【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ပြင်းထန်လာဖွယ်ရှိတဲ့ ယူကရိန်းစစ်ရေးနှင့် အလှမ်းဝေး ငြိမ်းချမ်းရေး

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ပြင်းထန်လာဖွယ်ရှိတဲ့ ယူကရိန်းစစ်ရေးနှင့် အလှမ်းဝေး ငြိမ်းချမ်းရေး

ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေထဲမှာ စိတ်ဝင်စားစရာဖြစ်ခဲ့တာက ပြင်းထန်လာတဲ့ ယူကရိန်းတန်ပြန်ထိုးစစ်ကြောင့် ရုရှားက လေကြောင်းတိုက်ခိုက်မှုတွေ မြင့်တက်လာနေတဲ့ သတင်းတွေပါပဲ။

ဒီသတင်းလိုပဲ တခြားစိတ်ဝင်စားဖို့ကောင်းတဲ့ အာဖရိကတိုက်က  နိုင်ဂျာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလို့ ဖြစ်ပေါ်လာတဲ့ ရိုက်ခတ်မှုတွေ၊ အမေရိကန်နဲ့ တရုတ်အကြား တင်းမာမှုမှာ တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသားနှစ်ဦးကို စစ်ဘက်ဆိုင်ရာသူလျှိုလုပ်မှုနဲ့ အမေရိကန်အာဏာပိုင်တွေက ဖမ်းဆီးတရားစွဲဆိုလိုက်တဲ့သတင်းတွေ၊အိုင်အက်စ်အဖွဲ့က ၎င်းတို့ခေါင်းဆောင်သေဆုံးကြောင်း ကြေညာခဲ့တာတွေ၊ တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီအရှိန်နဲ့ တရုတ်မှာ ရေကြီးရေလွှမ်းမှုတွေဖြစ်ပြီး လူ ၂၀ ကျော် သေဆုံးခဲ့ရတာတွေ၊ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ တောမီးလောင်လို့ သဲကန္တာရထဲက အဖိုးတန် Joshua (ဂျော့ရှူအာ) အပင်တွေ ပျက်စီးတဲ့အထိဖြစ်နေတာတွေ၊ အိန္ဒိယမြောက်ပိုင်း ဟာရီယနပြည်နယ်မှာ ဘာသာရေးအဓိကရုဏ်းဖြစ်လို့ လူ ၅ ဦးသေဆုံးခဲ့တာတွေ၊ ပါကစ္စတန်မှာ ရထားတစ်စင်းလမ်းချော် တိမ်းမှောက်လို့ အနည်းဆုံး လူ ၃၀ သေဆုံးပြီး ၆၀ ဒဏ်ရာရခဲ့တာတွေ စတဲ့ သတင်းတွေလည်းရှိခဲ့ပါတယ်။

ဒီတစ်ပတ်မှာ ယူကရိန်းမှာ တိုက်ခိုက်မှုပြင်းထန်လာနေတဲ့သတင်းနဲ့ ဆော်ဒီနိုင်ငံ ဂျဒက်ဒ်မှာ ကျင်းပနေတဲ့ ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲ သတင်းတွေက စိတ်ဝင်စားဖို့ကောင်းနေခဲ့ပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲအကြောင်းမစခင် ယူကရိန်း လက်ရှိစစ်ရေးအခြေအနေကို အရင်ဖော်ပြချင်ပါတယ်။

             နျူနဲ့ခြိမ်းခြောက်ရလောက်အောင် သမားရိုးကျစစ်ပွဲမှာ ရုရှားရှုံးနိမ့်နေပြီလား

ယခုရက်ပိုင်းမှာ ရုရှားဘက်က နျူလက်နက်နဲ့ ခြိမ်းခြောက်မှု ပိုမြင့်တက်လာနေပါတယ်။အထူးသဖြင့် နိုင်ငံတကာက မအောင်မြင်ခဲ့ဘူးလို့ သတ်မှတ်ခဲ့တဲ့ ရုရှား-အာဖရိက ထိပ်သီးဆွေးနွေးပွဲနောက်ပိုင်းမှာ ရုရှားဘက်က တိုက်ခိုက်မှုတွေဟာ အရပ်ဘက်ပစ်မှတ်တွေနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းဖြစ်စေဖို့ဆီကို ဦးတည်တိုက်ခိုက်နေတာကို တွေ့ရပါတယ်။

ဇူလိုင် ၃၀ ရက်မှာ ယူကရိန်းသမ္မတ ဇီလင်စကီးက စစ်ပွဲဟာ မော်စကိုထိရောက်လာပြီလို့ မော်စကိုမှာ ယူကရိန်းဒရုန်းသုံးစင်း ပစ်ချခံရတာကို ရည်ညွှန်းပြီး ပြောလို့အပြီးမှာ ရုရှားဘက်က တိုက်ခိုက်မှုဟာ လှိုင်းလုံးသဖွယ် မြင့်တက်လာခဲ့ပါတယ်။အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံပြုထားတဲ့ ယူကရိန်းရဲ့ တိုက်ရည်ခိုက်ရည်အခြေအနေက ကမ္ဘာ့မီဒီယာတွေမှာ မြင်တွေ့ရခဲ့လို့ ယူကရိန်းတန်ပြန်ထိုးစစ်အခြေအနေကို ရုရှားဘက်က ထုတ်ပြန်မှုတွေကိုသာကြည့်ပြီး ခန့်မှန်းမှုတွေသာလုပ်နိုင်တဲ့ အခြေအနေပါ။ရုရှားဘက်မှာ အထိနာသွားပြီဆိုရင် ကိယက်ဗ်ကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဆင်နွှဲလေ့ရှိတတ်ပါတယ်။

ဇူလိုင် ၃၁ ရက်မှာဆိုရင် ယူကရိန်းသမ္မတ မွေးရပ်မြို့ရှိ လူနေတိုက်တန်းလျားတစ်ခုနှင့် တက္ကသိုလ်အဆောက်အအုံတို့ကို ရုရှားက ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့လို့ အနည်းဆုံး လူခြောက်ဦးသေဆုံးပြီး အခြားလူ ၇၅ ဦးဒဏ်ရာရခဲ့သလို ပေါက်ကွဲမှုများကြောင့် အပျက်အစီးများအောက် ပိတ်မိနေသူတွေကို ကယ်ထုတ်ခဲ့ရပါတယ်။

သြဂုတ် ၂ ရက်မှာဆိုရင် ရုရှားဟာ  အီရန်လုပ် Shahed ဒရုန်းတွေနဲ့ ကိယက်ဗ်ကို ညဘက်တိုက်ခိုက်ခဲ့လို့ နိုင်ငံတကာလေဆိပ်ရှိသည့် ဆိုလိုမြန်စကီးမြို့အပါအဝင် ခရိုင်အချို့ကို ထိခိုက်ခဲ့ပါတယ်။ ဒါဟာ မော်စကိုမြို့တော်၊ ခရိုင်းမီးယားဒေသနှင့် ပင်လယ်နက်ရှိ ရုရှားသင်္ဘောများကို ပစ်မှတ်ထားသည့် ယူကရိန်းရဲ့ဒရုန်းတွေကို ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်အပြီးမှာ ဖြစ်လာတာပါ။ယူကရိန်းဘက်ကလည်း အသံမထွက်ဘဲ မော်စကိုထိ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ မော်စကိုမြို့တော်က  ဘဏ္ဍာရေးခရိုင်မှာရှိတဲ့ မိုးမျှော်အဆောက်အအုံတစ်ခုဆိုရင် နှစ်ကြိမ်တောင် တိုက်ခိုက်ခံခဲ့ရပါတယ်။

ဩဂုတ်၂ ရက်က ရုရှားတိုက်ခိုက်မှုထဲမှာ ရိုမေးနီးယားကို ဖြတ်စီးနေတဲ့ ဒင်းညုမြစ်တစ်ဖက်ကမ်းမှာရှိတဲ့  ယူကရိန်းအဓိကကုန်းတွင်းဆိပ်ကမ်းတစ်ခုကို တိုက်ခဲ့လို့ ဂျုံဂိုထောင်တွေရှိတဲ့ အစ္စမေးလ်ဆိပ်ကမ်းက အဆောက်အအုံတွေ ပျက်စီးစေခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အာဖရိ၊ အစ္စရေး၊ တရုတ်တို့ကဲ့သို့သော နိုင်ငံများသို့ ပို့မည့် ဂျုံတန်ချိန် ၄၀,၀၀၀ နီးပါးကို ပျက်စီးသွားခဲ့ပါတယ်။ဒါ့အပြင် ဒီပျက်စီးမှုကြောင့် တစ်ကမ္ဘာလုံး အစားအသောက်စျေးများ မြင့်တက်သွားခဲ့ပါတယ်။ဒါပေမဲ့ ရုရှားဘက်ကတော့ ထိမှန်သွားသော ဆိပ်ကမ်းနှင့် ဂျုံသိုလှောင်ရာ အဆောက်အအုံတွေဟာ ပြည်ပကြေးစားစစ်သားများနှင့် စစ်လက်နက်ပစ္စည်းများကို ထားရှိတဲ့ နေရာဖြစ်တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

ဩဂုတ် ၄ ရက်မှာတော့ ပင်လယ်နက်အခြေစိုက်စခန်းရှိ ရုရှားရေတပ်သင်္ဘောတစ်စင်းကို ယူကရိန်းက ရေအောက်ဒရုန်းနဲ့တိုက်ခဲ့လို့ ရုရှားတောင်ပိုင်း နိုဗိုရော့ဆစ်ခ်ရေတပ်စခန်းရှိ ကမ်းတက်စစ်သင်္ဘော အိုလီနီဂရော့စကီး ဂွန်ယက်ခ်ကို ထိမှန်ကာ ပျက်စီးခဲ့ပါတယ်။ရုရှားကတော့ ထုံးစံအတိုင်း ယူကရိန်းစစ်တပ်က မောင်းသူမဲ့ရေယာဉ်နှစ်စင်း အသုံးပြုပြီး ရေတပ်စခန်းတိုက်ခိုက်ရန် ကြိုးပမ်းမှုကို တွန်းလှန်နိုင်ခဲ့တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။သီးခြားတိုက်ခိုက်မှုတစ်ခုအဖြစ် ဩဂုတ် ၅ ရက် မနက်ပိုင်းမှာ ကာ့ချ်ရေလက်ကြားမှာ ရုရှားရေနံတင်သင်္ဘောတစ်စင်းကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ ထိမှန်ပျက်စီးခဲ့တယ်လို့  ရုရှားမီဒီယာတွေက ထုတ်ပြန်ခဲ့ပါတယ်။  

ရုရှားအစိုးရပိုင် ရေနံတင်သင်္ဘောကို ဒရုန်းနဲ့ တိုက်ခိုက်ပြီးနောက် ယူကရိန်းရေကြောင်းအာဏာပိုင်တွေက ယူကရိန်းပိုင် ခရိုင်းမီးယား ဆိပ်ကမ်းတွေနဲ့ ပင်လယ်နက် ရုရှားဆိပ်ကမ်းတွေမှာ ဆိုက်ကပ်တဲ့ နိုင်ငံခြားသင်္ဘောတွေ ဩဂုတ် ၂၃ ရက် နောက်ဆုံးထားပြီး ထွက်ခွာသွားကြဖို့ပါ သတိပေးချက်ထုတ်ခဲ့ပါတယ်။ရုရှားအတွက် ဒါဟာ အရှက်တကွဲဖြစ်ရပ်ပါပဲ။

ဩဂုတ် ၅ ရက်မှာ ရုရှားလုံခြုံရေးကောင်စီ ဒုတိယအကြီးအကဲ ဒီမီထရီ မက်ဗီဒက်ကတော့ ရုရှားရေနံတင်သင်္ဘောကို ဒရုန်းနဲ့ တိုက်ခိုက်တာဟာ အရပ်ဘက်ပစ်မှတ်ကို ရည်ရွယ်တာဖြစ်လို့ အကြမ်းဖက်တိုက်ခိုက်မှုမြောက်တဲ့အတွက် အပြင်းအထန် လက်တုံ့ပြန်သွားမယ်ဆိုပြီး ပြောခဲ့ပါတယ်။ဒါ့အပြင် “ယူကရိန်းဆိပ်ကမ်းတွေကိုသာမက ယူကရိန်းအနောက်ပိုင်းအထိ အပြင်းအထန်တိုက်ခိုက်ပြဖို့ လိုနေပြီ” လို့ ပြောခဲ့ပါတယ်။

ရုရှားလေတပ် ဗိုလ်မှူးချုပ်ဟောင်း ဗစ်တာ အီမန်တိုဗစ်ချ်ကတော့ “ရုရှားခေါင်းဆောင်တွေအနေနဲ့ အပြင်းအထန် လက်တုံ့ပြန်မယ်လို့ အကြိမ်ကြိမ်ပြောနေပေမယ့် ရုရှားစစ်တပ်ဟာ ပင်လယ်နက်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးဆိုတာ ထင်ရှားနေပြီ” လို့ ပြောခဲ့ပါတယ်။

ဩဂုတ် ၆ ရက် နေ့လယ်မှာ ခရိုင်းမီးယားမြောက်ပိုင်းက ဆက်သွယ်ရေး မဟာဗျူဟာကျတဲ့ တံတားကို ယူကရိန်းက ဒုံးကျည်တွေနဲ့တိုက်ခိုက်လို့ တံတားအလယ်ပိုင်းနဲ့ ခွန်ခ ခရိုင်အုပ်ချုပ်ရေးရုံးကို ထိမှန်ခဲ့သလို အနီးနားက ဓာတ်ငွေ့ပိုက်လိုင်းတွေပါထိလို့ ဒေသခံနှစ်သောင်းကျော်အတွက် ဓာတ်ငွေ့ထောက်ပံ့ပေးမှု ရပ်သွားခဲ့ပါတယ်။ရုရှားဘက်ကတော့ ထုံးစံအတိုင်း ယူကရိန်းဘက်က တန်ပြန်ထိုးစစ် အခြေအနေမကောင်းတော့လို့ ခရိုင်းမီးယားအပါအဝင် ရုရှားနိုင်ငံထဲကို အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်လာတာလို့ ဝါဒဖြန့်ခဲ့ပါတယ်။ဒီအခြေအနေကြောင့် ယူကရိန်းကို ကျူးကျော်နေတဲ့ ရုရှားအဖို့ ၂၀၁၄ ခုနှစ်က သိမ်းယူထားတဲ့ ခရိုင်းမီးယားကိုတောင် မကာကွယ်နိုင်တော့တဲ့ အခြေအနေကို ဆိုက်ရောက်လာနေပါတယ်။

             ဆော်ဒီ ကမကထပြုတဲ့ ဇီလင်စကီးရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်က ဆော်ဒီအာရေဗျနိုင်ငံမှာ ဩဂုတ် ၅ ရက်ကနေ ၆ ရက်အထိ နှစ်ရက်တာကျင်းပမယ့် ဇီလင်စကီးရဲ့ ယူကရိန်းငြိမ်းချမ်းရေးဖော်မြူလာ အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးပွဲကို ထောက်ခံတာဟာ နာဇီလက်သစ်ဝါဒကို အားပေးသလိုဖြစ်မယ်ဆိုပြီး ဩဂုတ် ၅ ရက်မှာ ပြောခဲ့ပါတယ်။ဒါဟာ နိုင်ငံပေါင်း ၄၀ ကျော် တက်ရောက်တဲ့ အစည်းအဝေးဖြစ်ပြီး အိန္ဒိယ၊ တရုတ်တို့ပါ တက်ရောက်ခဲ့တာဖြစ်လို့ ရုရှားက အတော်လေးကို အခံရခက်နေလို့ ထွက်လာတဲ့ အသံပါပဲ။

ဒီဂျဒ်ဒါ ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို တရုတ်တက်ရောက်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဆိုရင် ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရဖြေရှင်းရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နိုင်ဖို့ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်ဆိုပြီး ပြောခဲ့တာကို တွေ့ရပါတယ်။     

ဒီအစည်းအဝေးဟာ ယူကရိန်းအရေးမှာ အကြီးမားဆုံး သံတမန်အခွင့်အလမ်းအဖြစ် ရှုမြင်ခံထားရတာဖြစ်လို့ တရုတ်နဲ့ အိန္ဒိယပါဝင်လာတာဟာ ရုရှားအတွက် အတော်လေးနေမထိထိုင်မသာဖြစ်စရာပါ။ငြိမ်းချမ်းရေးညီလာခံဆိုတာဟာ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေနဲ့ ကုလသမဂ္ဂပဋိဉာဉ်စာတမ်းပါအတိုင်း လိုက်နာဆောင်ရွက်တဲ့ နိုင်ငံတွေပဲ တက်သင့်တဲ့ ညီလာခံဖြစ်တယ်လို့ ယူကရိန်းသမ္မတက ပြောထားသလို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဆော်ဒီအစိုးရကလည်း ရုရှားကို ဖိတ်ကြားခြင်းမရှိခဲ့လို့ ရုရှားအစိုးရက မကျေမနပ်ဖြစ်နေပုံရတယ်လို့ နိုင်ငံတကာလေ့လာသူတွေက သုံးသပ်ပါတယ်။

ဒါကြောင့်လည်း လာဗရော့ဗ်က “ရုရှားစကားပြော ပြည်သူတွေအပါအဝင် ယူကရိန်းနိုင်ငံထဲက တစ်ခြားလူနည်းစုတွေအရေးကိုပါ ထည့်သွင်းစဉ်းစားတဲ့ ငြိမ်းချမ်းရေးဖော်မြူလာ နောက်ထပ်တစ်ခုထုတ်ဖို့ ဇီလင်စကီးကို ဖိအားပေး တောင်းဆိုသင့်တယ်” လို့လည်း ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။

ရုရှားဘက်က သူကျုးကျော်ထားတဲ့နေရာတွေ မစွန့်လွှတ်ဘဲ လုပ်ချင်တဲ့ အပစ်ခတ်ရပ်စဲရေးဟာ နိုင်ငံတကာက လက်မခံသလို ရုရှားစနက်ကြောင့် နိုင်ငံတကာမတည်မငြိမ်ဖြစ်နေတာတွေကြောင့် ရုရှားက လိုချင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ စစ်ပန်းနေတာကို ခေတ္တရပ်ချင်တာလို့ပဲ အနောက်နိုင်ငံတွေက ယူဆထားပါတယ်။

ဒါကြောင့် ဇီလင်စကီးရဲ့ ငြိမ်းချမ်းရေးဖော်မြူလာ အကောင်အထည်ဖော်ဖို့ ပထမဆုံးဆွေးနွေးပွဲအဖြစ် ဒိန်းမတ်နိုင်ငံမှာ ပြီးခဲ့တဲ့ဇွန်မှာ ကျင်းပချိန်က တရုတ်အစိုးရက မတက်ရောက်ခဲ့ပေမယ့် အခု ဆော်ဒီမှာ ဒုတိယအကြိမ်ကျင်းပမယ့် ဆွေးနွေးပွဲမှာတော့ ရုရှားကျူးကျော်စစ်ကြောင့် တစ်ကမ္ဘာလုံး အခက်တွေ့လာနေလို့ တရုတ်ပါ တက်ရောက်လာခဲ့တာဖြစ်ပါတယ်။ဒီအတွက် ရုရှားဟာ ဖယ်ကျဉ်ခံနိုင်ငံတစ်ခုအနေအထားကို ရောက်သွားသလို ငြိမ်းချမ်းရေးကို မလိုလားဘဲ အပြောသက်သက် ရှုမြင်ခံရတဲ့အထိ ဩဇာအာဏာပါ ထိုးကျခဲ့ပါတယ်။

ဒီတစ်ပတ်ထဲမှာ ပူတင်ဟာ လာမည့်နှစ်မှာကျင်းပမယ့် ရုရှားရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့အနေအထားနဲ့ အတိုက်အခံတွေကို နှိပ်ကွက်နေရာမှာ ၂၀၂၁ ခုနှစ်ကတည်းက ဖမ်းဆီးထားတဲ့ အဓိကအတိုက်အခံ နာဗယ်နီကို ထောင် ၁၉ နှစ် ထပ်ချခဲ့သလို သူ့လက်ထောက်ကိုလည်း ထောင် ၉ နှစ်ချခဲ့ပါတယ်။

ပြည်တွင်းမှာ အာဏာရှင်ဖြစ်နေတဲ့ ပူတင်ကို ထောက်ခံမှု ရှိ၊ မရှိဆိုတာ ကာဇက်စတန်မှာ စစ်သားစုဆောင်းဖို့ ငွေမက်လုံးပေးပြီး ခေါ်နေရတာနဲ့ ယူကရိန်းပြန်သူရဲကောင်းဆုတံဆိပ်ရ ရုရှားစစ်ပြန်လူငယ်တစ်ယောက်ကို ရုရှားလူငယ်တွေက ညကလပ်မှာ သေလုမြောပါးရိုက်နှက်ခဲ့တာကိုကြည့်ရင် သိနိုင်တဲ့အနေအထားပါ။    

ယူကရိန်းစစ်ပွဲမှာ ယူကရိန်းတပ်တွေက တအိအိနဲ့ ရုရှားနယ်စပ်ထိ တိုးလာနေပါတယ်။

မင်းထက်