【 နိုင်ငံတကာဆောင်းပါး 】တန်နက်ဆီကျောင်းပစ်ခတ်မှုအပြီး ထပ်ငြင်းဆန်ခံလိုက်ရပြီဖြစ်သော သေနတ်ထိန်းချုပ်ရေး ဥပဒေ

【 နိုင်ငံတကာဆောင်းပါး 】တန်နက်ဆီကျောင်းပစ်ခတ်မှုအပြီး ထပ်ငြင်းဆန်ခံလိုက်ရပြီဖြစ်သော သေနတ်ထိန်းချုပ်ရေး ဥပဒေ

မတ်လတုန်းက ဖြစ်ခဲ့တဲ့ တန်နက်ဆီကျောင်းပစ်ခတ်မှုကြောင့် ခေါ်ယူခဲ့တဲ့ အထူးအစည်းအဝေး စတင်ချိန် ရက်အနည်းငယ်အကြာမှာပဲ ရီပါ့ပလစ်ကန် အမတ်တွေဟာ လွှတ်တော်ကို ရပ်ဆိုင်းစေခဲ့သောကြောင့် မည်သည့်အကြောင်းအရာကို သဘောတူနိုင်မလဲဆိုတာ မရေရာဖြစ်နေပြီး သေချာသည်ကတော့ ထင်ရှားတဲ့ သေနတ်ထိန်းချုပ်မှု အပြောင်းအလဲ ရှိလာမှာ မဟုတ်တော့ပေ။ 

ယခုအပတ်မှာ ဥပဒေကြမ်းအနည်းငယ်နဲ့ ရှေ့ဆက်နိုင်ခဲ့သော်လည်း ရီပါ့ပလစ်ကန်များ လွှမ်းမိုးထားတဲ့ အထက်လွှတ်တော်ဟာ ကြာသပတေး နေ့မှာတော့ အဆိုပြုချက်တွေ ထပ်မံလက်မခံတော့ဘဲ ရပ်ဆိုင်းခဲ့ကာ တနင်္လာနေ့မှာ ပြန်လည်စတင်မယ်လို့ ဆိုပါတယ်။ ဒီကြေညာချက်ကို သေနတ်ထိန်းချုပ်မှုထောက်ခံတဲ့ အဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ရှုတ်ချခဲ့ကြပါတယ်။ 

ထို့အပြင် အခြားသော အဆိုပြုလွှာများကို တင်သွင်းကြတဲ့ ရီပါ့ပလစ်ကန် အောက်လွှတ်တော်အမတ်များ ကြားမှာလည်း ဒေါသထွက်စရာ ဖြစ်နေပါတယ်။ ဒီအထူးအစည်းအဝေးကနေတစ်ဆင့် အမျိုးမျိုးသော အဆိုပြု လွှာများကို တင်သွင်းဖို့ ကြိုးစားပေမဲ့လည်း အထက်လွှတ်တော်က တော့ အစည်းအဝေးအစမှာ အုပ်ချုပ်ရေးမှူးရဲ့ အစီအစဉ်ထဲမှာ မပါတဲ့ အဆိုပြုချက်တွေကို အတည်ပြုဖို့ လက်မခံကြောင်း အောက်လွှတ်တော်အမတ်များက ပြောပါတယ်။

ဒီမိုကရက်တစ်အမတ်များကလည်း အထက်လွှတ်တော်မှာ ထည့်သွင်းစဉ်းစားခံရတဲ့ ဥပဒေကြမ်းတွေမှာ အထူးသဖြင့် သေနတ်အကြမ်းဖက်မှုကို ထိန်းချုပ်ရေးကဲ့သို့သော ကာကွယ်ရေးနည်းလမ်းများ မပါဝင်ကြောင်းကို သတိပေးထားပါတယ်။ 

“နောက်ထပ် ဝမ်းနည်းဖွယ်တွေ ကြုံရဦးမှာပဲ။ နောက်ထပ် သေနတ်အကြမ်းဖက်မှုရဲ့ နစ်နာသူဖြစ်လာမဲ့ ကလေးတွေအတွက် ပြင်ဆင်ထားရမယ်။ ဒါက ကျွန်တော်တို့ လုပ်နိုင်တဲ့ အကောင်းဆုံးအရာပဲ” လို့ ဒီမိုကရက်တစ်အမတ် ဂျက်စတင် ပီယာဆန်က ဆိုပါတယ်။ ပီယာဆန်ဟာ ယခုနှစ်အစောပိုင်းမှာ သေနတ်ထိန်းချုပ်ရေး ပိုစတာများလှုပ်ရှားမှုများ ပါဝင်ခဲ့လို့ လွှတ်တော်ထဲကနေ ထုတ်ပယ်ခံခဲ့ရပြီးမှ ပြန်လည်နေရာရလာတာ ဖြစ်ပါတယ်။

အထူးအစည်းအဝေးဟာ နဂိုကတည်းက စိတ်ခံစားချက်များ ပြင်းထန်ပြီး ဗြောင်းဆန်နေတဲ့အချိန်မှာ လွှတ်တော်နှစ်ခုကြား ပွတ်တိုက်မှုက ပြဿနာကို ပိုဆိုးစေပါတယ်။ သေနတ်ထိန်းချုပ်မှု တက်ကြွလှုပ်ရှားသူများက နိုင်ငံရဲ့ သေနတ်ဥပဒေတွေကို ပြောင်းလဲစေလိုပြီး ရီပါ့ပလစ်ကန် လွှတ်တော်ခေါင်းဆောင်များကတော့ လွှတ်တော်အဆောက်အအုံကို အများပြည်သူဝင်ခွင့်ကို ကန့်သတ်ဖို့နဲ့ ဥပဒေစိုးမိုးမှု တိုးမြှင့်ဖို့ကို အာရုံထားနေတာဖြစ်ပါတယ်။ အများပြည်သူအနေဖြင့် လွှတ်တော်ကျင်းပနေချိန်မှာ ဆိုင်းဘုတ်များ ကိုင်ဆောင်ခွင့် ပိတ်ပင်ဖို့ အောက်လွှတ်တော် ရီပါ့ပလစ်ကန်အမတ်များက ကြိုးစားခဲ့ဖူးပေမဲ့ တန်နက်ဆီတရားသူကြီးတစ်ဦးက ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ ကြားနာခြင်းတစ်ခုမှာလည်း ကျောင်းတွင်း ပစ်ခတ်ခံရမှုနဲ့ ဆက်နွယ်နေတဲ့ မိဘတွေပါဝင်တဲ့ လူအုပ်ကို မတည်ငြိမ်မှုနဲ့ အခန်းထဲက ထွက်ခွာစေခဲ့ပါတယ်။  

လွှတ်တော်အမတ်တွေရဲ့ လွှတ်တော်အစည်းအဝေး ကျင်းပချိန် တစ်နေ့တာကုန်ကျစရိတ်ဟာ ဒေါ်လာ ၆၀,၀၀၀ ရှိပါတယ်။ ဒီအထဲမှာ မပါဘဲ အပြင်ကုန်ကျစရိတ်တွေအနေနဲ့ မကျင်းပခင် တစ်ပတ်ကတည်းက လွှတ်တော်အဆောက်အဦနဲ့ရုံးတွေမှာ တာဝန်ယူရတဲ့ ဥပဒေစိုးမိုးမှုအရာရှိတွေရဲ့ ကုန်ကျစရိတ်တွေလည်း ရှိပါသေးတယ်။ 

ရီပါ့ပလစ်ကန် အုပ်ချုပ်ရေးမှူး ဘီလ်လီက မတ်လတုန်းက ကလေးသုံးဦးနဲ့ လူကြီးသုံးဦးကို သေဆုံးစေခဲ့တဲ့ နက်ရှ်ဗေးကျောင်း ပစ်ခတ်မှုအပြီးမှာ လွှတ်တော်အစည်းအဝေး ပြန်ခေါ်ခဲ့တာဖြစ်ပါတယ်။ လီရဲ့ မျှော်လင့်ချက်ကတော့ အခြားသူများကို အန္တရာယ်ဖြစ်စေနိုင်တဲ့ လူများထံ သေ နတ်များ မရောက်စေဖို့ ဖြစ်ပါတယ်။ သို့သော်လည်း ထိုဥပဒေကြမ်းကို ဧပြီလမှာ ကျင်းပခဲ့တဲ့ ပုံမှန်အစည်းအဝေးတုန်းက ထောက်ခံမှုမရနိုင်ခဲ့ တာဖြစ်ပါတယ်။ ထို့အတူပင် ရီပါ့ပလစ်ကန် အမတ်များက ထိုဥပဒေကြမ်းကို ယခုတစ်ပတ်တွင်လည်း ထောက်ခံမှုအလားအလာ မရှိမည့်အပြင် ဒီမိုကရက်တစ်အမတ်များရဲ့ တင်ပြချက်တွေဟာလည်း ဆွေးနွေးမှုမရှိဘဲ ငြင်းဆန်ခံရမှာဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူးကတော့ အများပြည်သူလုံခြုံရေးကို မြင့်တက်စေမယ်လို့ ယူဆတဲ့ အပြောင်းအလဲ အနည်းငယ်ကို တွန်းအားပေးနေပါတယ်။ အချို့သော ပြောင်းလဲချက်တွေကိုတော့ အထက်လွှတ်တော်ကနေ အတည်ပြုပြီးသား ဖြစ်ပါတယ်။ ထိုအချက်တွေကတော့ လုံခြုံသောသေနတ်သိမ်းဆည်းမှု ပစ္စည်းများကို အသုံးပြုသူများအတွက် မက်လုံးများပေးခြင်း၊ နှစ်စဉ် လူကုန်ကူးမှုအစီရင်ခံစာ ထုတ်ပြန်ခြင်း၊ အုပ်ချုပ်ရေးမှူး၏ အမိန့်အရ အတည်ပြုထားပြီးသော နောက်ကြောင်းစစ်ဆေးမှုများတွင် လိုအပ်သလို ညှိနှိုင်းမှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံတော် ဘဏ္ဍာငွေကို ကျောင်းအရင်းအမြစ်တာဝန်ရှိသူများထံ ရွှေ့ပြောင်းခြင်းတို့အပြင် အပြုအမူဆိုင်ရာနယ်ပယ်များ၌ အပိုဆုကြေးများနှင့် ပညာသင်ဆုများ ပေးအပ်ခြင်းတို့ ပါဝင်ပါတယ်။ 

အောက်လွှတ်တော်မှာ ဆွေးနွေးနေဆဲ အဆိုပြုချက်များအနက် တစ်ခုကတော့ အသက် ၁၆ နှစ်နဲ့ အထက် ရှိသူကို လူသတ်မှုနှင့် လူသတ်ရန်ကြိုးပမ်းမှုတို့မှာ အရွယ်ရောက်ပြီးသူများအဖြစ် သတ်မှတ်ရန် ဖြစ်ပါတယ်။ ထိုနည်းလမ်းအရ ပြစ်မှုကျူးလွန်သူသည် အသက် ၁၉ နှစ် ပြည့်ပါက အရွယ်ရောက်ပြီးသူများ ကျခံရမည့် ပြစ်မှုကိုကျခံရမှာဖြစ်ပြီး ထိုအဆိုပြုချက်သည် ဓားပြမှုမှ အဓမ္မမှုများအထိ အကျုံးဝင်ခြင်းဖြစ်ပါတယ်။ 

အခြားသော ဆွေးနွေးနေဆဲ ဥပဒေကြမ်းများမှာတော့ လူသတ်မှုရဲ့ နစ်နာသူဖြစ်တဲ့ ကလေးများရဲ့ ရင်ခွဲမှုအချက်အလက်ကို အများပြည်သူထံ မျှဝေခြင်းမှ ကန့်သတ်ရန်ဖြစ်ပြီး မိဘများအစုအဖွဲ့က ထောက်ခံနေကြတာ ဖြစ်ပါတယ်။

အောက်လွှတ်တော်မှာ ဆရာများနှင့် ဝန်ထမ်းများက အများပြည်သူကျောင်းများသို့ သေနတ်ယူဆောင်လာခွင့်နဲ့ ပတ်သက်ပြီး ဥပဒေကြမ်းနှစ်ခုကို ထည့်သွင်းစဉ်းစားခဲ့ပေမဲ့ ဆက်လုပ်ရန် ရပ်တန့်ခဲ့ပါတယ်။ ကျောင်းများ၌ လက်နက်ကိုင်လုံခြုံရေးနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းအချို့ကို ဆွေးနွေးနေဆဲဖြစ်ပါတယ်။

“အထက်လွှတ်တော်အမတ်တွေအနေနဲ့ သူတို့ကိုယ်တိုင်စဉ်းစားတဲ့ အကြံဉာဏ်တွေကို ဘာမှလုပ်ဆောင်နေတာမျိုး မရှိပါဘူး။ ဒါကြောင့် လာမဲ့အပတ်မှာတော့ သူတို့တစ်ခုခု လုပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ ကမ်မရွန်း ဆက်တွန်က ဆိုပါတယ်။ 

Linko

Ref:AP| Gun control already ruled out, Tennessee GOP lawmakers hit impasse in session after school shooting