【 နိုင်ငံတကာဆောင်းပါး 】တစ်ပိုင်းလျှပ်ကူးပစ္စည်း ကန့်သတ်ချက်များက အမေရိကန် ချစ်ပ်ထုတ်လုပ်သူများကို ထိခိုက်စေမည်

【 နိုင်ငံတကာဆောင်းပါး 】တစ်ပိုင်းလျှပ်ကူးပစ္စည်း ကန့်သတ်ချက်များက အမေရိကန် ချစ်ပ်ထုတ်လုပ်သူများကို ထိခိုက်စေမည်

အမေရိကန်အနေဖြင့် တရုတ်ထံသို့ ချစ်ပ်ပြားများ တင်ပို့မှုအား ထပ်မံကန့်သတ်ပါက အမေရိကန်၏ တပိုင်းလျှပ်ကူး ကုမ္ပဏီများအနေဖြင့် ကမ္ဘာ့အကြီးဆုံးဈေးကွက်များအနက် တစ်ခုမှာ ဦးဆောင်ခွင့်ရရှိနိုင်ရေးကို ထာဝရဆုံးရှုံးမည်ဖြစ်ကြောင်း Nvidia နည်းပညာကုမ္ပဏီက သတိပေးထုတ်ပြန်လိုက်ပါတယ်။ ယခုနှစ်အတွင်းထွက်လာတဲ့ အစီရင်ခံစာများစွာမှာ အမေရိကန်အနေဖြင့် ဉာဏ်ရည်တုချစ်ပ်ပြားများ တင်ပို့မှုကို ထပ်မံကန့်သတ်သွားရန် ရှိကြောင်း ခန့်မှန်းချက်များစွာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း Nvidia ရဲ့ နည်းပညာအဆင့်မြင့် A100 နဲ့ H100 ဂရက်ဖစ်ချစ်ပ်ပြားများကို တရုတ်ထံ တင်ပို့ခြင်းမပြုလုပ်ဖို့ ကန့်သတ်ခြင်း ခံခဲ့ရပါတယ်။

“လက်ရှိစည်းမျဉ်းတွေဟာ ထင်ထားတဲ့ ရလဒ်တွေ မရဘူးလို့ ယူဆပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ မိမိတို့ရဲ့ ထုတ်ကုန်တွေကို ဝယ်လိုအားများလာတာကြောင့် ဘယ်လိုမျိုး တင်ပို့မှုကန့်သတ်ချက်ကိုမှ မလိုလားပါဘူး။ ဒီလိုဖြစ်လာရင်လည်း မိမိတို့အပေါ်မှာ ကုန်ပစ္စည်းပိုင်းရော ဘဏ္ဍာရေးပိုင်းရော ထိခိုက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်” လို့ Nvidia ဘဏ္ဍာရေးအမှုဆောင်ချုပ်ကို လက်တေး ခရက်စ်က ဆိုပါတယ်။

“ရေရှည်မှာတော့ ဒီလိုမျိုး ဂရက်ဖစ်ချစ်ပ်ပြားတွေကို တရုတ်ကို တင်ပို့မှုကို ဆက်လက် ပိတ်ပင်ထားမယ်ဆိုရင် အမေရိကန်အတွက် ကမ္ဘာ့အကြီးဆုံးဈေးကွက်တွေထဲက တစ်ခုဖြစ်တဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်ခွင့်နဲ့ ဦးဆောင်နိုင်ခွင့် ဆုံးရှုံးသွားစေမှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။ Nvidia ဟာ အမေရိကန်ရဲ့ ပို့ကုန်ထိန်းချုပ်မှုတွေကြောင့် A800 နဲ့ H800 ချစ်ပ်ပြားတွေကို ပြောင်းလဲထုတ်လုပ်ခဲ့ရပါတယ်။ Nvidia ဘက်မှ ယခုလိုမျိုး သတိပေးချက်ထုတ်ပြန်တာဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ခရက်စ်က အမေရိကန်ရဲ့ တစ်ပိုင်းလျှပ်ကူးနယ်ပယ်အနေနဲ့ ချစ်ပ်ပြားများ တင်ပို့မှု ကန့်သတ်ခြင်းကြောင့် ထိခိုက်မှုရှိနိုင်ကြောင်း ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။

ချစ်ပ်ပြားများ ထုတ်လုပ်သူများဟာ အထင်ရှားဆုံး ဈေးကွက်တွေထဲက တစ်ခုဖြစ်တဲ့ တရုတ်ဈေးကွက်အပေါ် ထပ်မံကန့်ကွက်မှာကို မလိုလားကြပါဘူး။ ယခုနှစ်ဇွန်လမှာ ဝင်ငွေက စံချိန်တင် ၁၇၁ ရာခိုင်နှုန်း မြင့်တက်ခဲ့တဲ့ Nvidia ရဲ့ ဝင်ငွေ ၂၀ ရာခိုင်နှုန်းနဲ့ ၂၅ ရာခိုင်နှုန်းက တရုတ်နိုင်ငံကနေ ရတာဖြစ်ပါတယ်။ အမေရိကန်ဘက်မှ တုံ့ပြန်ချက်မှာ တရုတ်သို့ တင်ပို့မှု ကန့်သတ်ရခြင်းမှာ နည်းပညာများအား စစ်ဘက်ဆိုင်ရာ အသုံး ပြုမှုအတွက် မရရှိစေရန်ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ နှစ်နိုင်ငံကြားမှာ နည်းပညာအရ လွှမ်းမိုးမှုရှိစေရေး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တာဖြစ်ပြီး တစ်ပိုင်းလျှပ်ကူးကဏ္ဍက ကြားညပ်ခဲ့တာ ဖြစ်ပါတယ်။ ဉာဏ်ရည်တုပုံစံကြီးများစွာကို လေ့ကျင့်ရာမှာ အသုံးပြုနိုင်သော Nvidia ရဲ့ ချစ်ပ်ပြားများဟာ ပြိုင်ဘက်များကြားမှာ ဦးဆောင်နေပါတယ်။ ဒေတာပေါင်းများစွာကို လေ့ကျင့်သော တရုတ်ကုမ္ပဏီများဟာလည်း ဒီချစ်ပ်ပြားများအပေါ် မှီခိုနေပါတယ်။ ပထဝီနိုင်ငံရေး ကန့်သတ်ချက်တွေကြား Nvidia ရဲ့ ရှယ်ယာဟာ ယခုနှစ်အတွင်းမှာ ၂၂၀ ရာခိုင်နှုန်း တိုး တက်ခဲ့ပြီး ကုမ္ပဏီအနေနဲ့ စက်တင်ဘာလအကုန် သုံးလတာကာလပတ်မှာ ရောင်းအားတိုးတက်မှုဟာ သုံးဆဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

Linko

Ref:CNBC| Nvidia warns more semiconductor curbs will end U.S. chipmakers’ ability to compete in China