【 နိုင်ငံတကာဆောင်းပါး 】ပစ်ခတ်မှုထိန်းချုပ်မရတော့တဲ့ အမေရိကန်

【 နိုင်ငံတကာဆောင်းပါး 】ပစ်ခတ်မှုထိန်းချုပ်မရတော့တဲ့ အမေရိကန်

သေနတ်ဖြင့် အကြမ်းဖက်ခြင်းသည် နှစ်စဉ်သေနတ်နှင့် ဆက်စပ်၍ သေဆုံးမှုနှင့် ဒဏ်ရာရသူ ထောင်ပေါင်းများစွာကို ရည်ညွှန်းသော အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အကျိုးစီးပွားဆိုင်ရာ ဝေါဟာရဖြစ်သည်။

အမေရိကန်တွင် သေနတ်ဖြင့်အကြမ်းဖက်မှုကြောင့် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တစ်လျှောက်လုံး နေ့စဉ်သေဆုံးသူ ၁၀၀ နှင့် ရာနှင့်ချီသော ဒဏ်ရာများ ရရှိခဲ့သည်။မြင့်တက်လာသော သေဆုံးမှုများကိုကြည့်လျှင် သေနတ်ကြောင့် သေဆုံးမှုနှုန်းသည် ၁၉၉၉ ခုနှစ်တွင် လူ ၁၀၀,၀၀၀ လျှင် ၁၀.၃ ဦးမှ ၂၀၁၈ ခုနှစ်တွင် လူ ၁၀၀,၀၀၀ လျှင် ၁၁.၉ ဦးအထိ မြင့်တက်ခဲ့သည်။ Pew Research Center ၏ အစီရင်ခံစာအရ အမေရိကတွင်ကလေးများ သေနတ်ကြောင့် သေဆုံးမှုသည် ၂၀၁၉ မှ ၂၀၂၁ ခုနှစ်အတွင်း ရာခိုင်နှုန်း ၅၀ အထိ မြင့်တက်လာနေကြောင်း ဆိုထားသည်။

ထို့ကြောင့် ယခုမြင့်တက်နေသော သေနတ်ဖြင့် အကြမ်းဖက်မှုကြောင့် သေဆုံးမှုနှုန်းမှာ လတ်တလောကြောင့် မဟုတ်ဘဲ ကာလရှည်ကြာဖွဲ့တည်လာခဲ့သော အကြောင်းရင်းခံကြောင့်ဖြစ်သည်။ ထိုသည်မှာ တစ်ကိုယ်ရည်ခုခံနိုင်ဖို့အတွက် ရည်ရွယ်ပြဋ္ဌာန်းခဲ့သော အမေရိကန်နိုင်ငံ၏ သေနတ်ကိုင်ဆောင်မှု ဥပဒေကြောင့် ဖြစ်သည်။

ဖက်ဒရယ်၊ ပြည်နယ်နှင့် ဒေသန္တရအဆင့်များရှိ ဥပဒေများသည် လူငယ်များနှင့် အခြား "အန္တရာယ်များသော" လူများထံမှ လက်နက်ဝယ်ယူမှုကို ကန့်သတ်ခြင်း၊ သေနတ်ဝယ်ယူမှုများအတွက် စောင့်ဆိုင်းရမည့် အချိန်များသတ်မှတ်ခြင်း၊ သေနတ်ပြန်လည်ဝယ်ယူခြင်းအစီအစဉ်များ ချမှတ်ခြင်း၊ ဥပဒေစိုးမိုးရေးနှင့် ရဲဗျူဟာများအပါအဝင် နည်းလမ်းများမှတစ်ဆင့် သေနတ်အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။ ထိုထဲ သေနတ်ဥပဒေချိုးဖောက်သူများကို တင်းတင်းကျပ်ကျပ် စီရင်ချက်ချခြင်း၊ မိဘနှင့်ကလေးများအတွက် ပညာပေးအစီအစဉ်များနှင့် ရပ်ရွာဆိုင်ရာ အသိပညာပေးအစီအစဉ်များပါဝင်သည်။ သို့သော် သေနတ်ဖြင့် အကြမ်းဖက်မှုမှာ ဆက်လက်မြင့်တက်လာနေဆဲဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံဟာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုပေါင်း ၁၀၀ အထိ ရှိခဲ့သည်။ ၎င်းအချက်အလက်မှာ မိုင်တိုင်တစ်ခုဖြစ်ခဲ့ပြီး ဝါရှင်တန်နှင့် ပြည်နယ်တိုင်းက ဥပဒေရေးဆွဲရေးအဖွဲ့များရဲ့ လျစ်လျူရှုမှုအကြောင်းကို ပြသနေသည်။ အဆိုပါ အရေအတွက်ကို မတ်လ ပထမအပတ်တွင် အမေရိကန်နိုင်ငံတွင် ရောက်ရှိသွားခဲ့တာဖြစ်ကြောင်း Gun Violence Archive က ထုတ်ပြန်သည့် အချက်အလက်တွင် ဖော်ပြထားသည်။ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ၎င်းအဖွဲ့၏ဖွင့်ဆိုချက်သည် CNN သတင်းဌာနလို အနည်းဆုံး လူ ၄ ဦး ပစ်ခတ်ခံရသော ပစ်ခတ်မှုကိုဆိုလိုခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုပေါင်း ၁၀၀ ပြည့်သွားခဲ့သော နေ့မှာ မတ်လ ၁၉ ရက်နေ့ဖြစ်ရာ ယခုနှစ်ပစ်ခတ်မှုပေါင်း ၁၀၀ ပြည့်သည့်ရက်ထက် ၂ ပတ်နောက်ကျသည်။ ၂၀၂၁ ခုနှစ်တုန်းကလည်း မတ်လမှာပဲ ၁၀၀ ပြည့်သွားခဲ့ပြီး ၂၀၁၈ ကနေ ၂၀၂၀ အကြား မေလမတိုင်ခင်အထိ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုပေါင်းမှာ  ၁၀၀ အထိ မရောက်ခဲ့သည်ကိုကြည့်ပါက ဘိုင်ဒင်လက်ထက် တိုးတက်လာသည့် အမေရိကန်တစ်လွှား ပစ်ခတ်မှုများကို သိနိုင်မည်ဖြစ်သည်။

အချို့သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် အမေရိကတွင် သေနတ်အကြမ်းဖက်မှု ပျံ့နှံ့မှုနှင့် ကြီးထွားမှုနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ဖော်ပြကြပြီး အမေရိကန်တွင် သေနတ်အကြမ်းဖက်မှုကို ရောဂါ သို့မဟုတ် ကပ်ရောဂါတစ်ခုနှင့် နှိုင်းယှဉ်ဖော်ပြကြသည်။

မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းတွင် သေနတ်များသည် နံပါတ်တစ် အမျိုးသားပြည်သူ့ ကျန်းမာရေး ခြိမ်းခြောက်မှုဖြစ်ကြောင်း အမေရိကန် နိုင်ငံသား ၂၆ ရာခိုင်နှုန်းက ဆန္ဒပြုထားသည်။ ဆွစ်ဇာလန် အခြေစိုက် သုတေသနပရောဂျက်တစ်ခုဖြစ်သည့် Small Arms Survey မှ ခန့်မှန်းချက်တစ်ခုအရ ၂၀၁၈ ခုနှစ်တွင် အမေရိကန်တစ်ဝန်း သေနတ်အလက်ရေ သန်း ၃၉၀ ခန့်ရှိရာ  နေထိုင်သူ ၁၀၀ လျှင် သေနတ်အ လက် ၁၂၀.၅ လက်ရှိနေသည့် အချိုးအစားဖြစ်နေသည်ကို ထိတ်လန့်ဖွယ် တွေ့ရှိခဲ့ရကြောင်းဆိုသည်။ ကိုဗစ်ကပ်ရောဂါကာလအတွင်း အိမ် ထောင်စုငါးစုတွင် တစ်ဦးသည် သေနတ်တစ်လက်ဝယ်ယူခဲ့သဖြင့် ယင်းအရေအတွက်သည် ယခုနှစ်များအတွင်း မြင့်တက်လာဖွယ်ရှိနေသည်ကို လတ်တလောဖြစ်ရပ်များကိုကြည့်လျှင် သိနိုင်မည်ဖြစ်သည်။

ထိုအချိုးအစားသည် ကိုဗစ်ကာလတွင် တိုးမြင့်လာနိုင်မှုအား ထည့်သွင်းတွက်ချက်ခြင်းမရှိသည့်တိုင် အမေရိကန်၏ သေနတ်ပိုင်ဆိုင်မှုက အခြားနိုင်ငံထက်သာလွန်နေသေးသည်။ အမေရိကန်၏ မကြာသေးမီက အချက်အလက်များအရ သေနတ်ပိုင်ဆိုင်ခွင့်သည် ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း သိသိသာသာ တိုးတက်လာကြောင်း ညွှန်ပြနေသည်။ ဖေဖော်ဝါရီတွင် Annals of Internal Medicine မှ ထုတ်ဝေသော လေ့လာမှု တစ်ခုအရ အမေရိကန်တွင် အရွယ်ရောက်ပြီးသူ ၇.၅ သန်းသည် ၂၀၁၉ ဇန်န၀ါရီမှ ၂၀၂၁ ခုနှစ်အတွင်း သေနတ် ကိုင်ဆောင်သူအသစ်ဖြစ်လာကြောင်း တွေ့ရှိခဲ့သည်။တစ်ဖန် ကလေး ၅ သန်း အပါအဝင် လူ ၁၁ သန်းကို ၎င်းတို့၏ နေအိမ်များတွင် သေနတ်ဖြင့် ထိတွေ့စေခဲ့သည်။ ထိုအချိန်က သေနတ်ကိုင်ဆောင်သူအသစ်များ၏ ထက်ဝက်ခန့်မှာ အမျိုးသမီးများဖြစ်ပြီး ၄၀ ရာခိုင်နှုန်းမှာ လူမည်း သို့မဟုတ် ဟစ်စပန်းနစ်များဖြစ်သည်။

ကမ္ဘာပေါ်တွင် သေနတ်ကိုင်ဆောင်မှု ဒုတိယအမြင့်ဆုံး နိုင်ငံဖြစ်သည့် ယီမင်တွင် နေထိုင်သူ ၁၀၀ လျှင် သေနတ် ၅၂.၈ လက်သာရှိသည်။ တတိယဖြစ်သည့် အိုက်စလန်တွင် ၃၁.၇ လက်ဖြစ်ရာ ထိုအချိုးအစားကို ကြည့်လျှင် ယနေ့ အမေရိကန်ရင်ဆိုင်နေရသော ထိန်းမရနိုင်သည့် သေနတ်ဖြင့် အကြမ်းဖက်မှုပြဿနာကို သိနိုင်မည်ဖြစ်သည်။ သုတေသီများသည် အမေရိကန်တွင် သေနတ်ပိုင်ဆိုင်ခွင့်နှင့် သေနတ်အကြမ်းဖက်မှုကြား ရှင်းရှင်းလင်းလင်းဆက်စပ်မှုကို တွေ့ရှိခဲ့ပြီး အချို့က ၎င်းသည် အကြောင်းရင်းခံဖြစ်ကြောင်း ဆိုသည်။

သေနတ်ဥပဒေအားနည်းသော ပြည်နယ်များတွင် သေနတ်နှင့် ဆက်နွှယ်သည့် လူသတ်မှုများနှင့် သတ်သေမှုနှုန်း ပိုများကြောင်း သေနတ်ထိန်း ချုပ်ရေး စည်းရုံးရေးအဖွဲ့ Everytown for Gun Safety ၏ လေ့လာမှုတစ်ခုအရ သိရသည်။ သေနတ်သေဆုံးမှုနှင့် သေနတ်ပိုင်ဆိုင်ခွင့်ကြား ဆက်စပ်မှုသည် အကြမ်းဖက်မှုနှင့် စိတ်ကျန်းမာရေးပြဿနာများကြား ဆက်စပ်မှုထက် များစွာခိုင်မာသည်။ Duke တက္ကသိုလ်မှ သေနတ်အကြမ်းဖက်မှု လျှော့ချရန် မူဝါဒများကို ဆန်းစစ်လေ့လာသူ ပါမောက္ခဂျက်ဖာဆွမ်ဆန်က အမေရိကန်တွင် စိတ်ကစဉ့်ကလျား ရောဂါ၊ စိတ်ကြွရောဂါနှင့် စိတ်ကျရောဂါများအားလုံးကို ကုသနိုင်လျှင်ပင် အကြမ်းဖက်မှု ရာဇ၀တ်မှု ၄ ရာခိုင်နှုန်းသာ ကျဆင်းနိုင်ကြောင်း ပြောခဲ့ဖူးသည်။

ယခုအခြေအနေထက် ပို၍ဆိုးလာနိုင်သည်မှာ “လူကောင်းလက်ထဲ သေနတ်ရှိရေး” ဆိုသည် သေနတ်ထုတ်လုပ်သူများနှင့် အမျိုးသားရိုင်ဖယ်အသင်းကဲ့သို့သော သေနတ်အခွင့်အရေးအဖွဲ့အစည်းများမှ တွန်းအားပေးသည့် ပျံ့နှံ့နေသော အယူအဆဖြစ်သည်။ထိုအယူအဆက နောက်ထပ်လက်နက်တပ်ဆင်ခြင်းသည် အမေရိကတွင် သေနတ်အကြမ်းဖက်မှုကို တားဆီးရန် အဖြေဖြစ်သည်ဆိုသော ယူဆမှုဖြစ်သည်။ ထိုသည်မှာ

အမေရိကန်ရှိ ကလေးငယ်မိဘများ၊ ရွှေ့ပြောင်းဝင်ရောက်လာသူများနှင့် အမျိုးသမီးများအတွက် ကောင်းသော ယူဆမှုမဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ၂၀၂၁ ခုနှစ်အတွင်း Hamline University နှင့် Metropolitan State University တို့မှ လေ့လာမှုတစ်ခုအရ ၁၉၈၀ မှ ၂၀၁၉ ခုနှစ်အတွင်း အစုလိုက်အပြုံလိုက်ပစ်ခတ်မှု ၁၃၃ မှုတွင် လက်နက်ကိုင် အစောင့်အကြပ်ရှိနေသည့် ဖြစ်ရပ်များတွင် သေဆုံးသူ ၂.၈၃ ဆ ပိုများနေကြောင်း တွေ့ရှိချက်ကြောင့် ဖြစ်သည်။

Gallup ၏ စစ်တမ်းအရ ယမန်နှစ်တွင်ကောက်ယူခဲ့သည့် စစ်တမ်းတွင် အမေရိကန်နိုင်ငံသား ၅၇ ရာခိုင်နှုန်းက ၎င်းတို့သည် ပိုမိုတင်းကျပ်သော သေနတ်ဥပဒေများကို လိုချင်သည်ဟု ဆိုသည်။ထို့ကြောင့် အချို့သော ပြည်နယ်များသည် ချေမှုန်းရေးလက်နက်ပိုင်ဆိုင်ခွင့်ကို တားမြစ်ရန် သို့မဟုတ် တင်းကြပ်စွာ ထိန်းကျောင်းရန် ခြေလှမ်းများ လုပ်ဆောင်ခဲ့သည်။ ဥပဒေများသည် ပြည်နယ်အလိုက် ကွဲပြားသော်လည်း ဥပမာအား ဖြင့် ကယ်လီဖိုးနီးယားသည် ကန့်သတ်ခြွင်းချက်ဖြင့် တိုက်ခိုက်ရေးလက်နက်ပိုင်ဆိုင်ခွင့်ကို တားမြစ်ထားသည်။

သို့သော် ထိုအချက်များသည် ကလေးငယ်များနှင့် အများပြည်သူများအတွက် လုံလောက်သော အကာအကွယ်ဖြစ်ခွင့်အတွက် အာမခံချက်မပေးနိုင်သေးပေ။ ထိုသည်က အမေရိကန်၏ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေသည် အမေရိကန်နိုင်ငံသားများကို ကောင်းကျိုးထက် ဆိုးကျိုးဖြစ်နေသည်ကို ဥပဒေပြုသူများက လျစ်လျူထားဆဲဆိုသည်ကို ပြနေခြင်းပင်ဖြစ်သည်။

လင်းသစ်အောင်