【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】ရှုပ်ရှုပ်ထွေးထွေးကမ္ဘာ့နိုင်ငံရေး

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】ရှုပ်ရှုပ်ထွေးထွေးကမ္ဘာ့နိုင်ငံရေး

ဒီတစ်ပတ်မှာ ဖြစ်ခဲ့သည့် နိုင်ငံတကာသတင်းများကိုကြည့်မယ်ဆိုရင် အဓိကအားပြိုင်နေသည့်အင်အား စုများအကြားထိတွေ့မှုများဖြစ်လာနေသည်ကို တွေ့ရမည်ဖြစ်သလို အင်အားကြီးနိုင်ငံများ ထိပ်တိုက်တွေ့မှုကို အခွင့်ကောင်းယူကာ အီရန်၊မြောက်ကိုရီးယားကဲ့သို့ နိုင်ငံများက စစ်ရေးစွာလာသလို ၊ ဆော်ဒီစသည့် ရေနံနိုင်ငံ များက ရေနံစျေးနူန်းကို ကိုင်ကာ ကမ္ဘာ့စီးပွားရေးကို လှုပ်ခတ်လာနေသည်ကိုတွေ့ရသည်။ ထိုသည်က ယနေ့ နိုင်ငံတကာအခင်းအကျင်းဖြစ်သည်။

ယခုတစ်ပတ်တွင် တရုတ်၌ ကျင်းပသည့် ဘိုအာဖိုရမ်ကို စပိန်ဝန်ကြီးချုပ်၊စင်ကာပူနိုင်ငံဝန်ကြီး ချုပ်လီ ရှန်လွန်း၊ မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်နဝါအီဘရာဟင်၊ စပိန်နိုင်ငံဝန်ကြီးချုပ်ပီဒရိုဆန်းချက်ဇ်၊ ကုတ်ဒီဗွား နိုင် ငံဝန်ကြီးချုပ်အာချီတို့ တက်ရောက်ခဲ့သလို ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ တရုတ်လျှပ်တပြက်ခရီးစဉ်လည်း ပေါ် ပေါက်လာခဲ့သည်။ ဥရောပတွင်မှု ပေါ်တူဂီနိုင်ငံ၌ လောင်စာစျေးနူန်းကြီးမြင့်မှုကြောင့် နောက်ဆက်တွဲဖြစ်လာ သည့် အိမ်ရာအကျပ်အတည်းကြောင့် ဆန္ဒပြပွဲများဖြစ်သည်။ အစ္စရေးတွင် အုပ်ချုပ်ရေးကို တရားစီရင်ရေးက ထိန်းထားသည်ကို ပြင်ရန် ကြိုးစားရာမှ ဆန္ဒပြပွဲများဖြစ်ပြီး ဥပဒေပြင်ရန် အားထုတ်မှုကို ရပ်ဆိုင်းထားရသည်။ ကာလရှည်စွာ တူရကီဘက်က ကန့်ကွတ်မှုကြောင့် ရပ်တန့်နေသည့် ဖင်လန်နိုင်ငံ NATO အဖွဲ့ထဲဝင်ရန်ကြိုးစားမှု မှာ တူရကီပါလီမန်က ထောက်ခံသဖြင့် ဝင်ခွင့်ရသွားပြီ ဖြစ်သည်။ ဆွီဒင်မှာမှု တူရကီနှင့် ညှိနိုင်းနေရဆဲ ဖြစ်သည်။

အာရှတွင်မှု အဖြစ်အပျက်များက စိတ်ပျက်စရာများသည်။ မြောက်ကိုရီးယားတွင် ပြည်သူများလက်ထဲ တောင်ကိုရီးယားဗီဒီယိုလက်ဝယ်ရှိသူများ၊မူးယစ်ဆေးဝါးသုံးသူများကို ကွပ်မျက်နေသည်။ ဖိလစ်ပိုင်တွင် ကူးတို့ သင်္ဘောညဘက်မီးလောင်သဖြင့် ခရီးသည်များရေထဲ ခုန်ချရာမှ ၁၂ ဦးသေဆုံးကာ  ၇ ဦးပျောက်ဆုံးခဲ့သည်။ အာဖဂန်တွင် တာလီဘန်များက အမျိုးသမီးများကျောင်းတက်ခွင့်ကို ယခုနှစ်ကျောင်းဖွင့်ချိန်တွင်လည်း ဆက်ပိတ် ထားခဲ့သည်။ထိုသို့သော အခြေအနေတွင် ယူကရိန်းစစ်ပွဲက ပြင်ဆင်မှုတွေ လုပ်နေသည်ကို နှစ်ဘက်လုံးတွင် တွေ့ နေရခြင်းက ကမ္ဘာ့အတွက် ပို၍စိတ်ရှုပ်စရာခေတ်ပျက်ဆီသို့ ဦးတည်နေသည်ကို မြင်ရသကဲ့သို့ ရှိနေပေသည်။

နျူကလီးယားနဲ့ ခြိမ်းခြောက်မှုက စိုးရိမ်စရာဖြစ်လာပြီလား

ဒီတစ်ပတ်မှာ ရုရှားနဲ့ မြောက်ကိုရီးယားအကြား စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေက နိုင်ငံတကာ အတွက် စိုးရိမ်စရာဖြစ်လာပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ အိမ်ဖြူတော် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူ ဂျွန်ကာဘီက မြောက်ကိုရီးယားနဲ့ ရုရှားအကြား ‘လက်နက်နဲ့ စားနပ်ရိက္ခာလဲလှယ်မှု’ကို စောင့်ကြည့်နေကြောင်း ပြောခဲ့ပြီး ဆ လိုဗက်ကီးယားလက်နက်ကုန်သည်ရဲ့ အကူအညီနဲ့ မြောက်ကိုရီးယားကနေ ရုရှားဘက်က လိုအပ်ချက်ကြီးနေတဲ့ လက်နက်ခဲယမ်းတွေ ရရှိဖို့ အားထုတ်လာနိုင်တာကို သတိပေးခဲ့ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့ အချိန်ကစပြီး မြောက်ကိုရီးယားဟု ရုရှားရဲ့ မဟာမိတ်ဖြစ်လာနေ တယ်ဆိုပါတယ်။ မကြာသေးခင်ကဆိုရင် ရုရှားရဲ့  အာကာသအေဂျင်စီ အကြီးအကဲဟောင်း ဒီမီထရီ ရိုဂိုဇင်က နိုင်ငံတကာ ပိတ်ဆို့မှုတွေကြောင့် ထုတ်လုပ်ဖို့ခက်နေတဲ့ လက်နက်ခဲယမ်းတွေကို မြောက်ကိုရီးယားဆီက နေ အလွယ်တကူဝယ်ယူနိုင်တာမို့ အိမ်နီးချင်းသာမက စစ်ရေးမဟာမိတ်နိုင်ငံအဖြစ် သတ်မှတ်ကြေညာဖို့ အချိန် တန်ပြီလို့ ပြောခဲ့ပါတယ်။ဒါအပြင် မြောက်ကိုရီးယားရဲ့ အသင့်ထုတ်လုပ်ပြီးသား လက်နက်ခဲယမ်းတွေ၊ အ မြှောက်ကျည်တွေ၊ အတွဲလိုက်ဒုံးကျည်တွေဟာ ရုရှားရဲ့ အထူးစစ်ဆင်ရေးအတွက် အများကြီး အထောက် အကူပြုမှာ သေချာတယ်လို့ပြောခဲ့တာရှိလို့ အစားအစာ ပြတ်လပ်နေတဲ့ မြောက်ကိုရီးယားနဲ့ လက်နက်ခဲ ယမ်းကုန်ခန်းနေတဲ့ ရုရှားကြား  “စားစရာ ရိက္ခာနဲ့ ပစ်စရာ လက်နက်ခဲယမ်း” အပြန်အလှန်လဲလှယ်ဖို့ ပြင် ဆင်နေတယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့ မတ်လ ၃၁ ရက်က စွပ်စွဲပြောဆိုမှုဟာ အကြောင်းမဲ့တော့ မဟုတ် ပါဘူး။

တခြားအခြမ်းဖြစ်တဲ့ ယူကရိန်းနဲ့ အနောက်အုပ်စုဘက်မှာတော့ ရုရှားနဲ့နေတိုးအကြား ချုပ်ဆိုထား တဲ့ စာချုပ်ကို ဖျက်သိမ်းဖို့အထိ NATO အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ အက်စတိုးနီးယားက တောင်းဆိုနေတာကို တွေ့ရသလို ယူကရိန်းကိုပါ NATO အဖွဲ့ဝင်နိုင်ငံအဖြစ် ဘူခါရက် ၉ နိုင်ငံလို့ခေါ်တဲ့ တချိန်က ဆိုဗီယက်လက် အောက်ခံတွေဖြစ်တဲ့ ဘူလ်ဂေးရီးယား၊ ချက်သမ္မတနိုင်ငံ၊ အက်စ်တိုးနီးယား၊ ဟန်ဂေရီ၊ လတ်ဗီးယား၊ လစ်သူ ယေးနီးယား၊ ပိုလန်၊ ရိုမေးနီးယားနဲ့ စလိုဗက်ကီးယားနိုင်ငံတွေက ဦးဆောင်ဖို့အထိကို ပြောလာတာတွေ့ရ ပါတယ်။

ဒီတစ်ပတ်မှာ ယူကရိန်းကိုရောက်လာရင် မြေပေါ်တောင်မရောက်စေရဖူးလို့ ရုရှားက ကျုံးဝါးခဲ့တဲ့ ဂျာမနီထုတ် လီယိုပတ် ၂ တင့်ကားတွေ ယူကရိန်မြေရောက်လာသလို ဗြိတိန်က Challenger 2 တင့်ကား တွေလည်း ယူကရိန်းကိုရောက်လာနေပါတယ်။ ဘီလာရုစ်မှာ ရုရှားက ဗျူဟာမြောက် နူကလီးယားလက် နက်တွေ ဖြန်ကြက်ချထားဖို့ အတည်ဖြစ်လာချိန်မှာ ယူကရိန်းနိုင်ငံထဲ အမေရိကန်ရဲ့ နူကလီးယားလက်နက် တွေချထားဖို့ အွန်လိုင်းတောင်းဆိုမှုတွေ ဖြစ်လာနေပါတယ်။

ရုရှားရဲ့ စစ်သားစုဆောင်းမှု

ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုးဂူဟာ မတ်လ ၂၈ ရက်က ချေလီယာဘင့်စ်နဲ့ နဲ့ ကိရော့ ဒေသက စစ်တပ်စက်မှုဇုံတွေကို သွားရောက်ပြီး လက်နက်ခဲယမ်း ထုတ်လုပ်မှု အခြေအနေကို သွားရောက် စစ်ဆေးတာကို ရုရှားစစ်တပ် သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုထုတ်ပြန်ရာမှာ ရုရှားစစ်တပ်အတွက် လက်နက်ခဲယမ်းတွေကို လိုတာထက် အဆ ၈ ဆ ပိုမိုထုတ်လုပ်နိုင်တော့မယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒါပေမယ့် အဲဒီစက်ရုံတွေမှာ သုံးဖို့လုပ်သားလိုအပ်ချက်အတွက် ရုရှားအကျဥ်းသားတွေကို ခေါ်ယူခိုင်းစေဖို့ ရုရှားအကျဥ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အာကဒီ ဂူစတဗ်က အဆိုပြုခဲ့ပါတယ်။ ယူကရိန်း စစ်မြေပြင်ကိုတောင် အ ကျဥ်းသားတွေ ပို့နေချိန်မှာ ကျန်အကျဥ်းသားတွေကိုလည်း စစ်လက်နက်စက်ရုံတွေက ခေါ်ယူတာဝန်ပေး သင့် တယ်လို့  ဂူစတဗ်ပြောခဲ့တာကို ဒူးမားလွှတ်တော် ရေးရာကော်မတီက ထောက်ခံထားပါတယ်။

ယူကရိန်းအရှေ့ပိုင်း ဘတ်ခ်မွတ်ဟာ အခုထိ ဘယ်သူလက်ထဲကျရောက်နေသလဲဆိုတာ မသိရပေ မယ့် နှစ်ဘက်လုံးထိခိုက်ကျဆုံးမှုက ဒုတိယကမ္ဘာ့စစ်နောက်ပိုင်း အပြင်းထန်ဆုံးစစ်မြေပြင်အဖြစ် သတ်မှတ် နေတာကိုကြည့်ရင် သိနိုင်ပါတယ်။ ဧပြီ ၂ ရက်မှာ ဘတ်ခ်မွတ်ကို ရုရှားဘက်ကနေ တိုက်ပေးနေတဲ့ ဝက်ဂနာ ကြေးစားတပ်ပိုင်ရှင်က ဘတ်ခ်မွတ်မှာ ရုရှားအလံစိုက်ထူနိုင်ပြီလို့ဆိုပါတယ်။ ဒါပေမယ့် ဗြိတိန်ထောက်လှမ်း ရေးနဲ့ အရပ်ဘက်တွေကတော့ ဘတ်ခ်မွတ်မှာ ရုရှားရဲ့နွေဦးထိုးစစ်ဟာ ထင်သလို မဖြစ်ခဲ့ဘူးဆိုတာကိုသာ ပြောခဲ့ပါတယ်။ 

ဒါဟာ ဘတ်ခ်မွတ်မှာ ရုရှားတပ်အထိနာနေတယ်ဆိုတဲ့ လက္ခဏကို ပြနေတာပါဘဲ။ မတ် ၃၀ ရက်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်ကြား လူငယ် ၁၄၇,၀၀၀ (တစ်သိန်း လေး သောင်း ခုနစ်ထောင်) နွေဦးရာသီမှာ စစ်မှုထမ်းရမဲ့ ဥပေဒအမိန့်ကို လက်မှတ်ထိုးခဲ့ပါတယ်။ အခုအမိန့်ဟာ ပုံမှန် စစ်မှုထမ်းအမိန့်ဖြစ်ပြီး စစ်မှုထမ်းလူငယ်တွေကို စစ်မြေပြင်ကို ပို့မှာမဟုတ်ဘူးလို့ပြောပေမယ့် ရုရှား ပြည်တွင်းမှာတော့ အတော်လေးကို ဂယက်ရိုက်နေပါတယ်။ ရုရှားဘက်မှာ စစ်တိုက်လို့ မနိုင်ရင် တရားခံရှာ တဲ့ လုပ်ရပ်ဟာ ဗဟိုကချုပ်ကိုင်တဲ့ နိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်ပါ။ ရုရှားမှာလည်း ဒီလိုဖြစ်ရပ် တွေ မကြာခဏဖြစ်နေတာမှာ ဒီတစ်ပတ်မှာ ရုရှားရေတပ်ဌာနအကြီးအကဲကိုခရိုင်းမီးယားတံတားတိုက် ခိုက်ခံရမှုကြောင့်ဖမ်းဆီးခဲ့သလို ဘရန့်စ်ပြည်နယ်က လက်ထောက်အုပ်ချုပ်ရေးမှူးနှစ်ဦးကို ကတုတ်ကျင်း တူးဖော်ရေး စီမံကိန်းငွေ အလွဲသုံးစားလုပ်မှုနဲ့ ဖမ်းခဲ့ပါတယ်။

မကြာသေးခင်က  ယူကရိန်းစစ်မြေပြင်ကိုပို့မဲ့ရုရှားစစ်တပ် ထောက်ပံ့ရေးလမ်းကြောင်းတွေ နှင်း မုန်တိုင်းကြောင့် မိုင် ၃၀ ကျော်ရှည်တဲ့ ကားတန်းတွေ နှင်းတောထဲမှာ ပိတ်မိရပ်ဆိုင်းသွားသလိုမတ်လ ၂၉ ရက် မနက်အစောပိုင်းမှာ ယူကရိန်းစစ်တပ်က ဟိုင်းမားစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်လို့ မယ်လစ်တိုပိုမြို့က မီးရထားဘူတာရုံနဲ့ စက်ခေါင်းသိုလှောင်ရုံတွေ ထိခိုက်ပျက်စီးခဲ့တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ မတ်လ ၂၆ ရက်မှာ ယူကရိန်းနိုင်ငံ ခါဆွန်စစ်မြေပြင်ကို သွားမယ့် ရုရှား Z-STS Akhmat တိုက်ခိုက်ရေးစစ်သည်တင် သံချပ်ကာယာဥ် ၆ စီးအရှိန်မထိမ်းနိုင်ပဲ အချင်းချင်းယာဥ်တိုက်မှုဖြစ်ပြီး ပျက်စီးခဲ့ရပါတယ်။ မတ်လ ၂၅ ရက် မှာ‌တော့ ၂၀၁၄ မှာ ခရိုင်းမီးယားကို ရုရှားတွေ သိမ်းပိုက်ခဲ့စဥ်က တာဝန်အရှိဆုံး တပ်မှူးတစ်ဦးဖြစ်တဲ့ ဗိုလ် မှူးကြီး ဒီမီထရီ လီစီစကီကို စတဗ်ရိုပိုမြို့က သူ့တိုက်ခန်းမှာ ယူကရိန်းဘက်က သုတ်သင်ခဲ့ပါတယ်။

ဒီလိုအခြေအနေကြောင့် ရုရှားဘက်က ယူကရိန်းစစ်မှာ အနောက်နိုင်ငံတွေဘက်က လက်နက် ထောက် ပံ့နေတာကို ရပ်ဆိုင်းဖို့အတွက် နည်းမျိုးစုံသုံးပြီးခြိမ်းခြောက်နေသလို နူကလီးယားပါသုံးဖို့အထိ ရည်ရွယ်လာတဲ့ သဘောကိုတွေ့ရပါတယ်။ ရုရှားနိုင်ငံရဲ့ နူလက်နက်တွေကို ဘီလာရုစ်နိုင်ငံမှာ အထိုင် ချတပ်ဆင်ဖို့ စီစဉ်နေ ကြောင်း သမ္မတပူတင်က ပြောကြားပြီးနောက်မှာ ရုရှားလုံခြုံရေးကောင်စီအကြီးအကဲ နီကို လိုင်ပက် ထရူရှက်ဖ် က ၎င်းတို့အနေနဲ့ အမေရိကန်အပါအဝင် ဘယ်လိုနိုင်ငံမျိုးကိုမဆို ဖျက်ဆီးပစ်နိုင်တဲ့ လက်နက်ဆန်း တွေရှိနေပြီ မလုပ်ချင်လို့ စိတ်ရှည်သည်းခံပေးနေတာ ဖြစ်တယ်” လို့ပြောခဲ့တာရှိပါတယ်။

ဧပြီ ၁ ရက်မှာ မြောက်ကိုရီးယားခေါင်းဆောင် ရဲ့ညီမက ယူကရိန်းကို နျူကလီးယားလက်နက်တွေ ယူကရိန်းမှာ ထားဖို့ အွန်လိုင်းတောင်းဆိုလှုပ်ရှားမှုတွေဟာ ဇလန်စကီးအစိုးရရဲ့ အန္တရာယ်ကြီးမားတဲ့ နျူ ကလီးယားစိတ်ကူးယဥ်မှုဖြစ်တယ်လို့ ပြောခဲ့ပြီး  နျူကလီးယားလက်နက်ရဲ့ အန္တရာယ်ကို ယူကရိန်း အစိုးရ သဘောပေါက်နားလည်သင့်တယ်လို့ ပြောခဲ့ပါတယ်။ ဧပြီ ၂ ရက်မှာတော့ ဘီလာရုစ်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးက ရုရှားရဲ့ နျူကလီးယားလက်နက်တွေကို ဘီလာရုစ်နဲ့ NATOအဖွဲ့နယ်စပ်နားမှာချထားမယ်ဆိုပြီး ပြောခဲ့ပါတယ်။

ဧပြီ ၃ ရက်မှာ တောင်ကိုရီးယားနိုင်ငံ ဂျဂျူးကျွန်းနားမှာ အမေရိကန်လေယာဉ်တင်သင်္ဘော USS Nimitz အုပ်စုနဲ့ တောင်ကိုရီးယား၊ဂျပန်တို့ စစ်ရေးလေ့ကျင့်မှုစခဲ့ပါတယ်။ ဒါကိုမြောက်ကိုရီးယားက ဘယ်လိုတုန့်ပြန်မလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ ဘာကြောင့်လဲဆိုရင် နျူကလီးယား ထိပ်ဖူးအသစ်တွေကို မြောက်ကိုရီးယားက မကြာခင်က ထုတ်ပြခဲ့လို့ပါဘဲ။

ဒီလမှာ ကုလလုံခြုံရေးကောင်စီ ဥက္ကဋ္ဌနေရာကို ရုရှားက အလှည့်ကျရမှာဖြစ်လို့ အမေရိကန်နဲ့ ယူကရိန်း က ရှုတ်ချနေပါတယ်။ ယူကရိန်းသမ္မတက ဒါဟာ ပြက်လုံးဘဲလို့ ပြောခဲ့သလို ကုလဆိုင်ရာ အမေရိကန် သံအမတ် ကြီးက ရုရှားအနေနဲ့ သမာသမတ်ကျကျ ဆောင်ရွက်ရန် မျှော်လင့်သော်လည်း သံသယများရှိနေကြောင်း ပြောခဲ့ပါ တယ်။ ဒီကုလလုံခြုံရေးကောင်စီ ဥက္ကဋ္ဌနေရာကို အသုံးချပြီး ရုရှားက အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ယူက ရိန်းကို လက်နက်ထောက်ပံ့နေတာကို တားဖို့ ကြိုးစားမှာ ဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်ကတော့ တာဝန်မယူခင်ကတည်းက တာဝန်ယူတာနဲ့ စတင်ဆွေးနွေးဖို့ ပြင်ထားတာ ကတော့ စစ်လက်နက်တွေ တင်ပို့ရောင်းချနေတဲ့ ပြဿနာလိုဆိုပြီး ဒါကို ပထမဆုံး ဆွေးနွေးသွားမယ်”လို့ ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သံအမတ်များဘက်ကတော့ ရုရှားကို ဥက္ကဋ္ဌရာထူး အလွဲသုံးစားလုပ်ရင် တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဟု သတိပေးထားသလို ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဗာက ရက် စက်ကြမ်းကြုတ်တဲ့ ကျူးကျော်စစ်ဆင်နွှဲနေတဲ့ရုရှားနိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကိုယူတာ ကမ္ဘာ့အဆိုးရွားဆုံး April Fool ဟာသပါပဲလို့ပြောခဲ့ပါတယ်။ ဒီလိုအခြေအနေတွေ ကြောင့် ကမ္ဘာ့အတွက် ယခုဧပြီလဟာ ဘယ်လောက်တောင် ကသောင်းကနင်းတွေ ဖြစ်မလဲဆိုတာ မတွေးဝံ့ စရာပဲဆိုတာ ဖော်ပြရင်း ယခုတစ်ပတ်နိုင်ငံတကာ သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်