【 နိုင်ငံတကာဆောင်းပါး】တရုတ်ပါဝင်လာတဲ့ ဂျဒက်ဂျ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ

【 နိုင်ငံတကာဆောင်းပါး】တရုတ်ပါဝင်လာတဲ့ ဂျဒက်ဂျ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ

ဩဂုတ် ၅ရက်နှင့် ၆ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ ဂျဒက်ဂျ်တွင် ကျင်းပခဲ့သည့် ယူကရိန်းအရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုမှာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ အဆိုပါအစည်းအဝေးသည်ဆော်ဒီမှ ကမကထပြုကာ ကျင်းပသည်ဆိုသော်လည်း အနောက်အုပ်စုဝင်နိုင်ငံအများစုပါဝင်ပြီး ပြီးခဲ့သည့် ဇွန်လက ကိုပင်ဟေဂင်တွင် အလွတ်သဘောဆွေးနွေးခဲ့သည့် အစည်းအဝေးနောက် ဒုတိယမြောက် အစည်းအဝေးလည်းဖြစ်သည်။ ကိုပင်ဟေဂင် အစည်းအဝေးတွင် အလွတ်သဘောဟုဆိုသည့်အလျှောက် ဆွေးနွေးမှုအကြောင်းအရာနှင့် သဘောတူညီချက်ကို ထုတ်ပြန်ခဲ့ခြင်းမရှိခဲ့သော်လည်း ယခုဆော်ဒီတွင် ကျင်းပသည့် အစည်းအဝေးမှာမူ ယူကရိန်းသမ္မတ တင်သွင်းသည့် အဆိုပြုချက် ၁၀ ချက်ကို ထုတ်ပြန်မှုရှိခဲ့သည်။

နောက်တစ်ချက်မှာ ယခုဂျဒက်ဂျ်အစည်းအဝေးတွင် ရုရှားနှင့် နီးကပ်သောဆက်ဆံရေးရှိသည်ဟု သတ်မှတ်ခံထားရသော တရုတ်နှင့် အိန္ဒိယတို့ ပါဝင်လာခြင်းဖြစ်သည်။ ယူကရိန်းဘက်ကလည်း ယခုအစည်းအဝေးရည်ရွယ်ချက်မှာ ၎င်းနှင့် နီးကပ်သော အနောက်နိုင်ငံများ၏ ထောက်ခံမှုအပြင် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများဆီမှထောက်ခံမှုကို မျှော်ကိုးကြောင်း ဇီလင်စကီးက ဆိုခဲ့သည်။ အထူးသဖြင့် တရုတ်၊အိန္ဒိယ စသည့် နိုင်ငံများဆီမှ စစ်ပွဲနှင့်ပတ်သက်ပြီး ပြေငြိမ်းရေးအတွက် ကြားဝင်မှုကိုပင် ဖြစ်သည်။

ရုရှားကျူးကျော်မှုကို ခံနေရသည့် ယူကရိန်းအတွက် နေ့စဉ်နှင့်အမျှ နိုင်ငံသားများသေဆုံးမှုနှင့် နိုင်ငံအခြေခံအဆောက်အဦများ ပျက်စီးနေရာ စစ်ပွဲမြန်မြန်ရပ်နိုင်လျှင် ယူကရိန်းအတွက် ပို၍ကောင်းသည်။ထို့အတူ ရုရှားအတွက်လည်း မျှော်လင့်မထားသလို ဖြစ်လာသည့် စစ်ပွဲကြောင့် နိုင်ငံစီးပွားရေးနှင့် နိုင်ငံသားများစွန့်ခွာနေမှုကြောင့် စစ်ပွဲနွံထဲမှ ရုန်းထွက်နိုင်လျှင် နှစ်နိုင်ငံစလုံးအတွက် ကောင်းသော အခြေအနေဖြစ်သည်။သို့သော် လက်ရှိတွင် တိုက်ပွဲကကျယ်ပြန့်လာနေသလို ယူကရိန်းနိုင်ငံတစ်ဝန်း ရုရှားတိုက်ခိုက်မှုကြောင့် ထောင်းထောင်းကြေနေသလို ရုရှားနိုင်ငံမော်စကိုဘက်သို့ စစ်ကတစ်ဖန်ပြန်လှည့်နေသဖြင့် ဒီရက်ပိုင်း မကြာခဏဆိုသလို ယူကရိန်းဘက်က တိုက်ခိုက်မှုကို ပြန်ရင်ဆိုင်နေရပြီဖြစ်သည်။  

ရုရှားဘက်က သမားရိုးကျစစ်ပွဲတွင် ရှုံးနိမ့်ပြီး ကျူးကျော်သိမ်းပိုက်ထားသောယူကရိန်းနယ်မြေများကို လက်လွှတ်ရပါက နျူလက်နက်သုံးမည်ဟု မကြာခဏပြောနေခဲ့ရာ ယခုစစ်ပွဲသည် မထင်မှတ်ဘဲ နျူကလီးယားစစ်ပွဲအထိ ရောက်ရှိသွားနိုင်သည့်အနေအထားဖြစ်သည်။ နျူစစ်ပွဲထိမရောက်သေးသည့် ယခုကာလမှာပင် ယူကရိန်း၏ သီးနှံတင်ပို့သည့် ပင်လယ်နက် ကောက်ပဲသီးနှံသဘောတူညီချက်ကို ရုရှားဘက်မှ ရပ်ဆိုင်းခဲ့ရာ ကမ္ဘာ့စားနပ်ရိက္ခာစျေးထိုးတက်သွားသည့် စျေးကြီးမြင့်မှုကို ကမ္ဘာကခံနေရပြီဖြစ်သည်။

ထိုအခြေအနေတွင် ယူကရိန်းစစ်ပွဲမှာ ကြာရှည်လာနိုင်သည့်ဘက် ဦးတည်နေရာ ထိုသို့ဖြစ်လာပါက ကမ္ဘာအတွက် ဆိုးကျိုးကို ယခုထက်ပိုရင် ဆိုင်ရဖို့သေချာနေသည်။ ကိုဗစ် ၁၉ ကြောင့်ထိခိုက်ခဲ့သော ကမ္ဘာ့စီးပွားရေးမှာ ယခုအခါ ရုရှား၏ယူကရိန်းပေါ် ကျူးကျော်မှုကြောင့် ဖြစ်လာသည့် စစ်ပွဲကြောင့် နာလံမထူနိုင်ဘဲ ကမ္ဘာ့စီးပွားရေးပျက်ကပ်ဘေးဆီသို့ ဦးတည်သွားနိုင်သည့်အခြေအနေထိ ဖြစ်လာသည်။ထို့အတွက် စစ်ဖြစ်နေသည့်နိုင်ငံနှစ်ခုကြား ကြားဝင်ဖျန်ဖြေမှုက မရှိမဖြစ်လိုအပ်လာနေပြီဖြစ်သည်။

ယခုအရေးတွက် ကုလ၏အခန်းကဏ္ဍမှာ ယခင်များနှင့်မတူ ကုလသမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ဩဇာအာဏာမဲ့လာနေရာ နှစ်ဘက်စလုံးနှင့် ဆက်ဆံရေးကောင်းပြီး ကြားနေသည့် အင်အားကြီးနိုင်ငံတစ်နိုင်ငံ ကြားဝင်မှုက အသင့်လျှော်ဆုံးဖြစ်သည်။ ယခုဖြစ်နေသည့် ရုရှားကျူး ကျော်စစ်တွင် တရုတ်နိုင်ငံက ကျူးကျော်သူ ရုရှားကို ဝေဖန်စွက်ဖက်ခြင်းမပြုသလို ယူကရိန်းကိုလည်း ဝင်စွက်ဖက်ခြင်းမရှိခဲ့သည်ကိုတွေ့ရသည်။ထိုအစား စစ်ပွဲကိုဖြစ်စေသည့် အကြောင်းအရာတစ်ခုဖြစ်သော NATO အဖွဲ့ ရုရှားနယ်နိမိတ်နားအထိ ဥရောပအရှေ့ဘက်ထိ တိုးချဲ့လာခြင်းကိုသာ ထောက်ပြခဲ့သည်။ ထို့သို့သော အနေအထားကြောင့် ယူကရိန်း သမ္မတဇီလင်စကီး တင်ပြသည့် အချက်၁၀ချက်ပါ အပစ်ခတ်ရပ်စဲရေးအတွက် ဆော်ဒီတွင် ကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တရုတ်နိုင်ငံဘက်က တက်ရောက်မည့် သတင်းထွက်လာခဲ့သည်တွင် အဆိုပါအစည်းအဝေးက ကမ္ဘာအတွက်ဂရုစိုက်စရာ အစည်းအဝေးဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း နှစ်ရက်ကြာကျင်းပသည့် အဆိုပါအစည်းအဝေးသို့ ယူရေးရှားဒေသရေးရာ အထူးကိုယ်စားလှယ် လီဟွေး တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်အခါ ကမ္ဘာ့နိုင်ငံများက ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။ လီဟွေး တက်ရောက်ခြင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင် “ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နိုင်ဖို့ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်”ဟု ဖော်ပြခဲ့သည်။

တရုတ်၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ပါဝင်ပြီး ရုရှားကို မဖိတ်ခဲ့သည့် ယင်းအစည်း အဝေးတွင် ရုရှားဘက်နှင့်နားလည်မှုမလွဲစေရန်အတွက် တရုတ်နိုင်ငံခြားရေး ဝမ်ယိက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ထံ ဖုန်းဖြင့်ဆက်သွယ်ကာ တရုတ်သည် ထိုပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် ကြိုးစားရာတွင် လွတ်လပ်အမှီအခိုကင်း ဘက်မလိုက်သည့် ရပ်တည်ချက်ကို ဆုပ်ကိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

ထိုသို့ ဆက်သွယ်အကြောင်းကြားမှုနှင့် ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်က “ရုရှားကို မဖိတ်ဘဲ ဆော်ဒီမှာ ကျင်းပတဲ့ ဇလန်စကီး တင်ပြတဲ့ ယူကရိန်းငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးပွဲကို တရုတ် ငြိမ်းချမ်းရေး အထူးသံတမန် သွားတက်တယ်ဆိုပေမဲ့ သူတို့အနေနဲ့ အရင်ရပ်တည်ချက်အတိုင်း ကြားနေပြီး မျှမျှတတ ရပ်တည်နေဆဲပါလို့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကျနော့်ကို ဖုန်းဆက်ပြောပါတယ်”ဟု ပြောခဲ့သည်။

ထိုအစည်းအဝေးတွင် ယူကရိန်း သမ္မတ ဗိုလိုဒီမာဇီလင်းစကီးက ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် မော်စကို ဘက်က စတင်သည့် စစ်ပွဲကို အပြည့် အ၀အဆုံးသတ်ရန်အတွက် ရုရှားတပ်များအားလုံး ရုပ်သိမ်းရေး၊ ယူကရိန်း နယ်မြေများကို ယူကရိန်းသို့ ပြန်ပေးရေးတို့ပါသည့် အချက် ၁၀ ချက်ပါ ငြိမ်းချမ်းရေးအတွက် အခြေခံမူ ၁၀ ချက်ကို တင်သွင်းခဲ့သည်။  

လီဟွေးက ဂျဒက်ဂျ်အစည်းအဝေးဆွေးနွေးမှုတွင် တက်ရောက်လာသောနိုင်ငံများနှင့် ကျယ်ကျယ်ပြန့် ပြန့် ဆက်သွယ်ခြင်းနှင့် အမြင်ချင်းဖလှယ်မှုများ ဆောင်ရွက်ကြောင်း၊ တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့် အဆိုပြုချက်များကို ရှင်းလင်းပြောကြားကြောင်း၊ နိုင်ငံအသီးသီးမှ အမြင်များနှင့် အကြံပြုချက်များကို နားထောင်ခဲ့ကြောင်း နှင့် ယူကရိန်းအရေး နိုင်ငံရေးနည်းဖြင့် အဖြေရှာခြင်းဆိုင်ရာ ဘုံနားလည်မှုများပိုမိုရရှိရေးဆောင်ရွက်ခဲ့ကြောင်းဆိုသည်။ ငြိမ်းချမ်းရေးဆွေးနွေးမှု မြှင့်တင်ခြင်းတွင် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သည့် အခန်းကဏ္ဍကို နိုင်ငံများက အပြည့်အဝ အသိအမှတ်ပြုခဲ့သည်ဟု ဆိုသည်။

လီဟွေး ၏ ဂျဒက်ဂျ်အစည်းအဝေးတက်သည့် ဆော်ဒီခရီးစဉ်နှင့် ပတ်သက်ပြီး ဩဂုတ် ၈ ရက်က ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖျင်က အဆိုပြုခဲ့သည့် လုပ်ဆောင်သင့်သောအရာလေးခု၊ နယ်ပယ် လေးခုနှင့် လေ့လာမှုသုံးခုကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယူကရိန်းအရေး နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရေးအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက် စာတမ်းကိုအခြေခံပြီး နိုင်ငံများအားလုံးနှင့် ဆက်သွယ်ဆွေးနွေးမှု မြှင့်တင်ရန်၊ ယူကရိန်းအရေး နိုင်ငံရေးနည်းလမ်းအရ အဖြေရှာရန် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသတွင်းရန်ဘက် အီရန်နှင့် ဆော်ဒီကြား အောင်မြင်သော ငြိမ်းချမ်းရေးအစီအစဉ်ကို စတင်နိုင်ခဲ့သည့် တရုတ်နိုင်ငံအတွက် ဆော်ဒီတွင် ကျင်းပသော ဂျဒက်ဂျ်အစည်းအဝေးတွင် ရုရှားနှင့် ယူကရိန်းကြား အောင်မြင်သော စေ့စပ်ဆွေးနွေးမှုကို စတင်နိုင်မည်လားဆိုသည်မှာ မျှော်လင့်စရာဖြစ်သည်။ ရုရှား-ယူကရိန်းစစ်ပွဲက ကြာလာလေ ကမ္ဘာ့နေရာအကြားအလပ်မရှိ ထိခိုက်လာလေဖြစ်နေရာ စစ်ပွဲကို အဆုံးထိတိုးလိုသည့် နိုင်ငံကြီးများထဲ ငြိမ်းချမ်းရေးကိုသာ ဦးစားပေးသည့် တရုတ်ဦးဆောင်ပါဝင်သော စေ့စပ်ဆွေးနွေးရေးက မည်မျှ အလုပ်ဖြစ်မလဲဆိုသည်ကိုသာ စောင့်ကြည့်ရတော့မည်ဖြစ်လေသည်။

လင်းသစ်အောင်