【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 တောမီး၊ ရေကြီးနဲ့ စစ်မက်ဖြစ်ပွားမှုပြင်းထန်တဲ့ ရက်သတ္တပတ်

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 တောမီး၊ ရေကြီးနဲ့ စစ်မက်ဖြစ်ပွားမှုပြင်းထန်တဲ့ ရက်သတ္တပတ်

ဒီတစ်ပတ် သတင်းတွေကတော့ သဘာဝဘေးသတင်းတွေနဲ့သာ လုံးထွေးနေပါတယ်။ပြင်းထန်တဲ့ ရာသီဥတုပြောင်းလဲမှုဟာ တဖြေးဖြေးဆိုးရွားလာနေတာကနေ ယခုနှစ်မှာ အဆိုးဝါးဆုံးဖြစ်လာပါတယ်။

ဒီတစ်ပတ်မှာ ကမ္ဘာတစ်ဝန်း သဘာဝဘေးသတင်းတွေက ထိတ်ထိတ်ပြာပြာဖြစ်လောက်အောင် များလွန်းလှပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သီတင်း ၂ ပတ်ကြာ မိုးအပြင်းအထန်ရွာသွန်းခဲ့ရာက ရေကြီး၊ မြေပြိုမှုတွေဖြစ်ခဲ့သလို ဟာဝိုင်အီပြည်နယ် Maui ကျွန်းမှာ တောမီးလောင်ကျွမ်းမှုကြောင့်သေဆုံးမှုတွေက ကြောက်စရာလန့်စရာ အရေအတွက်ပါ။တရုတ်နိုင်ငံဘက်မှာဆိုရင်လည်း တိုင်ဖွန်းမုန်တိုင်း ခါနမ် ဆက်ဝင်လာလို့ သေဆုံးသူ ၃၀ ကျော်ခဲ့ပါတယ်။တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီကြောင့် ဒေသတွင်းက ဖိလစ်ပိုင်၊ ထိုင်ဝမ်မှာလည်း လူအသေအပျောက်တွေရှိခဲ့သလို တရုတ်ဘက်ကို ဝင်ရောက်ခဲ့လို့ တရုတ်နိုင်ငံမှာ လူအသေအပျောက်နဲ့ ပေကျင်းမှာပါ ရေကြီးမှုတွေ ဖြစ်ခဲ့တာပါ။

ဒီတစ်ပတ်မှာ သတိထားစရာဖြစ်ခဲ့တာက ဟာဝိုင်အီက တောမီးသတင်းတွေပါပဲ။

           လူတစ်ထောင်နီးပါး ပျောက်ဆုံးခဲ့တဲ့ ဟာဝိုင်အီတောမီးနဲ့ ကမ္ဘာ့ရေဘေး

အမေရိကန်သမိုင်းမှာ အဆိုးဝါးဆုံး တောမီးလောင်ကျွမ်းမှုလို့ဆိုရမယ် ဟာဝိုင်အီကျွန်း တောမီးလောင်ကျွမ်းမှုဟာ သြဂုတ် ၈ ရက် ညပိုင်းမှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။အင်္ဂါနေ့ ညပိုင်းကစပြီး လောင်ခဲ့တဲ့ တောမီးကြောင့် မြေဧက ၂၀၀၀ ကျော် လောင်ကျွမ်းခဲ့ပြီး လူနေအိမ်တွေ၊  ဈေးဆိုင်ခန်းတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုနဲ့  လေပြင်းတိုက်ခတ်မှုတွေကြောင့် ဟာဝိုင်အီကျွန်း နေရာအများစုမှာ တောမီးအန္တရာယ်သတိပေးချက်ကို အစောပိုင်းရက်ကတည်းက ထုတ်ပြန်ထားခဲ့တာပါ။ဒါပေမဲ့ တကယ်လောင်ကျွမ်းမှုဖြစ်တဲ့အခါ မီးကကူးစက်မှုမြန်လွန်းတဲ့အတွက် ဒေသခံတချို့ မီးတောက်တွေကနေလွတ်ဖို့ ပင်လယ်ပြင်ထဲ ခုန်ချခဲ့ကြရတဲ့အထိ ဖြစ်ခဲ့ပါတယ်။လူဦးရေ ၁၂၀၀၀ ကျော် ရှိတဲ့ Lahaina မြို့မှာ အဆောက်အဦ ၂၇၀ ကျော် မီးလောင်ပျက်စီးခဲ့သလို သေဆုံးသူကလည်း များခဲ့ပါတယ်။

ပြည်နယ်သမိုင်းတလျှောက် အကြီးကျယ်ဆုံး မီးလောင်မှုကြောင့် လူပေါင်း ၅၅ ဦးထက်မနည်း သေဆုံးပြီး ၁၀၀၀ ကျော် ပျောက်ဆုံးခဲ့ပါတယ်။မြင်တွေ့ရတဲ့ပုံတွေမှာဆိုရင် မော်ဝီကျွန်းက အပန်းဖြေမြို့ Lahaina မြို့ဟာ ပြာပုံကိုသာ မြင်ရတာကြောင့် ဗုံးပေါက်ကွဲပြီး မီးလောင်ကျွမ်းသွားတာမျိုးကို မြင်ရပါတယ်။ ၁၉၆၁ ခုနှစ်က ဆူနာမီကြောင့် လူပေါင်း ၆၁ ဦး သေဆုံးအပြီး မော်ဝီကျွန်းက အခုတောမီးဟာ ပြည်နယ်ရဲ့ အကြီးကျယ်ဆုံး သဘာဝဘေးအန္တရာယ် ဖြစ်လာလိမ့်မယ်ဆိုပြီး ပြည်နယ်တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။အပျက်အစီးတွေများတဲ့  မော်ဝီကျွန်း ပြန်လည်ထူထောင်ဖို့ နှစ်တွေနဲ့ချီကြာမြင့်နိုင်ပြီး ဒေါ်လာ သန်းထောင်ချီပြီး သုံးစွဲဖို့လိုတယ်လို့ ဆိုပါတယ်။

တောမီးကြောင့် သောကြာနေ့နှောင်းပိုင်းအထိ သေဆုံးသူအရေအတွက်ဟာ ၈၀ ဦးရှိသွားပြီဖြစ်ပါတယ်။တောမီးကြောင့် သမိုင်းဝင် Lahaina မြို့  မြို့လုံးကျွတ်နီးပါး မီးလောင်သွားခဲ့တာကြောင့် အခုလို ကြိုတင်သတိပေးချက်မရှိဘဲ တောမီး ဒီလောက်မြန်မြန် ဘာကြောင့်လောင်ရသလဲဆိုတာကို တာဝန်ရှိသူတွေ စုံစမ်းနေပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ပေါင်းလိုက်ပြီး နောက်တစ်နှစ်အကြာ Big Island မှာဖြစ်ခဲ့တဲ့ ဆူနာမီရေလှိုင်းဒဏ်ကြောင့် လူပေါင်း ၆၁ ယောက် သေဆုံးခဲ့ပြီးတဲ့နောက် ဒီတောမီးဟာ ဟာဝိုင်အီပြည်နယ်သမိုင်းမှာ အသက်ဆုံးရှုံးမှုအများဆုံး ဖြစ်လာခဲ့ပါတယ်။  

မီးကပြင်းလွန်းလို့ သေဆုံးသူတွေ အရည်ပျော်ကုန်တဲ့အတွက် ဘယ်သူဘယ်ဝါလဲဆိုတာသိဖို့ DNA စစ်ရတဲ့အထိကို ဖြစ်ခဲ့ပါတယ်။အနံ့ခံခွေးတွေနဲ့အတူ ကယ်ဆယ်ရေးဝန်ထမ်းတွေက မီးဘေးသင့်ခဲ့တဲ့ နေရာတွေကို လိုက်လံရှာဖွေပြီးတဲ့အခါ သေဆုံးသူအရေအတွက် အခုထက် ထပ်တိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ဒီတောမီးကြောင့် သမိုင်းဝင်အဆောက်အအုံတွေအပါအဝင် အဆောက်အအုံပေါင်း ၁,၀၀၀ ကျော် မီးလောင်ပြာကျခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

ဒီလိုပြင်းထန်တဲ့ တောမီးလောင်နေချိန်မှာ ဥရောပနဲ့ အာရှမှာ မုန်တိုင်းမိုးတွေကြောင့် ဆက်တိုက်မိုးရွာသွန်းလို့ ရေကြီးမြေပြိုမှုတွေဖြစ်ပြီး သေဆုံးမှုတွေ တိုးလာနေပါတယ်။တိုင်ဖွန်း ဒေါ့ဆူရီ (Doksuri) ရဲ့ နောက်ဆက်တွဲအဖြစ် တရုတ်နိုင်ငံ ပေကျင်းမြို့တော်မှာ နှစ်ပေါင်း ၁၄၀ အတွင်း အပြင်းထန်ဆုံး မိုးရွာသွန်းမှုတွေ ကြုံခဲ့ရပြီး လူ ၃၃ ဦး သေဆုံးပြီး၊ ၁၈ ဦးပျောက်ဆုံးခဲ့ပါတယ်။

ပေကျင်းမြို့အနောက်ဘက် Mentougou ခရိုင်မှာ အဆိုးရွားဆုံး မိုးရွာသွန်းမှုနဲ့ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၃သိန်း ၁ သောင်းလောက်ကို ရေဘေးသင့်ခဲ့ပြီး၊ အိမ်ခြေ ၃ သောင်းခွဲနီးပါး ပျက်စီးခဲ့ပါတယ်။သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှုလည်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒေါ့ဆူရီ တိုက်ခတ်ပြီး ဆက်တိုက်ဝင်လာတဲ့ တိုင်ဖွန်းမုန်တိုင်း ခါနမ်ကြောင့် တရုတ်နိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုလို့ သေဆုံးသူ အနည်းဆုံး ၂၁ ဦးထိရှိနေကာ ခြောက်ဦးပျောက်ဆုံးခဲ့ပါတယ်။ Shaanxi ပြည်နယ်ရဲ့ Xi'an ဒေသတောင်ဘက် Weiziping ရွာမှာ သောကြာနေ့က မိုးသည်းထန်မှုကြောင့် တောင်ကျရေအရှိန်နဲ့ မြေပြိုကျခဲ့ပြီး လူနေအိမ်နှစ်လုံးအပါအဝင် လမ်းတွေ၊ တံတားတွေနဲ့ အခြားအခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ မကြာသေးခင်ရက်ပိုင်း သီတင်းပတ်တွေအတွင်း စံချိန်တင် မိုးရွာသွန်းပြီး ရေကြီးခဲ့တာကြောင့် လူအသေအပျောက်များခဲ့ပြီး နိုင်ငံမြောက်ပိုင်းမှာလည်း မုန်တိုင်းကြောင့် လူပေါင်းဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သီတင်း ၂ ပတ်ကြာ မိုးအပြင်းအထန်ရွာသွန်းခဲ့ရာက ရေကြီး၊ မြေပြိုမှုတွေကြောင့် အနည်းဆုံး ၅၅ ယောက် သေဆုံးပြီး၊ ၁ သန်းကျော် ရေဘေးသင့်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ရေဘေးဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ခရိုင် ၄ ခုမှာ သေဆုံးမှုအများစုဖြစ်ခဲ့ပြီး Cox's Bazar မှာ ၂၁ ယောက်၊ Chittagong မှာ ၁၉ ယောက် Bandarban မှာ ၁၀ ယောက်နဲ့ Rangamati မှာ ၅ ယောက် သေဆုံးခဲ့ပါတယ်။

ဥရောပက နော်ဝေနိုင်ငံမှာတော့  စကင်ဒေးဗီးယားဒေသနဲ့  ဘော်လ်တစ်ဒေသနိုင်ငံတွေကို Hans မုန်တိုင်းက ဦးတည်ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် နော်ဝေတောင်ပိုင်းက တောင်ထူထပ်တဲ့ဒေသမှာ မြေပြိုပြီး အော်စလိုမြို့တောင်ဘက် ဒေသအချို့မှာ လူပေါင်း ၆၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။နော်ဝေမှာဆိုရင် ရေထဲမျောပါသွားတဲ့ ရွေ့လျှားအိမ်တစ်လုံး တံတားတစ်စင်းကို ဝင်တိုက်ခဲ့တဲ့အထိကို မြစ်ကမ်းတွေပြိုပြီး ရေကြီးခဲ့ပါတယ်။

သဘာ၀ဘေးတွေ ဖြစ်ပွားမှုများနေတဲ့အချိန်မှာ ဥရောပ၊ အာရှနဲ့ အာဖရိကမှာ စစ်မက်အရေး၊ နိုင်ငံရေးတင်းမာမှုတွေက ဆက်အရှိန်ကောင်းနေခဲ့ပါတယ်။

           ယူကရိန်းစစ်ရေး ဘယ်သူသာနေသလဲ ?

သြဂုတ် ၉ ရက်မှာ ရုရှားနိုင်ငံ ဆာချီရက်ဗ် ပိုဆဒ်ဒေသက  ကာကွယ်ရေးဝန်ကြီးဌာနပိုင် လက်နက်စက်ရုံဝန်းထဲ ပေါက်ကွဲမှု ကြီးကြီးမားမားဖြစ်ခဲ့ပါတယ်။ဒါဟာ ရုရှားရဲ့ နောက်ဆုံးပေါ် ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ထုတ်လုပ်ရေး စီမံကိန်းဖြစ်လို့ ယူကရိန်းဘက်က ဒီအထိ တိုက်ခိုက်နိုင်နေပြီလားဆိုတာ စိတ်ဝင်စားစရာဖြစ်လာပါတယ်။

ဒါပေမဲ့ ဒီပေါက်ကွဲမှုကို ရုရှားဘက်ကတော့ သာမန် မီးရှူးမီးပန်းထုတ်လုပ်တဲ့ Piro - ကုမ္ပဏီပိုင် ဂိုဒေါင်က ပေါက်ကွဲတာလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီမတိုင်ခင်မှာ မော်စကိုမြို့တော်ကို ယူကရိန်းတွေက ဒရုန်းတွေနဲ့ တိုက်ခိုက်ဖို့ ကြိုးစားတဲ့အတွက် မြို့တော်ရဲ့ Vnukovo နဲ့ Domodedovo နိုင်ငံတကာလေဆိပ်က လေယာဉ်အတက်အဆင်းအားလုံးကို သြဂုတ် ၁၀ ရက် မနက်ပိုင်းက ယာယီရပ်လိုက်ရတဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနနဲ့ မော်စကိုမြို့တော်ဝန်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ယူကရိန်းဒရုန်းအားလုံးကို ပစ်ချနိုင်ခဲ့ပြီး ဒရုန်းအပျက်အစီးတွေကြောင့် Domodedovo လေဆိပ်အနီးက လူနေအဆောက်အဦတချို့ အနည်းငယ်ထိခိုက်တာကလွဲရင် ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုမရှိဘူးလို့ မြို့တော်ဝန် ဆာဂေး ဆိုဗျန်နင်က ပြောပါတယ်။

သြဂုတ် ၁၀ ရက် မနက်ပိုင်းမှာပဲ ကူလ်ဂါမြို့နဲ့ ခရိုင်းမီးယား ပင်လယ်နက်ရေတပ် အခြေစိုက်ရာ ဆီဗက်စတိုပိုလ်မြို့ကိုလည်း ယူကရိန်းတွေက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ဒရုန်း ၁၃ စင်းနဲ့ တိုက်ခိုက်ဖို့ ကြိုးစားတာကို လေကြောင်းရန်ကာကွယ်ရေးတပ်က ဒရုန်းအားလုံး ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။

ဒီလို ရုရှားဘက်ကို တိုက်ခိုက်မှုတွေရှိလာနေတာဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ ယူကရိန်းကို စစ်လက်နက်တွေ ပုံအောကူညီပေးနေတာကြောင့်လို့ ရုရှားဘက်က အပြစ်တင်ခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုးဂူကဆိုရင် အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ ရုရှားအပေါ် သွယ်ဝိုက်စစ်ပွဲ ဆင်နွှဲနေတာလို့ ပြောခဲ့ပါတယ်။

သြဂုတ် ၁၂ ရက်မှာ ခရိုင်းမီးယားတံတားအပါအဝင် ခရိုင်းမီးယားကျွန်းဆွယ်က အရေးကြီးနေရာတွေကို ယူကရိန်းတွေက ဒရုန်း အစင်း ၂၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ခရိုင်းမီးယားတံတား တစ်ခုတည်းကို ဒရုန်း ၄ စင်း၊ အဝေးပစ်ဒုံးကျည် ၂ စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကို ကာကွယ်နိုင်ခဲ့တယ်လို့ဆိုပြီး ရုရှားအစိုးရအနေနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်ဆိုပြီး ပြောခဲ့ပါတယ်။

သြဂုတ် ၁၂ ရက်မှာ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုးဂူဟာ ဆိုဗီယက်ခေတ်က နျူကလီးစမ်းသပ်ဖောက်ခွဲတဲ့ နိုဗာယာ ဇမ်လီယာကျွန်းစုကို သွားရောက်ခဲ့တာ တွေ့ရပါတယ်။သြဂုတ် ၁၃ ရက် ညနေပိုင်းနဲ့ ညပိုင်းမှာ ဒရုန်း ၄ စင်းနဲ့ ယူကရိန်းက ဘဲလ်ဂိုရော့ဒ်မြို့ကို တိုက်ခိုက်ခဲ့ရာမှာ တိုက်ခန်းတချို့နဲ့ ကား ၁၆ စီး ဒရုန်းအပျက်အစီးတွေ ထိမှန်ပျက်စီးခဲ့တယ် ဆိုပါတယ်။

ယူကရိန်းအရှေ့မြောက်ပိုင်း ကူပီယန့်စ်မြို့တစ်ဝိုက်မှာ ရုရှားဘက်က တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်ခဲ့လို့ ဒေသခံတွေကို ဘေးလွတ်ရာရှောင်တိမ်းဖို့ ယူကရိန်းအာဏာပိုင်တွေက တိုက်တွန်းနေတဲ့ သတင်းတွေရှိခဲ့ပါတယ်။ရုရှားဘက်က ယူကရိန်းအရပ်ဘက်ပစ်မှတ်တွေကို ဆက်တိုက်ကို တိုက်ခိုက်နေလို့ အရပ်သားတွေ ကလေးငယ်တွေ သေဆုံးတာတွေ ဆက်ရှိနေဆဲပါ။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ရုရှားတပ်တွေ စစ်မျက်နှာဖွင့်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထိုးစစ်ဆင်တိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေလို့  ကူပီယန့်စ်မြို့အရှေ့ပိုင်းရှိ ဗီလ်ရှနာနှင့် ပါရှော့ထရာနိဗ်ဒေသတို့မှာ တိုက်ပွဲတွေပြင်းထန်နေတယ် ဆိုပါတယ်။ဒီအခြေအနေကြောင့် ယူကရိန်းတာဝန်ရှိသူတွေက အဆိုပါမြို့နဲ့ ရုရှားရှေ့တန်းတပ်များအကြား ပိတ်မိနေတဲ့ မြို့၊ ရွာ ၃၇ ခုမှ ဒေသခံ ၁၂,၀၀၀ နီးပါးကို မြို့၏အနောက်ဘက် ၉၀ ကီလိုမီတာခန့်အကွာမှာရှိတဲ့ ခါကိဗ်မြို့သို့ ရွှေ့ပြောင်းဖို့ ကြိုးစားနေတယ် ဆိုပါတယ်။

ယူကရိန်းမှာ စစ်ပွဲတွေ ပြင်းထန်နေဆဲပါ။ရပ်တန့်ဖို့လည်း ခက်နေပါတယ်။ဒါပေမဲ့ ငြိမ်းချမ်းရေးအတွက် ဆက်ကြိုးစားနေကြဆဲပါ။ဒီထဲမှာ ကမ္ဘာကို အဘက်ဘက်က အကျပ်တွေ့စေတဲ့ ယူကရိန်းစစ်ပွဲကို ငြိမ်းချမ်းရေးဆက်လုပ်ဖို့ ဂျာမနီဝန်ကြီးချုပ်က တိုက်တွန်းနေသလို တရုတ်ဘက်ကလည်း ဆက်လက်လုပ်ဆောင်နေတယ် ဆိုပါတယ်။ဒါပေမဲ့ ရုရှား ချေချင်းညာခေါင်းဆောင်က စစ်ပွဲနဲ့ နိုင်ငံတကာမှာ ရုရှားနိုင်နေလို့ ယူကရိန်းနဲ့ ဆွေးနွေးစရာမလိုဘူးလို့ ပြောခဲ့ပါတယ်။  

ဒီတစ်ပတ်မှာ တခြားသတင်းတွေရှိပေမယ့် ဒီသတင်းတွေကသာ စိတ်ဝင်စားစရာပါ။နောက်တစ်ပတ်မှာ နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်တွေကို ECOWAS (အီကိုဝက်စ်) ဒေသတွင်းအဖွဲ့က အရေးယူဖို့ လုပ်နေတာနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရဲ့ ခရီးစဉ်အကြောင်း ဆက်ဖော်ပြချင်ပါတယ်။

မင်းထက်