【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】 စစ်ရေးလေ့ကျင့်မှုတွေနဲ့ တင်းမာနေတဲ့ အာရှ-ပစိဖိတ်ဒေသ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】 စစ်ရေးလေ့ကျင့်မှုတွေနဲ့ တင်းမာနေတဲ့ အာရှ-ပစိဖိတ်ဒေသ

ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေက စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတွေ အတော်များများဖြစ်ခဲ့တာကို တွေ့ရပါတယ်။

လူတိုင်းစိတ်ဝင်စားနေတဲ့ အာဖရိကတိုက်က နိုင်ဂျာနိုင်ငံ အာဏာသိမ်းစစ်တပ်ကို (ECOWS) အဖွဲ့က စစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ့်အရေးဟာ ယခုတစ်ပတ်မှာ နိုင်ဂျာကိုဝင်ဖို့ သေချာသလောက်ဖြစ်နေပြီမို့ အာဖရိကမှာ စစ်ပွဲတစ်ခု နောက်ထပ်မြင်ရဖို့ သေချာသလောက်ဖြစ်နေပြီဖြစ်ပါတယ်။ပါကစ္စတန်မှာတော့ အစိုးရနဲ့ သဘောထားကွဲလွဲသူတွေကို ဖိနှိပ်ဖို့ စစ်တပ်ကို လုပ်ပိုင်ခွင့်ပိုပေးမယ့် ဥပဒေကို ပါကစ္စတန်သမ္မတက လက်မှတ်ရေးထိုးဖို့ ငြင်းဆန်တဲ့အတွက် ပါကစ္စတန်နိုင်ငံရေးအကျပ်အတည်းက ပိုမြင့်တက်လာနေတဲ့ သတင်းလည်း ရှိပါတယ်။

နှစ်ဝက်ကျော် ကြာလာတဲ့ ယူကရိန်းစစ်ပွဲဟာ အချိုးအကွေ့တစ်ခုဆီ စတင်ချည်းကပ်လာတဲ့ လက္ခဏာတစ်ရပ်အဖြစ် ဒိန်းမတ်နဲ့ နယ်သာလန်မှာရှိတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေကို ယူကရိန်းကိုပေးဖို့ အမေရိကန်က သဘောတူခဲ့တဲ့သတင်း၊ ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ သန်း ၃၀၀ ကျော် ဆွီဒင်က ထပ်မံပေးအပ်ခဲ့တဲ့ သတင်းတွေမျိုးလို သတိထားစရာ သတင်းတွေရှိသလို စစ်ပွဲနဲ့ပတ်သက်ပြီး တိုက်ခိုက်မှုသတင်းတွေဖြစ်တဲ့ ယူကရိန်းနိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အနောက်ဘက်ပိုင်းကို ဦးတည်ပြီး ရုရှားက ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်လို့ ရှေးဟောင်းမြို့တစ်မြို့ဖြစ်တဲ့ ချာနီဟက်ဖ်မြို့လယ်က သမိုင်းဝင်ပြဇာတ်ရုံကို ဒုံးကျည်ထိမှန်ပြီး ကလေးငယ်တွေအပါအဝင် ၇ ဦး သေဆုံးရကာ တစ်ရာကျော်ဒဏ်ရာရခဲ့တာ၊ ရုရှားနိုင်ငံ ကူ့စ်ပြည်နယ်မြို့တော်က ကူ့စ်ဘူတာရုံကို ယူကရိန်းက ဒရုန်းနဲ့တိုက်လို့ ဝန်ထမ်း ၅ ဦး ဒဏ်ရာရခဲ့တာ၊ ရုရှားနိုင်ငံ နော့ဗ်ဂိုရော့ဗ်အခြေစိုက် ဗုံးကြဲလေယာဉ် အခြေစိုက်စခန်းကို ယူကရိန်းက ဒရုန်းနဲ့တိုက်ခိုက်လို့ ဗုံးကြဲလေယာဉ်တစ်စင်း မီးလောင်သွားတာလို သတင်းတွေမျိုးလည်းရှိပါတယ်။

ဒီတစ်ပတ်မှာ ရုရှားခေါင်းဆောင်ပိုင်းက ယူကရိန်းကို F16 တွေ ပေးတာနဲ့ပတ်သက်ပြီး ငြိမ်နေသလို တရုတ်က ရုရှားကို ရဟတ်ယာဉ်တွေ၊ ဒရုန်းတွေ၊ သတ္တုအစိတ်အပိုင်းတွေ ပို့ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ဖော်ပြတာကို တွေ့ရပါတယ်။

ဒီတစ်ပတ်မှာ ထူးထူးခြားခြားမြင်ရတာက  အာရှ-ပစိဖိတ်ဒေသတစ်ဝန်းမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတာပါပဲ။ထိုင်ဝမ်အနီးမှာ တရုတ်က စစ်ရေးလေ့ကျင့်မှုလုပ်နေသလို တောင်ကိုရီးယားနဲ့ အမေရိကန်ရဲ့ Ulchi Freedom Guardian နွေရာသီ စစ်ရေးလေ့ကျင့်မှုကလည်း တောင်ကိုရီးယားရေပြင်မှာ ဒီနေ့ စလုပ်ခဲ့ပါတယ်။စစ်ရေးလေ့ကျင့်မှုတွေက ဒီနှစ်ခုတည်းမဟုတ်ပါဘူး။ဒီတစ်ပတ်ထဲမှာဘဲ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နိုင်ငံတို့က ရေတပ်ဖွဲ့တွေနဲ့ ဖိလစ်ပိုင်ရေတပ်တွေ တောင်တရုတ်ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်ဖို့ ရှိနေသေးပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုတွေက အမေရိကန်ကို ထိုင်ဝမ်ဒုသမ္မတ လိုင် ပါရာဂွေးသွားရင်း ညအိပ်ဝင်ရောက်ခဲ့တာ၊ အမေရိကန်နိုင်ငံ ကမ့်ဒေးဗစ်မှာ တောင်ကိုရီးယားသမ္မတတို့ ဂျပန်ဝန်ကြီးချုပ်တို့နဲ့ သမ္မတ ဘိုင်ဒင် တွေ့ဆုံတာနဲ့ ဆက်စပ်နေသလို နောက်ကွယ်က  နိုင်ငံရေးတင်းမာမှုတွေကြောင့်လည်း ဖြစ်လာတာ ဖြစ်ပါတယ်။

ပုံမှန်မဟုတ်တဲ့ ဒီစစ်ရေးလေ့ကျင့်မှုတွေရဲ့ နောက်ဆက်တွဲ အခင်းအကျင်းတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။အင်ဒို-ပစိဖိတ်ဒေသမှာ တရိပ်တရိပ်တိုးလာတဲ့ စစ်ရေးတည်ဆောက်မှုတွေကြောင့်လည်း ဒီစစ်ရေးလေ့ကျင့်မှုတွေက ဒီတစ်ပတ်မှာ စိတ်ဝင်စားစရာအကောင်းဆုံး ခေါင်းစဉ်ဖြစ်လာပါတယ်။

           တရုတ်ဗဟိုပြုနှင့် အမေရိကန်ဗဟိုပြု အားပြိုင်ခြင်း မြင့်တက်လာမှု

စစ်ရေးလေ့ကျင့်မှုတွေကို မပြောခင်မှာ သတိထားတဲ့ နိုင်ငံတကာခရီးစဉ်နှစ်ခုအကြောင်းကို ပြောချင်ပါတယ်။ဒါက ထိုင်ဝမ်ဒုသမ္မတ လိုင်ချင်းတေရဲ့ ပါရာဂွေးခရီးစဉ်ပါ။ပါရာဂွေးမှာပြုလုပ်တဲ့ အစိုးရသစ်တက်ပွဲကို တက်ရောက်ဖို့ တောင်အမေရိကကိုသွားရင်း လိုင်ဟာ ဆန်ဖရန်စ္စကိုနဲ့ နယူးယောက်မှာ ညအိပ်ဝင်နားခဲ့ပါတယ်။ဒါဟာ တရုတ်အတွက် သတိတားမိတဲ့ အချက်ပါပဲ။လတ်တလောမှာ အမေရိကန်နဲ့ တရုတ်အကြား တင်းမာမှုဟာ သမိုင်းတစ်လျှောက် အမြင့်မားဆုံးဖြစ်နေပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ အမေရိကန်က တရုတ်ပြည်မှာ နည်းပညာလုပ်ငန်းတွေ ရင်းနှီးမြုပ်နှံတာကို တားလိုက်သလို ထိုင်ဝမ်ကိုလည်း စစ်လက်နက်အကူအညီ ထောက်ပံ့ပေးခဲ့ပါတယ်။

ဒီလိုအမေရိကန်ဘက်က ထိုင်ဝမ်နဲ့ ပိုနီးကပ်လာတဲ့ ဆက်ဆံရေးလုပ်နေပေမယ့် တစ်ဘက်မှာ တရုတ်နဲ့ ဒီပလိုမေစီကောင်းအောင်လုပ်တဲ့ သဘောအနေနဲ့ ဘလင်ကန် တရုတ်ကိုသွားခဲ့သလို တွေ့ဆုံဆွေးနွေးတာတွေလည်းရှိနေပါတယ်။ဒီလိုဖြစ်နေတဲ့အချိန် တောင်တရုတ်ပင်လယ်အတွင်းက ကျွန်းတစ်ကျွန်း ကိစ္စနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့ တရုတ်ကြား တင်းမာမှုထဲ အမေရိကန်ပါဝင်လာတဲ့အတွက် တရုတ်ဟာ အမေရိကန်ကို ဝင်ရောက်ရပ်နားတဲ့ လိုင်ရဲ့ ခရီးစဉ်ကို အမေရိကန်ရဲ့ တရုတ်ကို ရန်စတဲ့လုပ်ရပ်အဖြစ် ယူဆပုံရပါတယ်။ဒါကြောင့် လိုင်ရဲ့ ခရီးစဉ်နဲပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ ဝမ်ဝေဘက်က အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောကြားခဲ့ပြီး ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေးတပ်ဖွဲ့များထံ ဆိုးရွားစွာ မှားယွင်းသော အချက်ပြမှုများ ပေးပို့ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ဒီအတွက် တရုတ်ဘက်က ပြင်းပြင်းထန်ထန် အရေးယူလုပ်ဆောင်မယ်လို့ ထုတ်ပြန်ခဲ့အပြီးမှာ ထိုင်ဝမ်အနီး တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေ ဖြစ်လာခဲ့ပါတယ်။

           ကမ့်ဒေးဗစ် ခရီးစဉ်

နောက်ခရီးစဉ်တစ်ခုက တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ခ်ယိုးလ်နဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါတို့ရဲ့ အမေရိကန်ခရီးစဉ်ပါ။
    
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဦးစီးကာ မေရီလန်းပြည်နယ်မှာရှိတဲ့ ကမ့်ဒေးဗစ်စခန်းမှာ ကျင်းပတဲ့ ဒီထိပ်သီးအစည်းအဝေးမှာ ၃ နိုင်ငံထိပ်သီးခေါင်းဆောင်တွေက ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ဒီထဲမှာ သုံးနိုင်ငံပူးပေါင်းပြီး စစ်ရေးလေ့ကျင့်ရေးများ ပြုလုပ်ရန်နှင့် မြောက်ကိုရီးယား၏ ဒုံးကျည်သတင်းအချက်အလက်များ မျှဝေရန် သဘောတူညီခဲ့ပြီး အရေးပေါ်အခြေအနေများနှင့် ဒေသတွင်းစိန်ခေါ်မှုများ၊ ရန်လိုမှုများ၊ ခြိမ်းခြောက်မှုများအတွက် အပြန်အလှန်ပံ့ပိုးကြဖို့ဆိုတာတွေ သဘောတူခဲ့ကြပါတယ်။

အစည်းအဝေးမစခင်ကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗီဒန် ပက်တဲလ်က ဒီအစည်းအဝေးကို တရုတ်အနေနဲ့ တင်းမာမှုကြီးမားလာအောင် ဆွပေးတဲ့ အစည်းအဝေးအဖြစ် မရှုမြင်သင့်ဘူးလို့ ပြောခဲ့ပါတယ်။အစည်းအဝေးမတိုင်ခင်မှာ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ခ်ယိုးလ်က မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရချိန်မှာ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုက မှတ်တိုင်အသစ် ဖြစ်ပါလိမ့်မယ်လို့ ပြောခဲ့တာကို တွေ့ရပါတယ်။

အင်ဒို-ပစိဖိတ်ဒေသ ကာကွယ်ရေး ခိုင်မာအောင် ပိုမိုအားကောင်းတဲ့ လုံခြုံရေးကွန်ရက်တစ်ခု တည်ဆောက်ဖို့ ကျင်းပတဲ့ ဒီထိပ်သီးအစည်းအဝေးမှာ လုံခြုံရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။သဘောတူညီချက်အသစ်အဖြစ် ပစိဖိတ်ဒေသတွင်း ခြိမ်းခြောက်မှု ဒါမှမဟုတ် လုံခြုံရေးဆိုင်ရာ ပြဿနာတစ်ခုခု ဖြစ်လာခဲ့ရင် ၃ နိုင်ငံကြား တိုင်ပင်ဆွေးနွေးဖို့ ပါလာသလို တိုင်ပင်ဆွေးနွေးမှုနဲ့အတူ အချက်အလက်တွေ မျှဝေမှုပါ လုပ်ဆောင်မှာဖြစ်လို့ ဒါဟာ ဒေသတွင်းက တရုတ်နဲ့ မြောက်ကိုရီးယားကို ရည်ရွယ်တဲ့ အချက်အဖြစ် ယူဆကြပါတယ်။

တရုတ်နဲ့ မြောက်ကိုရီးယားဘက်ကတော့ ဒီထိပ်သီးအစည်းအဝေးဟာ နေတိုးမဟာမိတ်လို အသေးစားအဖွဲ့အစည်းတစ်ခု အာရှမှာအခြေချဖို့ ကြိုးစားလာတဲ့ ခြေလှမ်းဆိုပြီး ပြောဆိုဝေဖန်ခဲ့ပါတယ်။ဒီလိုအငြင်းပွားဖွယ်ဖြစ်ခဲ့တဲ့ ခရီးစဉ်နှစ်ခုအပြီးမှာ စစ်ရေးလေ့ကျင့်မှုတွေ ဖြစ်လာခဲ့ပါတယ်။တောင်ကိုရီးယားနဲ့ အမေရိကန်အပါအဝင် နှစ်ဖက်စလုံးမှ သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်များအပြင် ကုလသမဂ္ဂ ကွပ်ကဲမှုအဖွဲ့ဝင် နိုင်ငံအချို့ကိုပါ စုစည်းထားတဲ့ Ulchi Freedom Guardian နွေရာသီစစ်ရေးလေ့ကျင့်မှုဟာ ယခုနှစ်အတွင်း အကြီးမားဆုံး နှစ်စဉ်ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို ရည်ရွယ်တာဖြစ်ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားဘက်ကတော့ ဒါဟာ သူ့နိုင်ငံကို ကျူးကျော်ဖို့ ပြင်ဆင်တာဆိုပြီး ရှုမြင်ထားတာပါ။

           လိုင်ချင်းတေရဲ့ အင်တာဗျူး

အမေရိကန်ကို ညအိပ်ဝင်ရောက်ခဲ့တဲ့ လိုင်ချင်းတေကတော့ အင်တာဗျူးတစ်ခုမှာ မကြာမီ ထိုင်ဝမ်မှာပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲဟာ ဒီမိုကရေစီနှင့် အာဏာရှင်စနစ်အကြား ရွေးချယ်မှုတစ်ခုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန်မှာရှိခဲ့သည့်အချိန်တွင် ပြုလုပ်ခဲ့သည့် Taiwanese TV ရုပ်သံဌာနနဲ့ အင်တာဗျူးမှာ လိုင်က ထိုင်ဝမ်အနေနှင့် “တရုတ် တစ်နိုင်ငံတည်း” မူဝါဒကို လက်မခံနိုင်ကြောင်း ပြောခဲ့ပါတယ်။ ဒီလိုပြောဆိုမှုနဲ့ လိုင်ရဲ့ ခရီးစဉ်ကြောင့် တရုတ်ဘက်က သြဂုတ် ၁၈ ကစပြီး ထိုင်ဝမ်ကျွန်းတစ်ဝိုက် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။သြဂုတ် ၁၉ ရက်မှ သြဂုတ် ၂၀ ရက် နံနက်အစောပိုင်းအထိ ၂၄ နာရီအတွင်း တရုတ်လေယာဉ် ၄၅ စင်း ထိုင်ဝမ်ဘက် ပျံသန်းခဲ့ကာ ၂၇ စင်းဟာ  ထိုင်ဝမ်ရေလက်ကြား အလယ်စည်းကို ဖြတ်သန်းခဲ့ပါတယ်။ဒီစစ်ရေးလေ့ကျင့်မှုထဲ တရုတ်စစ်သင်္ဘော ၉ စင်းလည်း ပါဝင်ခဲ့ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒါဟာ ထိုင်ဝမ်ကို ပြင်းပြင်းထန်ထန် သတိပေးတာဖြစ်တယ်လို့ ပြောခဲ့ပြီး နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကြံစည်မှုတွေ ပြုလုပ်နေတာကို သတိပေးတာလို့ ပြောခဲ့ပါတယ်။သြဂုတ် ၂၀ ရက်မှာ ဖိလစ်ပိုင်လုံခြုံရေးအရာရှိတွေက ဖိလစ်ပိုင်အနောက်ပိုင်း တောင်တရုတ်ပင်လယ်မှာ အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျနဲ့ပေါင်းပြီး စစ်ရေးလေ့ကျင့်မှု ယခုသီတင်းပတ်အတွင်းလုပ်ဖို့ရှိတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ဒီစစ်ရေးလေ့ကျင့်မှုမှာ လေယာဉ်တင်သင်္ဘောများနှင့် ရဟတ်ယာဉ်တင် သင်္ဘောများ ပါဝင်မှာပါ။ဒီစစ်ရေးလေ့ကျင့်မှုဟာ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ရေပြင်မှာ သြဂုတ် ၅ ရက်က တရုတ်ကမ်းခြေစောင့်သင်္ဘောတွေက ဖိလစ်ပိုင်သင်္ဘောတွေကို မီးသတ်ပိုက်နဲ့ ပက်ဖျန်းတိုက်ခိုက်မှုအပြီး ဖြစ်ခဲ့တာမို့ ဒါဟာလည်း စစ်ရေးအားပြိုင်မှုတစ်ခုအဖြစ် ရှုမြင်ထားရမှာပဲဖြစ်ပါတယ်။

ဒီတစ်ပတ်မှာ နောက်ကွယ်က ပယောဂတွေနဲ့ ခပ်စိပ်စိပ် စစ်ရေးလေ့ကျင့်မှုကြောင့် စိတ်ဝင်စားစရာတွေရှိသလို တောင်အာဖရိက၊ ဂျိုဟန်နက်စ္စဘတ်ရှ်မှာပြုလုပ်တဲ့ BRICS ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတအပါအဝင် ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်တာမို့ သတင်းတွေလည်း ထူးစရာရှိနိုင်နေကြောင်း ဖော်ပြရင်း ဒီတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာပဲရပ်လိုက်ချင်ပါတယ်။

မင်းထက်
Photo Credit - VOA