Sub-region Information Superhighway မြန်မာပိုင်းစီမံကိန်း (၁) ကို ကူညီတည်ဆောက်ပေးမှုမှ မြန်မာ့မိုဘိုင်းဖုန်းလိုင်းဝန်ဆောင်မှု ၁ ဒသမ ၂ သိန်းနှင့် တယ်လီဖုန်းလိုင်း ၃၅,၀၀၀ ကို တိုးမြှင့်ပေးနိုင်ခဲ့သည်။

တရုတ်ဘက်မှ အကူအညီပေးဆောင်ရွက်ရာတွင် များပြားလှသော ငွေရေးကြေးရေးသာမက နည်းပညာနှင့် ပစ္စည်းကိရိယာများလည်း ပါဝင်ခဲ့သလို ပညာသင်များခေါ်ယူ သင်ကြားခြင်းများဖြင့်လည်း လုပ်ဆောင်ပေးလာခဲ့သည်။ထိုအကူအညီများကြောင့်လည်း စီမံကိန်းများ ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တွင်းအပါအဝင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး စသည့် မြို့များသို့ ဆက်သွယ်ထားသည့် ဆက်သွယ်ရေးအခြေခံ အဆောက်အအုံများကို အဆင့်မြှင့်တင်နိုင်ခဲ့သလို National Gateway နှင့် ISP များ အဆင့်မြှင့်တင်နိုင်ခြင်း၊ အထူးစီးပွားရေးဇုန်မှ ဆက်သွယ်ရေးအခြေခံ အဆောက်အအုံများတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြသည်။

မကြာသေးမီကာလကလည်း အာဆီယံပေါင်းစည်းမှု တည်ဆောက်ရေးကို ပံ့ပိုးကူညီရန် တရုတ်နိုင်ငံအစိုးရက Initiative for ASEAN Integration (IAI) အရ တိရစ္ဆာန်ရောဂါဓာတ်ခွဲခန်းစီမံကိန်း ဖော်ဆောင်ပြီး မြန်မာနိုင်ငံရှိ နေပြည်တော်နှင့် ကမ္ဘောဒီးယားနိုင်ငံရှိ ဖနွမ်းပင်မြို့တို့တွင် တိရစ္ဆာန်ရောဂါ ဓာတ်ခွဲခန်းတစ်ခုစီကို ကူညီတည်ဆောက်ပေးကာ သက်ဆိုင်ရာ ဓာတ်ခွဲခန်းသုံး စက်ကိရိယာများနှင့် လုပ်ကိုင်ဆောင်ရွက်မည့်သူများအတွက် လေ့ကျင့်သင်တန်းပေးခြင်းတို့ကို စီစဉ်ဆောင်ရွက်လျက်ရှိသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကောင်းမွန်ရေး၊ မြန်မာပြည်သူများ ကောင်းမွန်ရေး သဘောတရားကို အမြဲလက်ကိုင်စွဲပြီး မြန်မာပြည်သူများအတွက် ကူညီပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိသလို လက်ရှိဆောင်ရွက်နေဆဲ ကူညီပံ့ပိုးမှု စီမံကိန်းများသည် စိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ယဉ်ကျေးမှု၊ အနုပညာ၊ ပညာရေး စသည့် နယ်ပယ်များစွာကို လွှမ်းခြုံနေပြီး မြန်မာပြည်သူများ၏ အကျိုးစီးပွားကို လက်တွေ့ကျကျ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ဆိုထားသည်။

ထို့အပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နှင့်ပတ်သက်၍လည်း ဆက်စပ်နေသည့် စီမံကိန်းကြီးများကို ဆက်လက်အကောင်အထည်ဖော်ရန် စီစဉ်လုပ်ဆောင်နေကြပြီး စီးပွားရေးစင်္ကြံ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းတို့ကို ဆက်သွယ်ပေးမည့် ကီလိုမီတာ ၈၀၀ ကျော် ရှည်လျားသော မူဆယ်-ကျောက်ဖြူ ရထားလမ်း စီမံကိန်းအတွက်လည်း စီစဉ်လုပ်ဆောင်နေလျက်ရှိသည်။

ထိုစီမံကိန်းတွင် ပထမအပိုင်းဖြစ်သည့် မူဆယ်မှ မန္တလေးအထိ (၄၃၁) ကီလိုမီတာရှိသော ရထားလမ်းကို အမေရိကန်ဒေါ်လာ ၈ ဒဿမ ၉ ဘီလီယံ အသုံးပြုရန် ခန့်မှန်းတွက်ချက်ထားသည်ဟု သတင်းများ၌ ဖော်ပြထားသလို ဒုတိယအပိုင်းဖြစ်သည့် ကီလိုမီတာ ၃၈၀ ခန့်ရှိသော မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်းအတွက်လည်း တရုတ်အစိုးရပိုင် China Railway Eryuan Engineering Group (CREEG) နှင့် မြန်မာ့ မီးရထား၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ ပါဝင်သည့် ပူးပေါင်းလုပ်ငန်းကော်မတီတို့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီးဖြစ်သလို မည်သည့်မြို့နယ်များကို  ရထားလမ်းပိုင်း ဖြတ်သန်း၍ ဖောက်လုပ်မည်ဆိုသည့်အပေါ် ဆွေးနွေးခြင်းများရှိခဲ့သည်။

တရုတ်နိုင်ငံသည် တခါးဖွင့်ပေါ်လစီကို ကျင့်သုံးပြီးနောက်တွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။လက်ရှိတွင် အိမ်နီးချင်းနိုင်ငံများ၏ ကုန်သွယ်မှုပမာဏ အကြီးဆုံးသော လုပ်ဖော်ကိုင်ဖက် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သလို အကြီးမားဆုံးသော ပို့ကုန်စျေးကွက်ဖြစ်တည်ရာ နိုင်ငံလည်းဖြစ်သည်။

လက်ရှိတွင်လည်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် BRI တည်ဆောက်ရေးကို ဖော်ဆောင်နေပြီး နှစ်နိုင်ငံလူမှုစီးပွားနှင့် ပြည်သူများ၏ လူနေမှုဘဝအကျိုးဖြစ်ထွန်းမှုကို မြှင့်တင်သွားမည်ဟူ၍လည်း ပြီးခဲ့သော ၂၀၂၃ ခုနှစ်ကုန်ပိုင်းကာလများက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော (၃) ကြိမ်မြောက် တရုတ်-မြန်မာ နှစ်နိုင်ငံ မီဒီယာများတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံမှူးကြီး Dr Zheng Zhihong က အခိုင်အမာ အသိပေး ပြောကြားထားသည်ကိုလည်း မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုများအပါအဝင် မိုခါမုန်တိုင်းဒဏ် ရင်ဆိုင်ရချိန်များ၌ ကူညီမှုများရှိခဲ့သလို သုဝဏ္ဏအားကစားရုံ၊ အမျိုးသားဇာတ်ရုံ ပြုပြင်တည်ဆောက်ခြင်း၊ နေပြည်တော်ရှိ ရောဂါထိန်းချုပ်ရေးဗဟိုဌာန တည်ဆောက်ခြင်း အစရှိသည့် ကူညီမှုများမှာ ထင်ရှားစွာမြင်တွေ့နိုင်မည်ဖြစ်သည်။

တရုတ်-မြန်မာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ကာ လုပ်ဆောင်နေလျက်ရှိသည်။မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ကုန်ပစ္စည်း ထုတ်ကုန်များကလည်း တရုတ်နိုင်ငံသို့ ပမာဏပိုမိုများပြားစွာ တင်ပို့လာနိုင်ခဲ့သလို နယ်စပ်ဖြတ်ကျော်၍ ဘဏ်အချင်းချင်းကြားတွင် ယွမ်ငွေပေးချေမှုစနစ် (CIPS) ဖြင့်လည်း စတင်အသုံးပြုနိုင်ခဲ့ခြင်းကြောင့် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ  ပူးပေါင်းဆောင်ရွက်မှုများမှာ နှစ်နိုင်ငံပြည်သူများအပေါ် လက်တွေ့ကျစွာ အကျိုးပြုလာစေခဲ့သည်။

တရုတ်-မြန်မာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို ဆက်လက်၍ဆောင်ရွက်နေခြင်းများလည်းရှိရာ မြန်မာ့စီးပွားရေးကဏ္ဍနယ်ပယ်အပါအဝင် Infrastructure ကဏ္ဍများစွာ၌ ကျွဲကူးရေပါ ဆိုစကားကဲ့သို့ပင် လိုက်ပါ၍ တိုးတက်မှု အခွင့်အလမ်းကောင်းများ ပိုင်နိုင်မည်ဟုလည်း ရေးသားလိုက်ရပေသည်။

ဧပရယ်လ်