【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 NATO ၏ အာရှအရွေ့နှင့် ပြင်းထန်လာနိုင်သော အင်ဒို-ပစိဖိတ် တင်းမာမှု

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 NATO ၏ အာရှအရွေ့နှင့် ပြင်းထန်လာနိုင်သော အင်ဒို-ပစိဖိတ် တင်းမာမှု

ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေကိုကြည့်ရင် ယူကရိန်းစစ်ပွဲအကြောင်း သိပ်ပြီး ရှေ့တန်းရောက်လာတာကို မတွေ့ရပေမယ့် တရုတ်နဲ့ နေတိုးအဖွဲ့ကြား တင်းမာမှုက ရှေ့တန်းရောက်လာတာကို တွေ့ရပါတယ်။

ဒီတစ်ပတ်မှာ သဘာဝဘေးသတင်းတွေက ထိပ်တန်းသတင်းအဖြစ် နိုင်ငံတကာမီဒီယာတွေမှာ နေရာယူခဲ့ပါတယ်။

တောင်ကိုရီးယားမှာ မိုးသည်းထန်စွာရွာသွန်းလို့ လူ ၃၉ ဦးအထိ သေဆုံးခဲ့တာ၊ မုတ်သုံမိုးကြောင့် အိန္ဒိယမှာ မိုးသည်းထန်စွာရွာသွန်းလို့ ရေကြီးမှုတွေဖြစ်နေတာ၊ အိုက်စလန်မှာ မီးတောင်ပေါက်ကွဲလို့ ဒေသခံတွေ ရွှေ့ပြောင်းရတာ၊ တရုတ် ဟူဘေးပြည်နယ်မှာ အဝေးပြေးလမ်းမပေါ် တောင်ပြိုကျလို့ တစ်ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရတာ၊ ပါကစ္စတန်မှာ ရေကြီးလို့ လူ ၅၅ ဦးသေဆုံးခဲ့တာ၊ ကနေဒါမှာ တောမီးလောင်နေလို့ ကြိုးစားငြှိမ်းသတ်နေရတာ၊ အမေရိကန်၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယမှာ အပူချိန်မြင့်တက်နေလို့ သေဆုံးမှုတွေရှိနေတာ၊ ကမ္ဘာ့အပူချိန် ဆက်လက်မြင့်တက်လာမယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးခဲ့တာ စတဲ့ သတင်းတွေဖြစ်ခဲ့တာရှိပါတယ်။

နိုင်ငံရေးမှာဆိုလည်း Danone နှင့် Carlsberg ၏ ရုရှားရှိ လုပ်ငန်းတွေကို ရုရှားအစိုးရက သိမ်းယူခဲ့တာ၊ ထိုင်းမှာ အနိုင်ရပါတီခေါင်းဆောင် ပီတကို ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းရာမှာ စစ်တပ်က ခန့်အပ်တဲ့ အထက်လွှတ်တော်အမတ်တွေက မထောက်ခံလို့ ဒုတိယအကြိမ်ရွှေ့ဆိုင်းလိုက်ရတာ၊ အမျိုးသမီးတစ်ဦး ဧဝရက်တောင်ထိပ်ထိ တက်ပြီး ကမ္ဘာ့အမျိုးသမီးအခွင့်အရေးအတွက် ဆန္ဒပြတာ၊ ဆူဒန်မှာ ပြည်တွင်းစစ်ဖြစ်တော့မယ်အခြေအနေ ဆိုက်ရောက်နေတာ၊ ဒုက္ခသည်လက်ခံရေးမူဝါဒကြောင့် နယ်သာလန်မှာ အစိုးရပြိုလဲသွားခဲ့တာ၊ အခွန်အခတွေတိုးမြင့်လာလို့ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာ တစ်ကျော့ပြန် ဆန္ဒပြပွဲတွေ ဖြစ်ပွားလာတာ စတဲ့ သတင်းမျိုးတွေလည်း ဒီတစ်ပတ်မှာရှိခဲ့ပါတယ်။

ဒီတစ်ပတ် စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ခဲ့တာက လစ်သူယေးနီးယားနိုင်ငံ ဗယ်လ်နီးယက်စ်မြို့တော်မှာ ကျင်းပခဲ့တဲ့ NATO အဖွဲ့ ထိပ်သီးအစည်းအဝေးပါပဲ။ဒီထိပ်သီးအစည်းအဝေးက ထုတ်ပြန်ချက်မှာ တရုတ်နဲ့ပတ်သက်ပြီး ဖော်ပြချက်ကြောင့် တရုတ်နဲ့ နေတိုးအဖွဲ့ကြား တင်းမာမှုဖြစ်ခဲ့တာ အတော်လေးကို စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။သတင်းတွေက အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခတစ်ခု ထပ်ဖြစ်တာလို့ ထင်ရပေမယ့် နိုင်ငံတကာအမြင်မှာတော့ တရုတ်နဲ့ အမေရိကန် အားပြိုင်မှုထဲ NATO ပါဝင်လာနေပြီဆိုတဲ့ လက္ခဏာအဖြစ် ယူဆမှုတွေရှိခဲ့ပါတယ်။

           NATO အဖွဲ့ရဲ့ အဖွဲ့ဝင်သစ်အရေး

ဇူလိုင် ၁၁ ရက် လစ်သူယေးနီးယားနိုင်ငံ ဗယ်လ်နီးယက်စ်မှာ ပြုလုပ်တဲ့ နေတိုးထိပ်သီးအစည်းအဝေးကို အဖွဲ့ဝင်သစ် ဖင်လန်အပါအဝင် နေတိုးအဖွဲ့ဝင် နိုင်ငံအားလုံးက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။ဒီအစည်းအဝေးကို အာရှက ဂျပန်နဲ့ တောင်ကိုရီးယားအပြင် နယူးဇီလန်၊ ဩစတြေးလျတို့ကိုပါ ဖိတ်ကြားခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဇီလင်စကီးလည်း တရားဝင် မဖိတ်ကြားပေမယ့် ဘေးဆွယ်အဖြစ် တက်ရောက်ခဲ့ပြီး ဘိုင်ဒင်အပါအဝင် အနောက်အုပ်စု ထိပ်တန်းခေါင်းဆောင်အားလုံး တက်ရောက်ခဲ့လို့ ဒီအစည်းအဝေးမှာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကိုပြဿနာကို အဓိကဆွေးနွေးမှု ရလဒ်တွေထွက်လာလိမ့်မယ်လို့ နိုင်ငံတကာက ခန့်မှန်းခဲ့ပါတယ်။

ထိပ်သီးအစည်းအဝေး ပထမရက်မှာ အမေရိကန်သမ္မတ ဘိုင်ဒင်က မိန့်ခွန်းပြောခဲ့ပါတယ်။ဒီမိန့်ခွန်းမှာ နေတိုးအဖွဲ့အနေနဲ့ ယူကရိန်းစစ်နဲ့ပတ်သက်ပြီး ကိုင်တွယ်နေရသလို တစ်ချိန်တည်းမှာ အဖွဲ့ဝင်သစ်တွေ တိုးချဲ့ဖို့ ပြင်ဆင်နေရတဲ့အတွက် ယခုကာလဟာ နေတိုးအဖွဲ့အတွက် သမိုင်းဝင်အခိုက်အတန့်ကာလလို့ ပြောခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ NATO အဖွဲ့ဝင် နိုင်ငံအများအပြားက ယူကရိန်းကို လက်နက်နှင့် ဘဏ္ဍာရေး ပိုမိုပံ့ပိုးပေးဖို့ ကတိပြုခဲ့သလို ပြင်သစ်က ကီလိုမီတာ ၃၀၀ ကျော်အထိ ပစ်ခတ်နိုင်တဲ့ Storm Shadow တာဝေးပစ်ခရုဇ်ဒုံးကျည်တွေ ဗြိတိန်လိုပဲ ယူကရိန်းကို ထောက်ပံ့ပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင် စစ်ပွဲနောက်ပိုင်းကာလတွေအထိ ယူကရိန်းကိုထောက်ခံဖို့ NATO အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေအားလုံးက ကတိကဝတ်ပြုခဲ့ကြပါတယ်။

ဒီအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ နေတိုးအတွင်းရေးမှူးချုပ် ယန်းစ် စတိုလ်တန်ဘဂ်က ယူကရိန်းအတွက် အက်ဖ် ၁၆ တိုက်လေယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့ နေတိုးမဟာမိတ်နိုင်ငံတချို့ ညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်းကိုပါ  အတည်ပြုပြောခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ အဖွဲ့ဝင်သစ်အဖြစ် ဖင်လန် ပါဝင်လာသလို ဆွီဒင်အဖွဲ့ဝင်ဖြစ်ရေးကလည်း တူရကီနှင့် ဟန်ဂေရီက ထောက်ခံခဲ့လို့ အဆင်ပြေသွားခဲ့ပါတယ်။ရုရှားကျူးကျော်မှုကို ရင်ဆိုင်နေရတဲ့ ယူကရိန်းရဲ့ အဖွဲ့ဝင်ဖြစ်ရေးကတော့ အခက်အခဲတွေရှိပေမယ့် အနာဂတ်မှာ NATO အဖွဲ့ဝင်ဖြစ်လာဖို့ NATO အတွင်းရေးမှုးချုပ်ရဲ့ အဆိုပြုချက်ကို လက်ခံကြောင်း၊ အမေရိကန်သမ္မတ ဘိုင်ဒင်က သူ့မိန့်ခွန်းမှာ အတည်ပြုပြောခဲ့ပါတယ်။ဒါပေမဲ့ ယူကရိန်းသမ္မတ ဇီလင်စကီးကတော့  ဒီအစည်းအဝေးမှာ ယူကရိန်း NATO အဖွဲ့ဝင်ဖြစ်ဖို့ကို မဆွေးနွေးခဲ့လို့ တွစ်တာကနေ ဝေဖန်ခဲ့ပါတယ်။   

ဇီလင်စကီးက NATO အဖွဲ့ထဲ အဖွဲ့ဝင်အဖြစ် လက်ခံဖို့ အချိန်သတ်မှတ်ချက်လေးတောင် ဒီအစည်းအဝေးမှာ မဆွေးနွေးခဲ့ကြလို့ အဓိပ္ပာယ်မရှိဘူးလို့ တွစ်တာမှာ ရေးခဲ့ပါတယ်။ဒီလိုမဆွေးနွေးတာဟာ ရုရှားကို စိတ်အားတက်စေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

အစည်းအဝေး ဒုတိယရက်ဖြစ်တဲ့ ဇူလိုင် ၁၂ ရက်မှာ ယူကရိန်းသမ္မတ ဇီလင်စကီးကို အမေရိကန်သမ္မတအပါအဝင် အဖွဲ့ဝင်ခေါင်းဆောင်တွေက သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ယူကရိန်းသမ္မတကို အစည်းအဝေး ဒုတိယနေ့မှာ အစည်းအဝေးကို တက်စေခဲ့သလို NATO အတွင်းရေးမှူးချုပ် ယန်းစ် စတိုလ်တန်ဘဂ်ကိုယ်တိုင် ယူကရိန်းဟာ နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာမှာဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့ပါတယ်။

အစည်းအဝေးအပြီး ဇူလိုင် ၁၂ ရက် ဗယ်လ်နီးယက်စ်တက္ကသိုလ်မှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ အမေရိကန်သမ္မတ ဘိုင်ဒင်က “ယူကရိန်းနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ ကျနော်တို့ရဲ့ အဓိဌာန်ဟာ အားနည်းမသွားဘူး၊ လွတ်မြောက်ရေးနဲ့ လွတ်လပ်မှုအတွက် ဆက်လက်ရပ်တည်သွားမှာလို့” ပြောခဲ့ပြီး ရုရှားကိုလည်း  ပြင်းပြင်းထန် သတိပေးသွားခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗက်ဗ်ဗော့ကတော့ အဖွဲ့ဝင်သစ်တွေ လက်ခံတဲ့ NATO ကို ထိထိရောက်ရောက်တုံ့ပြန်ဖို့ ပြင်ဆင်နေတယ်ဆိုပြီး ပြန်ခြိမ်းခြာက်ခဲ့ပါတယ်။

ရုရှားသမ္မတဟောင်း မက်ဗီဒက်ခ်ကလည်း NATO က ယူကရိန်းကို စစ်ရေးအကူအညီ တိုးမြှင့်တာဟာ တတိယကမ္ဘာစစ်ကို ပိုမိုနီးကပ်စေတယ်လို့ သတိပေးခဲ့ပါတယ်။

ဇူလိုင် ၁၃ ရက် သတင်းထောက်များနှင့် တွေ့ဆုံရာမှာ ဘိုင်ဒင်က ယူကရိန်း NATO အဖွဲ့ထဲ ဝင်ရောက်မှုနဲ့ပတ်သက်ပြီး စစ်ဖြစ်နေသော နိုင်ငံတစ်နိုင်ငံဟာ နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်မလာနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ဘိုင်ဒင်က ယခုအချိန်မှာ ယူကရိန်းကို NATO အဖွဲ့ထဲ ဝင်ခွင့်ပြုလိုက်ရင် တတိယကမ္ဘာစစ်ဖြစ်ပွားမည့် အဓိပ္ပာယ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် တစ်ချိန်ချိန်မှာ NATO အဖွဲ့ထဲ ယူကရိန်း ဝင်ရောက်လာလိမ့်မည်လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် ယူကရိန်းစစ်မှာ ရုရှား ရှုံးနိမ့်သွားပြီလို့လည်း ပြောခဲ့ပါတယ်။ NATO အဖွဲ့ဝင်သစ်တွေက ရုရှားနဲ့ နယ်နိမိတ်ခြင်း ထိစပ်လာနေတဲ့အတွက် ဘိုင်ဒင်ပြောတဲ့ ရုရှားရှုံးနိမ့်မှုက စဉ်းစားစရာဖြစ်လာပါတယ်။

           တရုတ်က NATO ရဲ့ ပစ်မှတ်သစ်လား

NATO ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းအရေးအပြင် တရုတ်ရဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ စစ်အင်အားကြီးလာမှု၊ မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မှုနှင့် ရုရှား ခြိမ်းခြောက်လာနိုင်မှုတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။  

ပထမဆုံးအကြိမ်အဖြစ် အာရှ-ပစိဖိတ်ဒေသ နိုင်ငံများဖြစ်တဲ့ ဂျပန်နှင့် တောင်ကိုရီးယား အစရှိသော နိုင်ငံများကို NATO ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဖိတ်ခေါ်တာ အာရှ-ပစိဖိတ်ဒေသမှာ NATO အဖွဲ့ တိုးချဲ့ရန်အတွက် အဓိကအကြောင်းအရာအဖြစ်  နိုင်ငံတကာသုံးသပ်သူအချို့က ရှုမြင်ကြပါတယ်။

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါကတော့ မေလ ဟီရိုရှီးမားမှာ G-7 ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပစဉ်တုန်းက ဂျပန်နိုင်ငံဟာ NATO အဖွဲ့ဝင်ဖြစ်လာရန် အစီအစဉ်မရှိဘူးလို့ ပြောခဲ့တာတော့ရှိပါတယ်။

ဗယ်လ်နီးယက်စ် ထိပ်သီးအစည်းအဝေးမှာ NATO အတွင်းရေးမှူးချုပ်က တရုတ်ဟာ NATO အဖွဲ့ရဲ့ ရန်သူမဟုတ်ပေမယ့် စည်းမျဉ်းအခြေပြု နိုင်ငံတကာစနစ်ကို စိန်ခေါ်နေပြီး ကြီးမားသော စစ်ရေးတည်ဆောက်မှုများ ပြုလုပ်နေတယ်လို့ ပြောခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ ဂျပန်နဲ့ တောင်ကိုရီးယားအပြင် နယူးဇီလန်၊ ဩစတြေးလျတို့ကိုပါ ဖိတ်ပြီး NATO အတွင်းရေးမှူးချုပ်က သီးခြားဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။

IP4 ခေါင်းဆောင်တွေလို့ သိကြတဲ့ ဒီ ၄ နိုင်ငံခေါင်းဆောင်များနဲ့တွေ့ရာမှာ  NATO အတွင်းရေးမှူးချုပ်က တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်ပြုခဲ့တာ မရှိခဲ့ပါဘူး။ဒါပေမဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ၊ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်တို့နှင့် တွေ့ဆုံရာမှာ - “မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး နေတိုး၏ စိုးရိမ်ပူပန်မှု” ၊ ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနိစ်နှင့် တွေ့ဆုံရာမှာ   “ဆိုက်ဘာ၊ နည်းပညာသစ်များနှင့် ပေါင်းစပ်ခြိမ်းခြောက်မှုများကို တန်ပြန်ခြင်း” ၊ နယူးဇီလန်ဝန်ကြီးချုပ် ခရစ္စဟစ်ကင်နှင့် တွေ့ဆုံရာမှာ  “ရာသီဥတုပြောင်းလဲမှု၊ ဆိုက်ဘာနှင့် နည်းပညာသစ်များ” စသည့် အကြောင်းအရာများကိုသာ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဂျပန်နဲ့ ဆိုက်ဘာလုံခြုံရေးအပါအဝင် နယ်ပယ်အသစ်များမှာ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်မယ့် မဟာမိတ်အစီအစဉ်အသစ်ကို သဘောတူညီချက်ရခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲ ထုတ်ပြန်ချက်မှာတော့ တရုတ်နဲ့ပတ်သက်ပြီး ဖော်ပြရာမှာ တရုတ်နိုင်ငံက သူ့ရဲ့ရည်မှန်းချက်၊ အကျပ်ကိုင်တတ်တဲ့ မူဝါဒတွေနဲ့အတူ NATO အဖွဲ့ရဲ့ အကျိုးစီးပွား၊ လုံခြုံရေးနဲ့ တန်ဖိုးတွေကို စိန်ခေါ်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ဒီထုတ်ပြန်မှုကို ဥရောပဆိုင်ရာ တရုတ်သံရုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

တရုတ်ပြောရေးဆိုခွင့်ရှိသူက နေတိုးရဲ့ အာရှ-ပစိဖိတ် တိုးချဲ့ရေး ကြိုးပမ်းမှုမှန်သမျှ ဆန့်ကျင်သွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။   

IP4 ခေါင်းဆောင်တွေကို NATO ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခြင်းဟာ NATO အဖွဲ့ကို  အာရှ-ပစိဖိတ်ဒေသအတွင်းသို့ တိုးချဲ့ရန် ကြိုတင်ပြင်ဆင်မှုလို့ တရုတ်ဘက်က ယူဆပါတယ်။ NATO ရဲ့  အင်ဒို-ပစိဖိတ် မိတ်ဖက်များနှင့် ထိတွေ့ဆက်ဆံမှုဟာ တရုတ်နှင့် ပြိုင်ဆိုင်မှုကနေ ကျော်လွန်လာပြီး တရုတ်နဲ့ ရင်ဆိုင်ရန် အမေရိကန်၏ စိတ်ကူးလိုဖြစ်လာနေတယ်လို့ မြင်ထားကြပါတယ်။ NATO အဖွဲ့ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂျူလီယန်စမစ်ကတော့ တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများအပေါ် အာရုံစူးစိုက်နေတာမှာ အာရှနိုင်ငံများအား NATO အစုအဖွဲ့မှာပါဝင်ရန် ဖိတ်ခေါ်ဖို့ အချက်ပြနေတာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အာရှအရှေ့ဖျားမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်ရဲ့ စစ်ရေးလှုပ်ရှားမှု ပိုများလာတာကလည်း NATO အဖွဲ့ကို ပိုဖိတ်ခေါ်နေသလိုဖြစ်နေလို့ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုတွေကလည်း ဒေသတွင်းမှာ ရိုက်ခတ်နေတာကြောင့် တောင်ကိုရီးယား၊ဂျပန်တို့လို နိုင်ငံတွေအဖို့ လုံခြုံရေးအရ အားထားဖို့ အမေရိကန်နိုင်ငံတစ်ခုတည်းနဲ့ မလုံလောက်တော့တာလည်း ပါဝင်နေပါတယ်။

လက်တွေ့မှာ အမေရိကန်က တရုတ်ကိုထိန်းချုပ်ဖို့၊ ဒေသတွင်း တရုတ်၏ ဩဇာလွှမ်းမိုးမှု မြင့်တက်လာတာကို တန်ပြန်တုံ့ပြန်ဖို့ ရည်ရွယ်တဲ့ အင်ဒို-ပစိဖိတ်ဒေသအတွင်း တစ်ပိုင်းတစ်စ စစ်ရေးမဟာမိတ်ဖွဲ့စည်းရေး ဆန္ဒကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေလို့ ဒေသတွင်းမှာ တင်းမာမှုက ဆက်တိုက်မြင့်တက်နေတာပါ။

ဒီအခင်းအကျင်းထဲ NATO သာ ပါဝင်လာမယ်ဆိုရင် အခြေအနေတွေက စစ်မက်ဘက်ရောက်လာမလားဆိုတာ ထည့်တွက်ရတော့မယ့် အခြေအနေပါ။

မင်းထက်