【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ယူကရိန်းစစ်ပွဲ အဆုံးသတ်က နျူကလီးယားစစ်ပွဲ အစလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ယူကရိန်းစစ်ပွဲ အဆုံးသတ်က နျူကလီးယားစစ်ပွဲ အစလား

ယခုတစ်ပတ် နိုင်ငံတကာမှာ စိတ်ဝင်စားဖွယ်ရာ သတင်းအချို့ ဖြစ်ခဲ့ပါတယ်။

ရုရှားကျူးကျော်စစ် ဆင်နွှဲတာကို ခံနေရတဲ့ ယူကရိန်းကို အခိုင်အမာထောက်ခံပေးနေတဲ့ မြောက်အတ္တလန္တိတ်စစ်ရေးစာချုပ်အဖွဲ့ (NATO) ဟာ အတွင်းရေးမှူးချုပ်နေရာမှာ လက်ရှိအတွင်းရေးမှူးချုပ်ဖြစ်တဲ့ ဂျန် စတော့တန်ဘတ်ကို ဆက်ရွေးချယ်ခဲ့တဲ့အတွက် ယူကရိန်းစစ်ဟာ ပိုပြီးပြင်းထန်လာဖို့ရှိနေပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့ တခြားသတင်းတွေကို မဖော်ပြခင် ယခုတစ်ပတ် ထိပ်တန်း စိတ်ဝင်စားစရာ သတင်းအချို့ကို အရင်ဖော်ပြချင်ပါတယ်။ဒီသတင်းတွေက ရုရှား MiG-31 တိုက်လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းနေစဉ် ပစိဖိတ်သမုဒ္ဒရာထဲ ပျက်ကျခဲ့တာ၊ တရုတ်စစ်သင်္ဘောသုံးစင်း နိုင်ဂျီးရီးယားရှိ 'Port Call' ဆိပ်ကမ်းကို ရောက်ရှိခဲ့တာ၊ NATO အတွင်းရေးမှူးချုပ် ရာထူးသက်တမ်းတိုးခြင်းကို ဘိုင်ဒင် ကြိုဆိုလိုက်တာ၊ အငြင်းပွား ရေပိုင်နက်တွင် သင်္ဘောသွားလာမှုကို တရုတ်က ပိတ်ဆို့တယ်လို့ ဖိလစ်ပိုင်က စွပ်စွဲလိုက်တာ၊ ကမ္ဘာ့အပူချိန် ဆက်လက်မြင့်တက်နေမယ်လို့ ပညာရှင်တွေ သတိပေးခဲ့တာ၊ ဆူဒန်မှာ  ပြည်တွင်းစစ်ကြီးဖြစ်ဖို့ နီးကပ်လာနေပြီလို့  ကုလအကြီးအကဲက သတိပေးခဲ့တာ၊ တရုတ်အနောက်တောင်ပိုင်း ရေကြီးမှုမှာ ၁၅ ဦးသေဆုံးပြီး အများအပြားပျောက်ဆုံးနေတာ၊ မက္ကဆီကိုမှာ ဘတ်စ်ကားတစ်စီး ချောက်ထဲကျလို့ ၂၇ ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရခဲ့တာ စတဲ့ သတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

ဒီတစ်ပတ်မှာ အထူးပြုဖော်ပြပေးချင်တာက ရုရှားဒုခေါင်းဆောင်လို့ ပြောလို့ရတဲ့ မက်ဗီဒက်ခ်က ပြည်တွင်းသတင်းဌာနတစ်ခုနဲ့ ထုံးစံအတိုင်း ဝါဒဖြန့်ဖို့အတွက် တယ်လီဂရမ်မှာ နျူကလီးယားလက်နက်ကြောင့် ကမ္ဘာပျက်ကိန်းဖြစ်နိုင်တယ်ဆိုသေးတာကို ရေးခဲ့တာပါပဲ။ဒါက ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် မကြာခဏဆိုသလို ရုရှားဘက်က ခြိမ်းခြောက်နေတာဖြစ်ပြီး ယခု ယူကရိန်းဘက်ကနေ တန်ပြန်ထိုးစစ် အားကောင်းလာစပြုချိန်မှာ ပြန်ခြိမ်းခြောက်လာနေတာကတော့ ယခင်လိုမဟုတ်ဘဲ အနောက်နိုင်ငံတွေက သတိထားနေတာ စိတ်ဝင်စားစရာပါပဲ။

           နျူကလီးယားနဲ့ တစ်ကျော့ပြန်ခြိမ်းခြောက်မှု

ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ရုရှားသမ္မတဟောင်း မက်ဗီဒက်ခ်က တယ်လီဂရမ်မှာ နျူကလီးယားလက်နက်ကြောင့် ကမ္ဘာပျက်ကိန်းဆိုတာ ရှိနိုင်သေးတယ်လို့ ရေးခဲ့ပါတယ်။ယခင်တစ်ပတ်က ပြောခဲ့သလိုပါပဲ ယူကရိန်းတန်ပြန်ထိုးစစ် အလုပ်ဖြစ်လာခဲ့ရင် ရုရှားဘက်က နျူကလီးယားလက်နက်ကို ထုတ်သုံးဖို့အထိ ဖြစ်လာနိုင်တယ်ဆိုတာ ယခု မက်ဗီဒက်ခ်စကားကို ကြည့်မယ်ဆိုရင် သိနိုင်မယ် ထင်ပါတယ်။

တယ်လီဂရမ်မှာ မက်ဗီဒက်ခ်က “နိုင်ငံရေးသမား အရောင်အသွေးစုံတွေ ဝန်မခံချင်တဲ့ ကိစ္စတစ်ခု ကျနော်ဝန်ခံမယ်။နျူကလီးယားလက်နက်ကြောင့် ကမ္ဘာပျက်ကိန်းက ဖြစ်နိုင်ရုံသာမက ဖြစ်တန်ခြေတောင်ရှိနေတယ်” လို့ ရေးခဲ့တာပါ။ဘာကြောင့် ဖြစ်နိုင်လဲဆိုတာကို သူက အချက်နှစ်ချက်ကို ဖော်ပြခဲ့ပါတယ်။တစ်ခုက ရုရှားနဲ့ အနောက်နိုင်ငံတွေကြား ဖြစ်နေတဲ့ လက်ရှိထိပ်တိုက်တွေ့နေမှု၊ ဒုတိယအချက်က နျူကလီးယားလက်နက် မသုံးရဆိုတဲ့ တားမြစ်ချက်ကို ယခင်ကတည်းက ချိုးဖောက်ထားလို့ ဆိုပါတယ်။ဒါဟာ  ကမ္ဘာကိုထပ်ခြိမ်းခြောက်ခဲ့တာဖြစ်သလို တစ်ဖက်ကကြည့်ရင် ယူကရိန်းတန်ပြန်ထိုးစစ်မှာ သူတို့ရှုံးနိမ့်လာနိုင်တာကို တွက်ဆမိတဲ့ သဘောပါပဲ။  

မကြာခင်ကဖြစ်ခဲ့တဲ့ ပရီဂိုရှင်ရဲ့ ဝဂ္ဂနာပုန်ကန်မှုဟာ ရုရှားရဲ့ အတွင်းပိုင်းအခြေအနေကို လှစ်ဟလိုက်သလိုဖြစ်ရပ်ပါ။ဒီလိုပုန်ကန်မှုအတွက် ပူတင်ရော၊ လာဗရော့ရော၊ ဆာဂိုင်းရှိုးဂုပါ မူလအခြေအနေပြန်ရောက်ဖို့ ကြိုးစားပြီး ဝါဒဖြန့်တာတွေကို ရုရှားပြည်တွင်းမှာ လုပ်နေရပေမယ့် ဂျာမန်သတင်းဌာန DW နဲ့ တွေ့ဆုံမှုမှာ ဒီပုန်ကန်မှုက ပူတင် ပုံဖော်နေတဲ့ တည်ငြိမ်မှုဒဏ္ဍာရီကို တစစီခွဲချေလိုက်ကြောင်းနဲ့ ရုရှားပြည်တွင်းမှာ ပူတင်ကို အင်အားနည်းသွားစေကြောင်း ရုရှားဝန်ကြီးချုပ်ဟောင်း မစ်ခေး ကက်စ်ယာနော့က ပြောခဲ့ပါတယ်။

ဒီပုန်ကန်မှုဖြစ်ရပ်ကြောင့် သုတေသီနှင့် ရုရှားနိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူ မတ်အင်န်ကက်ဇ်က “လက်အောက်ခံတွေကြားမှာ ပဋိပက္ခဖြစ်ပြီး တစ်ယောက်က တပ်တွေကို မြို့တော်ကိုလွှတ်လိုက်တယ်ဆိုတာမျိုးက ဘယ်အာဏာရှင်အတွက်မဆို ရုပ်ပျက်ဆင်းပျက်ဖြစ်တယ်။အခုတော့ အမြဲတမ်းတပ်တွေကြားမှာ အခြား ပိုမိုကြီးကျယ်တဲ့ ပူတင် ဆန့်ကျင်ရေးတွေ ဖြစ်နေပြီလို့ ကျနော်ထင်တယ်” လို့  သုံးသပ်ခဲ့ပါတယ်။ဒီလိုအခြေအနေတွေကြောင့် ရုရှားကို ကြည့်မယ်ဆိုရင် နှစ်ပိုင်းခွဲကြည့်ရတော့မယ့် အခြေအနေဖြစ်လာပါတယ်။

တစ်ပိုင်းက ပြည်တွင်းဖြစ်ပြီး၊ တစ်ပိုင်းက ယူကရိန်းရှေ့တန်းရောက်နေတဲ့ ရုရှားကျူးကျော်တပ်တွေ အခြေအနေပါ။လောလောဆယ်မှာ ရုရှားက သူ့တပ်တွေဆွဲထုတ်ဖို့နဲ့ ထိုးစစ်ကို အာရုံဝေဝါးစေဖို့ ယူကရိန်းမြို့ကြီးတွေကို ဒရုန်းတွေ၊ ခရုဇ်ဒုံးကျည်တွေနဲ့ အပြင်းအထန် လေကြောင်းကနေ တိုက်နေပါတယ်။

           ရှေ့သို့တိုးလာနေတဲ့ ယူကရိန်းတပ်တွေ

ယူကရိန်းဒုတိယကာကွယ်ရေးဝန်ကြီး ဂန်နာမာလီယာက ဇူလိုင် ၂ ရက်နေ့မှာ ရုရှားတပ်တွေ အက်ဒီဗကာ၊ မာရင်ကာ၊ လေမန်း၊ ဆဗာတော့ကို ချီတက်လာနေတယ်လို့ ပြောခဲ့ပါတယ်။ဒါဟာ ဇွန်လက စခဲ့တဲ့ ယူကရိန်းတန်ပြန်ထိုးစစ်မှာ ကြီးကြီးမားမား အောင်ပွဲမရသေးပေမယ့် တိုးတက်မှုများစွာရရှိနေတဲ့ ယူကရိန်းဘက်ကနေ ထွက်လာတာပါ။တကယ်ဖြစ်နေတဲ့ ရှေ့တန်းကအခြေအနေကိုသိဖို့ဆို အားကိုးရလောက်တဲ့ အချက်အလက်ကရှားပြီး တရားဝင်ထုတ်ပြန်ချက်တွေက လွဲမှားတဲ့ တစ်ဖက်သတ်ဝါဒဖြန့်မှုတွေဖြစ်လို့ တကယ်အခြေအနေမှန်ကို သိရခက်ပါတယ်။

ရုရှားဘက်က ထုတ်ပြန်ချက်တွေမှာ ယူကရိန်းတန်ပြန်ထိုးစစ်က တင့်ကားတွေ၊ လေယာဉ်တွေ ရာနဲ့ချီ ဖျက်ဆီးနိုင်ကြောင်း ထုတ်ပြန်နေပေမယ့် တကယ်မှာ အဲဒီလောက်ထိ အနောက်နိုင်ငံတွေက မပို့ထားလို့ ယုံစားရခက်နေပါတယ်။ယူကရိန်းဘက်ကတော့ အနောက်နိုင်ငံတွေက ထုတ်ပြန်မှုကို ထိန်းချုပ်ထားတဲ့အတွက် ရုရှားထက်စာရင် တိကျပါတယ်။ဒါ့အပြင် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ကလည်း မှန်ကန်တာမို့ ဒီသုံးခုကို တိုက်ဆိုင်ပြီး ထုတ်ပြန်ချက်ကိုကြည့်ကာ အခြေအနေကို ခန့်မှန်းမယ်ဆိုရင် ယူကရိန်းတန်ပြန်ထိုးစစ်က အလုပ်ဖြစ်နေတဲ့ အနေအထားပါ။ဘာကြောင့်ဆိုရင် ဆိုဗီယက်ခေတ်ထုတ် တင့်ကားတွေကိုပါ ရုရှားဘက်က ထုတ်သုံးနေရလို့ ဖြစ်ပါတယ်။  

ဇူလိုင် ၂ ရက်ကပြောတဲ့ ယူကရိန်းဒု-ကာကွယ်ရေးဝန်ကြီး ဂန်နာမာလီယာ ပြောဆိုတဲ့အထဲမှာလည်း ယူကရိန်းတပ်များသည် အရှေ့ပိုင်းရှိ ဘတ်မွတ်ခ်နှင့် ဘာဒန့်အနီးတို့ရှိ တောင်ပိုင်း စစ်တောင်ပံတွင်လည်းကောင်း၊ တောင်ပိုင်းရှိ မာလီတိုပိုးလ်တို့တွင်လည်းကောင်း တစ်စိတ်တစ်ပိုင်း အောင်ပွဲရခြင်းနှင့်အတူ ချီတက်နေတယ်လို့သာပြောပြီး ရန်သူခုခံမှု၊ အဝေးမှမိုင်းခွဲမှု၊  အရန်တပ်များချထားမှုတို့ကြောင့် ဖြည်းဖြည်းချင်းသာ ချီတက်နေရတယ်လို့ ပြောခဲ့ပါတယ်။ဇူလိုင် ၂ ရက်မှာ ကိယက်ဗ်ကို ရုရှားက ပစ်ခတ်တဲ့ အီရန်လုပ် Shahed ဒရုန်း ၈ စင်းနှင့် ခရုဇ်ဒုံးကျည် ၃ စင်းကို ယူကရိန်းတပ်တွေက ပစ်ချခဲ့တယ်ဆိုပါတယ်။

အဲဒီရက်က ဝါရှင်တန်အမျိုးသားသတင်းကလပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အမေရိကန်စစ်တပ်အကြီးအကဲ မတ်ခ်မိုင်လေက ယူကရိန်းတန်ပြန်ထိုးစစ်ဟာ တဖြည်းဖြည်း တိုးတက်နေပြီး ခက်ခဲသော မိုင်းကွင်းများကို ဖြတ်သန်းနေရလို့ တနေ့ကို မီတာ ၅၀၀ - ၂၀၀၀ ကြားသာ ရှေ့သို့တက်လာနိုင်တဲ့အခြေအနေ ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။တန်ပြန်ထိုးစစ်ကြောင့် ကျေးရွာအများအပြားကို သိမ်းပိုက်နိုင်ပြီး တောင်ပိုင်းက စတုရန်းမိုင် ၅၀ ခန့်ကို လွတ်မြောက်စေခဲ့တယ်လို့ ယူကရိန်းစစ်တပ်က အဲဒီရက်မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင် ၃ ရက်က ယူကရိန်းဘက်က ထုတ်ပြန်တဲ့ ဗီဒီယိုမှာတော့ အမေရိကန်ထောက်ပံ့ပေးထားတဲ့ ဒုံးကျည်စနစ်နဲ့ ရုရှားဘက်မှ ပစ်မှတ်များကို ထိမှန်အောင် ယူကရိန်းစစ်တပ်က ပစ်ခတ်ခဲ့တဲ့ ဗီဒီယိုကို ပြသခဲ့ပါတယ်။ယူကရိန်းစစ်တပ်ရဲ့ ဇူလိုင် ၄ ရက်တွင် အစီရင်ခံစာမှာတော့ ဒိုးနက်ဒေသ ရှေ့တန်းစစ်မျက်နှာမှာရှိတဲ့ ရုရှားထိန်းချုပ်ထားတဲ့ မာကီဗ်ကာမြို့ကို ယူကရိန်းတပ်တွေ တိုက်ခိုက်ခဲ့တယ် ဆိုပါတယ်။ဒီလိုတိုက်ခိုက်မှုကြောင့် ရုရှားဘက်က အထိုင်ချထားမှုတွေ ပျက်စီးခဲ့တယ် ဆိုပါတယ်။

ရုရှားဘက်က ထုတ်ပြန်ချက်တွေမှာတော့ ယူကရိန်းတပ်ဖွဲ့များသည် မာကီဗ်ကာမြို့ရှိ လူနေရပ်ကွက်များနှင့် ဆေးရုံတစ်ရုံကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့လို့ တစ်ဦးသေဆုံးပြီး ကလေးနှစ်ဦးအပါအဝင် ၄၁ ဦး ဒဏ်ရာရခဲ့တယ် ဆိုပါတယ်။ဇူလိုင် ၃ ရက်မှာဘဲ ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့က ယူကရိန်းအရပ်ဘက်အခြေခံအဆောက်အဦတွေကို ရုရှားကို တိုက်ခိုက်ဖို့ အသုံးပြုခဲ့တဲ့ နိုင်ငံပေါင်းစုံက ကြေးစားစစ်သားတွေနဲ့ အနောက်နိုင်ငံတွေက စစ်ဗိုလ်ချုပ်တွေကို ချေမှုန်းပစ်မယ်လို့ ကတိပြုခဲ့တယ်လို့ TASS သတင်းကနေ ဖော်ပြခဲ့ပါတယ်။

ယူကရိန်းဘက်က မြေပြင်မှာ ထိုးစစ်ဆင်နေသလို ရုရှားကလည်း သူအားသာတဲ့ လေကြောင်းကနေ ရှာဟက် အသေခံဒရုန်းတွေ၊ ခရုဇ်ဒုံးကျည်တွေနဲ့ ယူကရိန်းနိုင်ငံတစ်ဝန်းက မြို့ကြီးတွေကို ဆက်တိုက်ဆိုသလို တိုက်ခိုက်နေတာပါ။ဇူလိုင် ၄ ရက်မှာဆိုရင် ယူကရိန်းအရှေ့မြောက်ပိုင်း ခါကိဗ်ဒေသရှိ စစ်ဘက်ဆိုင်ရာ ဈာပနအခမ်းအနားကို ပစ်မှတ်ထားတဲ့ ရုရှားတိုက်ခိုက်မှုကြောင့် ကလေး ၁၂ ဦးအပါအဝင် ၃၈ ဦးဒဏ်ရာရခဲ့ပါတယ်။ဇူလိုင် ၅ ရက်မှာတော့ လာဗက်ဗ်မြို့ရှိ တိုက်ခန်းတွဲတွေကို ရုရှားက ဒုံးကျည်နဲ့ပစ်ခတ်ခဲ့လို့ အနည်းဆုံး သုံးဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရခဲ့ပြီး တိုက်ခန်း ၆၀ ခန့်နှင့် ကားအစီး ၅၀ ခန့် ပျက်စီးခဲ့ပါတယ်။ဒါအပြင် ကိယက်ဗ်ကိုလည်း ပစ်ခတ်ခဲ့ပါတယ်။

ဒီလိုတွေ လေကြောင်းကနေတိုက်တာတွေရှိပေမယ့် မြေပြင်မှာတော့ အတော်လေးထိနေတဲ့အနေအထား ဖြစ်နေပါတယ်။ထုံးစံအတိုင်း ဇာပိုရီဇာဟီးယားက နျူကလီးယားစက်ရုံကို တိုက်ခိုက်ပြီး နျူကလီးယားဘေးသင့်စေဖို့ ခြိမ်းခြောက်မှုတွေဆီ ရောက်လာပါတယ်။ရုရှားထိန်းချုပ်ထားတဲ့ အဲဒီစက်ရုံကို ဇူလိုင် ၅ ရက်နေ့ မှောင်စပျိုးချိန်မှာ ယူကရိန်းဘက်ကနေ တာဝေးပစ်ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုပြီး ရုရှားမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ရုရှားဘက် ဖော်ပြမှုအပြီးမှာ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြင်သစ်သမ္မတကို ရုရှားစစ်သားများက ပေါက်ကွဲစေတတ်သော ပစ္စည်းများကို ဓာတ်ပေါင်းဖိုနှစ်ခု၏ အမိုးပေါ်တွင် တင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ မက်ဗီဒက်ခ်ရဲ့ ခြိမ်းခြောက်မှု ထွက်ပေါ်လာတာဖြစ်ပြီး ဒီလိုပြောပြီးနောက် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံတွေက ရုရှား နျူလက်နက်သုံးရင် သူတို့လည်း သုံးဖို့ အဆင့်သင့်ပဲဆိုတာကို ထုတ်ပြောခဲ့လို့ နျူကလီးယားဘေးက စိုးရိမ်ဖွယ်ရာဖြစ်ခဲ့ပါတယ်။

           ရုရှားပြည်တွင်းအခြေအနေ

လာမည့်နှစ်မှာ ရုရှားသမ္မတရွေးကောက်ပွဲကို ကျင်းပရမှာဖြစ်ပါတယ်။ယူကရိန်းကျူးကျော်စစ်ဟာ ပူတင်အဖို့ သူလုပ်သလိုဖြစ်ခဲ့ရင် အာဏာကို ဆက်ချုပ်ကိုင်ထားနိုင်မှာဖြစ်ပေမယ့် သူခန့်မှန်းထားသလို မဖြစ်တဲ့အပြင် သူ့ရဲ့လက်ကိုင်တပ်ဖြစ်တဲ့ ဝဂ္ဂနာကြေးစားတပ်က ပြန်လှန်လိုက်တဲ့အတွက် ပြည်တွင်းမှာ သူ့အတွက် အခြေအနေကမကောင်းသလို ဖြစ်ခဲ့ပါတယ်။

ထင်ရှားတဲ့ ရုရှားဝန်ကြီးချုပ်ဟောင်း ကက်စ်ယာနော့က ဂျာမန်မီဒီယာဖြစ်တဲ့ DW နဲ့ ဇူလိုင် ၄ ရက် အင်တာဗျူးမှာ သက်တမ်းတိုတောင်းတဲ့ ပရီဂိုရှင်ရဲ့ ပုန်ကန်မှုဟာ ပူတင် ပုံဖော်နေတဲ့ တည်ငြိမ်တဲ့ ရုရှားဒဏ္ဍာရီကို တစစီခွဲချေလိုက်ပြီး ရုရှားနိုင်ငံအတွင်းတွင် ပူတင်ကို အင်အားနည်းသွားစေတယ်လို့ ပြောခဲ့ပါတယ်။ဒီပုန်ကန်မှုအပြီးမှာ ပူတင်ရယ်၊ မက်ဗီဒက်ခ်ရယ်၊ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂိုင်းရှိုးဂုရယ်၊ နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ရယ်၊ ရုရှားကာကွယ်ရေးဦးစီးချုပ်ရယ်က လူလုံးပြပြီး ပိုပြီးစည်းလုံးသယောင် ပြနေရတဲ့အထိ အခြေအနေကို အလျင်အမြန်ထိန်းချုပ်ဖို့ လုပ်နေရပါတယ်။

ဒီလိုအခြေအနေမှာ နျူကလီးယားခြိမ်းခြောက်မှုတွေ၊ တရစပ် ယူကရိန်းကို လေကြောင်းက တိုက်ခိုက်မှုတွေ ဖြစ်လာနေတဲ့အတွက် ပြည်တွင်းမှာ သူ့အာဏာကို ဆက်ဆုပ်ကိုင်ထားဖို့ ဘာမဆိုလုပ်ဖို့ ပူတင် ပြင်နေပြီလားဆိုတဲ့ သုံးသပ်ချက်တွေ ထွက်လာခဲ့တာပါ။ဇူလိုင် ၅ ရက်မှာ မက်ဗီဒက်ခ်က နျူလက်နက်သုံးရင် ဘယ်လိုစစ်ပွဲမျိုးမဆို အဆုံးသတ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ပြောတဲ့အထဲမှာ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးတာပါပေမယ့် တကယ့်ရည်ရွယ်ရင်းက နျူလက်နက်ကို ပြောတာမို့လို့ ရုရှား နျူကလီးယားလက်နက်သုံးရင် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က ပြန်လည်တုံ့ပြန်မယ်ဆိုပြီး ချက်ခြင်းကိုတုံ့ပြန်ခဲ့တာပါ။

တရုတ်ကလည်း ရုရှားကို နျူလက်နက်မသုံးဖို့  မတ်လတုန်းက ရှီကျင့်ဖျင်ရဲ့ မော်စကိုခရီးစဉ်မှာပြောခဲ့တယ်ဆိုတဲ့ သတင်းတွေ ပြန်ထွက်လာခဲ့ပါတယ်။ဒီသတင်းကို တရုတ်ဘက်က မငြင်းပေမယ့် ရုရှားဘက်ကတော့ အဲဒီတုန်းကဆွေးနွေးတာတွေကို ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။  

မက်ဗီဒက်ခ်က စစ်ပွဲသတင်းနဲ့ စစ်ပွဲအရှိန်အတင်အချကို လုပ်နေတဲ့ ရုရှားခေါင်းဆောင်ဖြစ်လို့ သူ့စကားတွေကို အနောက်နိုင်ငံတွေက သတိထားပါတယ်။ဒီပြောကြားမှုမှာ မက်ဗီဒက်ခ်ကပဲ NATO အဖွဲ့ကသာ လက်နက်များထောက်ပံ့နေခြင်းကို ရပ်တန့်ပါက အချိန်ခဏအတွင်း ရုရှား၏ အထူးစစ်ဆင်ရေးပြီးသွားမယ် ပြောခဲ့ပါတယ်။ဒီလိုပြောတဲ့အတွက် ယူကရိန်းစစ်ကို ၂၀၂၄ ရုရှားရွေးကောက်ပွဲမတိုင်မီ အနိုင်နဲ့အပြီးသတ်နိုင်ဖို့ ပူတင်အတွက် သေရေးရှင်ရေးဖြစ်လာနေတဲ့ အနေအထားပါ။

ပရီဂိုရှင်ကို ပြည်တွင်းမှာ ထောက်ခံမှု မြင့်တက်နေသလို  ရုရှားအတိုက်အခံတွေအဖြစ် ဆိုဗီယက်ခေတ်က စစ်ဗိုလ်ချုပ်တွေ ပေါ်ထွက်လာနိုင်တာရှိလို့ ပူတင်အတွက် ၂၀၂၄ ရွေးကောက်ပွဲဟာ မလွယ်တဲ့အနေအထား ရောက်နေပါတယ်။

ဒီအတွက် ယူကရိန်းစစ် အနိုင်၊ အရှုံးက ပူတင်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးလာနိုင်ပါတယ်။ယူကရိန်းစစ်ပွဲ အဆုံးသတ်ဟာ  နျူကလီးယားစစ်ပွဲအစ မဖြစ်နိုင်ဘူးဆိုတဲ့ အယူအဆကို  ဘေးဖယ်ထားရတော့မှာဖြစ်ပါတယ်။

မင်းထက်