【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ယူကရိန်းတန်ပြန်ထိုးစစ် အသက်ဝင်လာပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ယူကရိန်းတန်ပြန်ထိုးစစ် အသက်ဝင်လာပြီလား

ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေမှာ စိန့်ပီတာစဘတ်မှာ ကျင်းပတဲ့ ရုရှား-အာဖရိက ထိပ်သီးဆွေးနွေးပွဲ သတင်းတွေက ခန့်မှန်းထားတဲ့အတိုင်း ထူးခြားမှုမရှိခဲ့လို့ သဘာဝဘေးသတင်းတွေကသာ ကမ္ဘာ့မီဒီယာအတော်များများကို ဖုံးသွားခဲ့ပါတယ်။

ဒီတစ်ပတ်မှာ တရုတ်နိုင်ငံ ချန်တူးမှာ ၃၁ကြိမ်မြောက် ကမ္ဘာ့ကျောင်းသား၊ ကျောင်းသူများ အားကစားပြိုင်ပွဲကို ကျင်းပနေသလို ဒုံးကျည်တွေ မကြာခဏပစ်လွှတ်နေတဲ့ မြောက်ကိုရီးယားမှာ စစ်အဆုံးသတ်စာချုပ် ချုပ်ဆိုတဲ့နေ့ကို စစ်အောင်မြင်တဲ့နေ့ အခမ်းအနားအဖြစ် ကျင်းပခဲ့လို့ ရုရှားနဲ့ တရုတ်က ထိပ်တန်းသံတမန်တွေ တက်ရောက်ခဲ့တာရှိခဲ့ပါတယ်။ဒါ့အပြင် အာဖရိကတိုက်အလယ်ပိုင်း ဆာဟယ်လ်ဒေသမှာရှိတဲ့ နိုင်ဂျာမှာ စစ်တပ်က အာဏာသိမ်းခဲ့လို့ ဒေသတွင်း ကသောင်းကနင်းဖြစ်နေတာ၊ နော်ဝေနဲ့ ဖင်လန်မှာ ငှက်တုပ်ကွေး ပြင်းထန်နေလို့ သတိပေးမှုတွေ ထုတ်ပြန်နေတာ၊  ထိုင်းလွှတ်တော်မှာ ဝန်ကြီးချုပ်ရွေးချယ်မှုမှာ ကန့်ကွက်မှုတွေကြောင့် ထပ်ရွှေ့ဆိုင်းခဲ့ရတာ၊ တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီ တိုက်ခတ်လို့ ဖိလစ်ပိုင်၊ထိုင်ဝမ်ကို တိုက်ခတ်ပြီး တရုတ်အရှေ့တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်လို့ ရေကြီးမှုတွေဖြစ်နေတာ၊ ကမ္ဘာရဲ့ အာရှလို အချို့နေရာတွေမှာ ရေကြီးမှုတွေဖြစ်ပြီး ဥရောပမှာ အပူလှိုင်းကြောင့် တောမီးလောင်တာတွေ၊ အပူဒဏ်ပြင်းလို့ အသေပျောက်ရှိတာတွေဖြစ်ခဲ့တာရှိပါတယ်။

ဒီအထဲမှာ စိတ်ဝင်စားစရာကောင်းတာက ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းပါ။

ပြီးခဲ့တဲ့ရက်သတ္တပတ်က အမေရိကန်-တရုတ် တင်းမာမှု မြင့်တက်ခဲ့မှုဟာ အမေရိကန်ဘက်က ထိုင်ဝမ်ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကျော် စစ်လက်နက်ထောက်ပံ့ပေးမှုကြောင့် ပိုမြင့်တက်လာဖွယ်ရှိနေပါတယ်။တရုတ်ဘက်ကတော့ ဒီလိုလက်နက်ထောက်ပံ့တာနဲ့ ပြည်မကြီးနဲ့ ပြန်ပေါင်းစည်းမယ့် ရည်ရွယ်ချက်ကို မတားဆီးနိုင်ဘူးလို့ ပြောခဲ့တာကိုလည်း တွေ့ရပါတယ်။

အာရှမှာ စစ်ရေးလေ့ကျင့်မှုတွေက ဆက်တိုက်ဖြစ်နေသလို ဩစတြေးလျမှာ ပြုလုပ်နေတဲ့ အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်မှုမှာ ရဟတ်ယာဉ်တစ်စင်း ပျက်ကျလို့ လူ ၄ ဦးသေဆုံးခဲ့တာကြောင့် ခေတ္တရပ်ဆိုင်းခဲ့တာ၊ တရုတ်မှာ ဩဂုတ် ၁ ရက် တရုတ်ပြည်သူ့တပ်မတော်နေ့အတွက် ပြင်ဆင်နေတာ၊ ရုရှားက လင်နီဂရက်ဒေသမှာ ရုရှားရေတပ်နေ့ကို ကျင်းပခဲ့တာ၊ ထိုင်ဝမ်မှာ တရုတ်တိုက်ခိုက်မှုအသွင်သဏ္ဍာန် ဖန်တီးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေတာ စတဲ့ စစ်ရေးဆိုင်ရာ သတင်းတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။

တစ်နှစ်ခွဲကျော်လာတဲ့ ရုရှား-ယူကရိန်းစစ်ပွဲဟာ ယူကရိန်းတန်ပြန်ထိုးစစ်ကြောင့် အလှည့်အပြောင်းဖြစ်လာစပြုလာနေပြီကို တွေ့နေရတာက ဒီတစ်ပတ်ရဲ့ ထူးခြားတဲ့ သတင်းပါပဲ။

ယူကရိန်းတန်ပြန်ထိုးစစ်

ပြီးခဲ့တဲ့လက စခဲ့တဲ့ ယူကရိန်းတန်ပြန်ထိုးစစ်ဟာ ယခုအချိန်မှာ အခက်ခဲဆုံးအချိန်တွေကို စတင်ကျော်လွှားနိုင်စပြုနေပြီလို့ နိုင်ငံတကာစစ်ရေးသုတေသီတွေက ခန့်မှန်းခဲ့ပါတယ်။

ဇူလိုင် ၃၁ ရက်မှာတော့ ယူကရိန်းသမ္မတ ဇီလင်စကီးက “ကျူးကျော် ရုရှားတွေရဲ့ ရန်လိုမှုတွေဟာ ယူကရိန်းစစ်မြေပြင်မှာတော့ ဒေဝါလီခံသွားရပါပြီ။နှစ်ပတ်ကြာမယ်လို့ မျှော်လင့်ခဲ့တဲ့ သူတို့ပြောနေတဲ့ အထူးစစ်ဆင်ရေးဟာ အခု ရက်ပေါင်း ၅၂၂ ရက် ရှိလာပြီ။တဖြည်းဖြည်းနဲ့ စစ်ပွဲဟာ ရုရှားနိုင်ငံထဲကို ပြန်သွားနေပြီ။ရုရှားပိုင်နက်ထဲကို စစ်ပွဲရဲ့လားရာ ပြန်ဦးလှည့်လာတာဟာ ရှောင်လွှဲလို့မရတဲ့ သဘာဝတရားဖြစ်သလို အင်မတန်တရားမျှတတဲ့ လုပ်ငန်းစဉ်ပါပဲ” လို့ ပြောခဲ့ပါတယ်။

ဒါဟာ ဇူလိုင် ၃၀ ရက် ညပိုင်းမှာ မော်စကိုမြို့တော်က ကရင်မလင်နန်းတော်တစ်ဝိုက်ကို ဒရုန်းသုံးစင်းဝင်ရောက်လာလို့ ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်တွေက ပစ်ချခဲ့ရတဲ့သတင်း ထွက်လာပြီးနောက်မှာ ဒီလိုစကားမျိုး ဇီလင်စကီးက ပြောခဲ့တာပါ။ရုရှားကို တိုက်ခိုက်တဲ့ သတင်းတွေမှန်သမျှ ဘာမှတုံ့ပြန်လေ့မရှိတဲ့ ယူကရိန်းဘက်က ယခု မော်စကိုမြို့တော်ကို ဒရုန်းနဲ့တိုက်ခိုက်မှုမှာ သူတို့လက်ချက်အဖြစ် ဝန်ခံခဲ့ပါတယ်။ဒီမတိုင်ခင်မှာ ခရိုင်းမီးယားနဲ့ ရုရှားဘက်ကို ဆက်ထားတဲ့ တံတားကို ဒုတိယမြောက် တိုက်ခိုက်ခံရလို့ သေဆုံးမှုနဲ့ ပျက်စီးမှုဖြစ်ခဲ့တာရှိပါတယ်။ခရိုင်းမီးယားက လက်နက်ခဲယမ်းဂိုထောင်တွေ ပေါက်ကွဲမီးလောင်အောင် တိုက်ခိုက်ခံခဲ့ရတာလည်းရှိခဲ့ပါတယ်။ဒါပေမဲ့ ရုရှားအထိနာစေတဲ့ ဒီလိုတိုက်ခိုက်မှုတွေမှာ ယူကရိန်းက သူ့လက်ချက်အဖြစ် ဝန်မခံခဲ့ပေမယ့် ယခုတိုက်ခိုက်မှုမှာတော့ သူ့လက်ချက်အဖြစ် ဝန်ခံခဲ့တာကိုကြည့်ရင် မော်စကိုအထိ တိုက်ခိုက်ဖို့ လက်လှမ်းမီနေပြီဆိုတာ သတိပေးတဲ့ သဘောအဖြစ် ယူဆလို့ရပါတယ်။

ရုရှားဘက်ကတော့ တိုက်ခိုက်မှုတွေ မရပ်သလို ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းက ဒေသတွေမှာ သိမ်းယူထားတဲ့ နေရာတွေ လက်မလွှတ်ရအောင် အသေခံ ခုခံနေရပါတယ်။ဇူလိုင် ၃၀ ရက် စိန့်ပီတာစဘတ်မြို့ ကမ်းခြေမှာ ကျင်းပတဲ့ ရေတပ်နှစ်ပတ်လည်နေ့ အင်အားပြအခမ်းအနားကို ပူတင် တက်ရောက်ခဲ့ပေမယ့် ယခင်နှစ်ကလို ကြိမ်းဝါးမှုတွေ မလုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ဒီအစား သူ့ရဲ့အရင်းနှီးဆုံးသစ္စာခံ သမ္မတဟောင်း မက်ဗီဒက်ခ်ကသာ ယူကရိန်းတန်ပြန်ထိုးစစ်နိုင်ခဲ့ရင် နျူလက်နက်သုံးမယ်ဆိုပြီး ထပ်ခြိမ်းခြောက်ခဲ့တာကိုသာ တွေ့ရပါတယ်။  

သတင်းတွေမှာ ရုရှားဘက်က ဘယ်လိုအနိုင်ရနေပြီ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပေးထားတဲ့ တင့်ကားတွေ၊ ဒုံးကျည်စနစ်တွေကို ဖျက်ဆီးနိုင်ခဲ့ပြီလို ပြောပေမယ့် ယခု မက်ဗီဒက်ခ်က ယူကရိန်းတန်ပြန်ထိုးစစ်သာ အောင်မြင်ခဲ့ရင် နျူလက်နက်သုံးမယ်ဆိုပြီးပြောခဲ့လို့ ဒါဟာ ယူကရိန်းအရှေ့ပိုင်း ဇာပိုရီဇာဟီရားနဲ့ ဘာ့ခ်မွတ်မှာ အခြေမလှဖြစ်နေလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။

အစောပိုင်း သတင်းတစ်ခုအရဆိုရင် ဇူလိုင် ၂၈ ရက် ညပိုင်း ယူကရိန်းသမ္မတ ဇီလင်စကီးရဲ့ ညစဉ်မိန့်ခွန်းမှာ “စကားမစပ်ပြောရရင် ကျနော်တို့ ကလေးတွေ စစ်မြေပြင်မှာ အရမ်းကောင်းတဲ့ရလဒ်တွေ ရနေတယ်” လို့ ပြောခဲ့ပါတယ်။

အဲဒီပြောဆိုမှုမှာ ဇီလင်စကီးက “သူတို့အခြေအနေကောင်းတယ်။အသေးစိတ်တွေ နောက်မှပြောမယ်” လို့ ပြောခဲ့တာကိုကြည့်ရင် ဒါဟာ ဝါဒဖြန့်ရုံသက်သက်မဟုတ်တာ သေချာပါတယ်။

မက်ဗီဒက်ခ်က “ယူကရိန်းတွေရဲ့ တန်ပြန်ထိုးစစ်အောင်မြင်ပြီး ရုရှားနိုင်ငံကို တိုက်ခိုက်လာပြီဆိုရင်တော့ ၂၀၂၀ ခုနှစ် ဇွန် ၂ ရက်က ထုတ်ပြန်ထားတဲ့ သမ္မတအမိန့် ကြေညာချက်ပါအတိုင်း အမိနိုင်ငံကို ကာကွယ်ဖို့အတွက် နျူကလီးယားလက်နက် ထုတ်သုံးရပါမယ်။တခြားနည်းလမ်း ရွေးချယ်စရာမရှိဘူး။ဒါကြောင့် ယူကရိန်းတွေအနေနဲ့ ရုရှားစစ်သားတွေက အနိုင်ရဖို့ပဲ ဆုတောင်းသင့်တယ်” ဆိုပြီး ပြောခဲ့ပါတယ်။

ယူကရိန်းဘက်က ထိုးစစ်က ထင်သလို မမြန်လာတာနဲ့ပတ်သက်ပြီး ယူကရိန်းတန်ပြန်ထိုးစစ် ရပ်တန့်နေတယ်၊ နှေးကွေးနေတယ်ဆိုတဲ့ ယူဆချက်တွေရှိခဲ့ပါတယ်။ဒါပေမဲ့ အမေရိကန် အိမ်ဖြူတော်အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက  ဇူလိုင် ၂၆ ရက်မှာ သတင်းထောက်တွေကို ယူကရိန်းတန်ပြန်ထိုးစစ်သည် လျင်မြန်စွာတိုးတက်ခြင်းမရှိသော်လည်း မတိုးသာမဆုတ်သာအခြေအနေ မဟုတ်ဘူးလို့ ပြောခဲ့တာရှိပါတယ်။အစောပိုင်းကလည်း ရုရှားတပ်မမှူးတစ်ဦးကို စစ်မြေပြင်အခြေအနေတွေ မဟုတ်မမှန်ဖော်ပြလို့ဆိုပြီး ဖမ်းဆီးခဲ့တာရှိခဲ့ပါသေးတယ်။

စစ်ပွဲမှာ သတင်းတွေအရ ရုရှားသိမ်းယူခဲ့တဲ့ ယူကရိန်းပိုင်မြေရဲ့ ၅ ပုံ ၁ ပုံကို ပြန်လွတ်မြောက်စေပြီလို့ ပြောခဲ့သလို ဇာပိုရီဇာဟီးယားဒေသမှာ  ယူကရိန်းစစ်ရေးဆင်နွှဲနေမှု အပြင်းထန်ဆုံးအဆင့် ရောက်ရှိနေတာကို ပူတင်က ဝန်ခံထားပါတယ်။

စိန့်ပီတာစဘတ်မြို့မှာလုပ်တဲ့ အာဖရိက-ရုရှား ထိပ်သီးဆွေးနွေးပွဲကို အာဖရိကနိုင်ငံအားလုံး မတက်ခဲ့သလို တက်ရောက်ခဲ့တဲ့သူတွေကလည်း ယူကရိန်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုက်တွန်းခဲ့ပါတယ်။ပူတင်က ရုရှားကောက်ပဲသီးနှံတွေ အာဖရိကကို အလကားပေးမယ်လို့ ပြောခဲ့ပေမယ် အာဖရိကခေါင်းဆောင်တွေက လိုချင်တာ ယူကရိန်းကောက်ပဲသီးနှံတွေ မဟုတ်ဘူး။ယူကရိန်းငြိမ်းချမ်းရေးလို့ပြောခဲ့လို့ ဒီထိပ်သီးစည်းဝေးပွဲက ပူတင်နဲ့ အာဖရိကနိုင်ငံခေါင်းဆောင်တွေ ထင်သလိုရလဒ် မထွက်ခဲ့ပါဘူး။ဒီအတွက် စစ်ပွဲက တာရှည်ထပ်ဖြစ်ဖို့ ပူတင်က ရည်ရွယ်ထားတဲ့ သဘောပါပဲ။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေ လေ့ကျင့်ပေးထားတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေကြောင့် ဒွန်နက်စ်နှင့် ဇာပိုရီဇာဟီးယားဒေသမှာရှိတဲ့ ရုရှားရှေ့တန်းခံစစ်လိုင်းတွေ ကျိုးကျကုန်သလို ကလပ်စတာဗုံးတွေက ဘန်ကာတွေနဲ့ အထိုင်ချထားတဲ့ ရုရှားရှေ့တန်းကို အထိနာစေခဲ့ပါတယ်။

လက်ရှိမှာ ပူတင်က ယူကရိန်းတန်ပြန်ထိုးစစ် ရပ်သွားပြီလို့ ပြောပေမယ့် ယူကရိန်းက ရုရှားအထိ တိုက်ခိုက်နေပြီဖြစ်လို့ နျူလက်နက်သုံးမယ်လို့ ခဏခဏခြိမ်းခြောက်နေတဲ့ မက်ဗီဒက်ခ်ရဲ့စကားက ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရင်း ယခုတစ်ပတ် နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ဒီမှာပဲရပ်လိုက်ချင်ပါတယ်။

မင်းထက်