【 နိုင်ငံတကာဆောင်းပါး 】တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ

【 နိုင်ငံတကာဆောင်းပါး 】တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) သည် အီရန်နှင့် ပါရှန်ပင်လယ်ကွေ့ သင်္ဘောလမ်းများအနီးတွင်တည်ရှိသော တရုတ်အနောက်ပိုင်း Kashgar မြို့မှ ပါကစ္စတန်၏ အာရေဗျပင်လယ်ဆိပ်ကမ်း ဂွာဒါ(Gwadar) ဆိပ်ကမ်းသို့ ဆန့်တန်းမည့် ဒေါ်လာ ၆၂ ဘီလီယံ ချိတ်ဆက်ရေး စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းသည် ဖွံ့ဖြိုးတိုးတက်မှုနည်းသော ကုန်းတွင်းပိတ်ဒေသများကို အာရေဗျပင်လယ်ပြင်နှင့် ချိတ်ဆက်မည့် ယင်းစီမံကိန်းအပေါ် တရုတ်ဘက်ကရော ပါကစ္စတန်ဘက်ကပါ များစွာမျှော်လင့်ထားကြသည်။ ၂၀၁၃ခုနှစ်ကစတင်ခဲ့သည့် ယင်းစီမံ ကိန်းမှာ ယခုနှစ်တွင် ၁၀ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ရာ စီမံကိန်းများမှာ လည်ပတ်နေပြီလည်း ဖြစ်သည်။

ဖွံ့ဖြိုးမှုနည်းသဖြင့် ဖြစ်လာသည့် မညီမျှမှုများကြောင့် လူမျိုးရေးဘာသာရေးအစွန်းရောက်မှုကို ကုစားရာတွင် အနောက်ရော အရှေ့ပါတူညီသည့် ဖြေရှင်းနည်းက အခြေခံကျသည့် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်လာအောင် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ သို့အတွက် ဘာသာရေးအစွန်းရောက်အကြမ်းဖက်မှုများပြားပြီး ဖွံ့ဖြိုးတိုးတက်မှု အားနည်းသည့် အဆိုပါဒေသအတွက် CPECမှာ အကောင်းဆုံးသော ထွက်ပေါက်ဖြစ်သည်။

ပါကစ္စတန် နိုင်ငံ အစ္စလာမာဘတ်မြို့တော်တွင် ဇူလိုင် ၃၁ ရက်က တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ စတင်ခဲ့သည့် ၁၀နှစ် ပြည့်မြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့သည်။ထိုအခမ်းအနားသို့ ပါကစ္စတန်ဘက်မှ ဝန်ကြီးချုပ်တက်ရောက်ခဲ့သလို တရုတ်ဘက်မှ ဒုတိယဝန်ကြီးချုပ်ဟူလီဖန်းတက်ရောက်ခဲ့သည်။ တရုတ်သမ္မတရှီကျင့်ဖျင်က ထိုအခမ်းအနားသို့  သဝဏ်လွှာပေးပို့ခဲ့ပြီး သဝဏ်လွှာထဲတွင် ၂၀၁၃ခုနှစ် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ စတင်ခဲ့သည့် နောက်ပိုင်းနှစ်နိုင်ငံတို့သည် အတူညှိနှိုင်းတိုင်ပင်ရေး၊ အတူတည်ဆောက်ရေးနှင့် အတူမျှဝေရေးမူများကို စွဲကိုင်ပြီး စီးပွားရေးစင်္ကြံတည်ဆောက်ရေးကို တွန်းအားပေးကာ ပါ ကစ္စတန် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် တွန်းအားပေးမှုအသစ်များကို ဖော်ဆောင်ပေး၍ ဒေသတွင်း အပြန်အလှန် ချိတ်ဆက်မှုနှင့် တစ်ပြေးညီ ဖြစ်စေရေးဖြစ်စဉ်အတွက် ကောင်းမွန် သော အခြေခံအုတ်မြစ်ဖြစ်လာကြောင်း၊ တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံသည် နှစ်နိုင်ငံတို့၏ ခေတ်ကာလသစ်တွင် ပိုမိုရင်းနှီး သော တရုတ်-ပါကစ္စတန် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အတွက် အရေးကြီးသော ထောက်ပံ့ပေးမှု ဖြစ်လာပြီ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အံ့အားသင့်စရာမှာ ယခုအခမ်းအနားတွင် တရုတ်ဒု-ဝန်ကြီးချုပ်က China Pakistan Economic Corridor (CPEC) အတွက် ရည်မှန်းချက်ကြီးသော အနာဂတ်အစီအစဉ်ကို တင်ပြခဲ့ပြီး ဒေသတွင်း ဆက်သွယ်မှုနှင့် စီးပွားရေးပေါင်းစည်းမှု တိုးတက်စေရန် တတိယနိုင်ငံများ၏ ပူးပေါင်းပါဝင်မှုကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ တရုတ် ဒု-ဝန်ကြီးချုပ်၏ ၃ ရက်တာအစ္စလာမာဘတ်ခရီးစဉ်အတွင်း ပြုလုပ်သည့် CPEC ပရောဂျက်၏ ဆယ်စုနှစ် တစ်ခု ပြီးစီးမှုအား ဂုဏ်ပြုသည့် အထူးအခမ်းအနားတွင် ပေကျင်းက ပါကစ္စတန်တွင် ဒေါ်လာ ၆၀ ဘီလီယံကျော် ကတိပြုထားသည့် CPEC စီမံကိန်းပြီးဆုံးကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။

CPEC သည် အာရှနှင့် ပြင်ပတွင် ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော အခြေခံအဆောက်အအုံများ တည်ဆောက်ရန် ပြင်းထန်သော ကြိုးပမ်းမှုတစ်ခုဖြစ်သည့် တရုတ်နိုင်ငံ၏ Belt and Road Initiative အစောပိုင်း ဥပမာတစ်ခု ဖြစ်လာခဲ့သည်။ စတင်ချိန်တွင် CPEC သည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်အရှိဆုံး BRI ကြိုးပမ်းမှုဖြစ်ပြီး စွမ်းအင်စီမံကိန်းများအတွက် ဒေါ်လာ ၃၅ ဘီလီယံကျော်နှင့် သယ်ယူပို့ဆောင်ရေးအတွက် နောက်ထပ် ဒေါ်လာ ၁၀ ဘီလီယံကို ကတိပြုခဲ့သည်။ ယခုအချိန်တွင် CPEC သည် ပါကစ္စတန်သို့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၅.၄ ဘီလီယံ ယူဆောင်လာခဲ့ပြီး အလုပ်အကိုင် ထောင်ပေါင်းများစွာ ဖန်တီးကာ အဝေးပြေးလမ်း ၅၀၀ ကီလိုမီတာ၊ လျှပ်စစ်ဓာတ်အား ၈၀၀၀ မဂ္ဂါဝပ်နှင့် အမျိုးသား ပို့လွှတ်ရေး ကွန်ရက်သို့ ကီလိုမီတာ ၉၀၀ နီးပါး ချိတ်ဆက်ပေးခဲ့သည်။  

ထိုအခမ်းအနားတွင် ပါကစ္စတန်ဝန်ကြီးချုပ်ရှာရစ်ဖ်က ပါကစ္စတန်သည် CPEC ၏ ဒုတိယအဆင့်သို့ ဝင်ရောက်နေပြီဟု ပြောကြားခဲ့ပြီး မဟာဗျူဟာ ပင်မလိုင်း-၁ မြှင့်တင်ရေး အပါအဝင် နားလည်မှု စာချွန်လွှာကို ရေးထိုးခဲ့သည်။ ယင်းမှာ ကရာချိ -ပက်ရှ်ဝါ မီးရထားလိုင်း သို့မဟုတ် ML-1 ဟုလည်း လူသိများသည့် ပါကစ္စတန်၏ မီးရထားလိုင်းများကို အဆင့်မြှင့်တင်ရန်အတွက် ဒေါ်လာ ၆.၈ ဘီလီယံတန် CPEC စီမံကိန်းဖြစ်သည်။ရှာရစ်ဖ်က  "ဒီနေ့မှာတော့ ကျွန်တော်တို့ဟာ စံနမူနာအသစ်နဲ့ ဆောင်ရွက်မယ့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်မယ့် CPEC ရဲ့ ဒုတိယအဆင့်အတွက် အရေးကြီးတဲ့ စာရွက်စာတမ်းအချို့ကို ဒီနေ့ လက်မှတ်ရေးထိုးခဲ့ပါတယ်" ဟု မီဒီယာများကိုပြောခဲ့သည်။

ထိုထဲတွင် စိုက်ပျိုးရေး၊ သတင်းအချက်အလက်နည်းပညာမှာ ရင်းနှီးမြှုပ်နှံမှုတွေပါဝင်ကာ တရုတ်အစိုးရရဲ့ လိုအပ်ချက်နဲ့ စံချိန်စံညွှန်းတွေအရ ပါကစ္စတန် ကုန်ပစ္စည်းတွေကို တင်ပို့နိုင်စေဖို့လည်းပါပြီး ပါကစ္စတန်မှ ငရုတ်သီးခြောက်များ တရုတ်နိုင်ငံသို့ တင်ပို့မှုဆိုင်ရာ ပရိုတိုကောနှင့် CPEC မူဘောင်အောက်တွင် ကျွမ်းကျင်သူများ ဖလှယ်ရေးယန္တရားတစ်ခု ထူထောင်ခြင်းအပါအဝင် သဘောတူညီချက် ခြောက်ခုကို ပါကစ္စတန်နှင့် တရုတ်အရာရှိများ လက်မှတ်ရေးထိုးခဲ့ခြင်းလည်းပါဝင်သည်။

ရှီကပေးပို့သည့် သဝဏ်လွှာတွင် အနာဂတ်တွင် တရုတ်ပြည်အနေနှင့် ပါကစ္စတန်နှင့် အတူ တရုတ်-ပါကစ္စတန် ထာဝစဉ် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို အဆင့်သစ်သို့ ရောက်ရှိရန် တွန်းအားပေးပြီး နှစ်နိုင်ငံနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် စည်ပင် သာယာရေးအတွက် ပိုမိုကြီးမားသည့် အကျိုးပြုမှုများကို စွမ်းဆောင်ရန် လက်တွဲကြိုးပမ်းဆောင်ရွက်လိုကြောင်းဖော်ပြခဲ့သည်။ သို့ဖြစ်ရာ CPEC ဒုတိယအဆင့်သည် အခြေခံအဆောက်အဦရင်းနှီးမြှုပ်နှံခြင်းထက် လူသားစွမ်းအားနှင့် ကုန်သွယ်မှု၊နည်းပညာ အခြေပြုကုန်ထုတ်လုပ်ငန်းများဘက် အာရုံစိုက်မည်ဖြစ်ရာ ဒေသတွင်းအလုပ်အကိုင် သစ်များနှင့် ထုတ်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပေါ်ထွက်လာရန် အာရုံစိုက်ရင်းနှီးမြှုပ်နှံသည်ကိုတွေ့ရသည်။

ထို့အတွက် စွမ်းအင်မှာ အရေးပါသောအခန်းကဏ္ဍဖြစ်သည်။ CPEC ၏အစပိုင်းတွင် ပါကစ္စတန် အစိုးရသည် ထိုလိုအပ်ချက်ကိုဖြည့်ဆည်းရန် ထိုနှစ်တွင် အနည်းဆုံး နောက်ထပ်ဓာတ်အား ၄၀၀၀ မဂ္ဂါဝပ် လိုအပ်သည်ဟု ခန့်မှန်းခဲ့သည်။ CPEC အရ ပေါ်ထွက်လာသည့် ဓာတ်အားပေးစက်ရုံ ၁၃ ရုံနှင့် မဂ္ဂါဝပ် ၄၀၀၀ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းက ထိုလိုအပ်ချက်ကို ဖြည့်ဆည်းခဲ့သည်။ယခုအခါ CPEC ပရောဂျက်များသည် ပါကစ္စတန် လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ သုံးပုံတစ်ပုံခန့်ကို ထောက်ပံ့ပေးနိုင်သည်ဟု တာဝန်ရှိသူများက ခန့်မှန်းထားသည်။

ထို့ပြင် CPEC ကြောင့် ပါကစ္စတန်၏ လမ်းပန်းဆက်သွယ်ရေးမှာလည်း ၁၀ နှစ်အတွင်း အတော်ပေါက်မြောက်ခဲ့သည်။ CPEC သည် မြောက်မှတောင်သို့ အဓိကသယ်ယူပို့ဆောင်ရေးကွန်ရက်များ တိုးတက်ကောင်းမွန်လာစေရန် ပါကစ္စတန်အား ထိရောက်စွာကူညီခဲ့ပြီး ဆိပ်ကမ်းများ၊ လေဆိပ်များနှင့် လမ်းများနှင့် လာဟိုးရှိ Orange Line Metro ရထားများအပါအဝင် ခံနိုင်ရည်ရှိသောနိုင်ငံ၏ အခြေခံအဆောက်အအုံအတွက် အုတ်မြစ်ချ ပေးနိုင်ခဲ့သည်။ ထိုကာလအတွင်း ပါကစ္စတန်တွင် အလုပ်အကိုင်ပေါင်း ၂၃၀, ၀၀၀ ကျော် ဖန်တီးနိုင်ခဲ့ရာ ပါကစ္စတန်နိုင်ငံသား ၁၅၅,၀၀၀ကျော် အလုပ်အကိုင်ရရှိခဲ့ကြောင်း ခန့်မှန်းကြသည်။ ထို့ပြင် တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် မျှော်လင့်ထားသည့် အထူးစီးပွားရေးစက်မှုဇုန်ကိုးခုကို တည်ဆောက်နေဆဲလည်းဖြစ်သည်။ ဇုန်လေးခုမှာ ဆောက်လုပ်ဆဲဖြစ်ပြီး အခြားဇုန်တွေမှာ မစရသေးသော်လည်း ယခုပြီးစီးမှုက တရုတ်ကုမ္ပဏီများကို မက်လုံးများစွာဖြစ်စေသည်။

သို့ဖြစ်ရာ ဝေဖန်မှုများစွာရှိခဲ့သော တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC)စီမံကိန်းမှာ အကောင်အထည်ပေါ်ခဲ့ပြီဖြစ်ရာ ပါကစ္စတန်အနေဖြင့်ထိုအခြေခံပေါ်မူတည်ပြီး မည်မျှဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မည်လဲဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ ထို့ပြင် အကြမ်းဖက်မှုများကြောင့် အနောက်နိုင်ငံများ ရင်းနှီးမြှုပ်နှံရန် လက်ရှောင်ကြသည့် ပါကစ္စတန်တွင် CPEC ၏ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုပေါ် တရုတ်ဘက်က ဖွင့်ပေးသည့် ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်မှုကို မည်သည့် တတိယနိုင်ငံက ပါဝင်လာမည်လဲဆိုသည်ကို စောင့်ကြည့်ရတော့မည်ဖြစ် သည်။

လင်းသစ်အောင်