【 နိုင်ငံတကာဆောင်းပါး 】ပူးပေါင်းငွေကြေးအသစ်ဖန်တီးခြင်းနှင့် BRICS

【 နိုင်ငံတကာဆောင်းပါး 】ပူးပေါင်းငွေကြေးအသစ်ဖန်တီးခြင်းနှင့် BRICS

လာမည့် ဩဂုတ်လတွင် တောင်အာဖရိကနိုင်ငံ၌ BRICS အဖွဲ့၏ ထိပ်သီးအစည်းအဝေးကို ကျင်းပမည်ဖြစ်သည်။ ထိုအစည်းအဝေးကို ဂျိုဟန်နစ္စဘတ်တွင် ကျင်းပမည်ဖြစ်ပြီး BRICS အဖွဲ့ဝင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကခေါင်းဆောင်များတက်ရောက်မည်ဖြစ်သည်။ အစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖြစ်သည့် အမေရိကန်ဒေါ်လာနေရာကို အစား ထိုးမည့်ငွေကြေးစနစ်သစ်ကို အဓိကထားဆွေးနွေးဖွယ်ရှိသည်။ ထိုငွေကြေးသစ်မှာ BRICS နိုင်ငံများနှင့် ကုန်သွယ်ဖက်နိုင်ငံများသာမက အမေရိကန်၏ ငွေကြေးစနစ်ကို အသုံးပြုခွင့်ပိတ်ပင်ခံရသည့် နိုင်ငံများတွင်ပါ အစားထိုးငွေကြေးအဖြစ်အသုံးပြုနိုင်မည်ဖြစ်သည်။
အနောက်နိုင်ငံများ၏ အစဉ်အလာလွှမ်းမိုးမှုကို ပြောင်းလဲလာသော ပထဝီဝင်နိုင်ငံရေး အခင်းအကျင်းက စိန်ခေါ်လာမှုကို ရင်ဆိုင်နေချိန်တွင် BRICS ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးမှုများက အမေရိကန်၏ငွေကြေးလွှမ်းမိုးမှုကို ဖယ်ရှားရန် အားကောင်းလာသည့်အခင်းအကျင်းဖြစ်လာသည်။ BRICS နိုင်ငံများသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဒေါ်လာအပေါ် ၎င်းတို့၏ မှီခိုအား ထားမှုကို လျှော့ချရန်ကြိုးပမ်းခဲ့ရာ ယူကရိန်းကို ကျူးကျော်သည့် ရုရှားအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများပြင်းထန်လာချိန်တွင် ထိုလုပ်ငန်းစဉ်ကို အရှိန်မြှင့်ခဲ့သည်။
တခြားခိုင်မာသည့်အကြောင်းအရင်းတစ်ခုမှာ အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းများ မြင့်တက်လာခြင်းနှင့် အမေရိကန်၏ မကြာသေးမီက ကြွေးမြီအကျပ်အတည်းများကြောင့် ကမ္ဘာ့ထိပ် တန်း စီးပွားရေးပျက်ကပ် ဖြစ်လာနိုင်ခြင်းအပေါ် စိုးရိမ်မှုဖြစ်သည်။ ဒေါ်လာတန်ဖိုးအတက်အကျကြောင့် ကမ္ဘာ့စီးပွားရေးပျက်ကပ်ဖြစ်လာပါက ၎င်းတို့၏ ဒေါ်လာဖြင့် ငွေစုကြွေးမြီများနှင့် ငွေစုစာချုပ်များကြောင့် နိုင်ငံပိုင်ငွေကြေးဆုံးရှုံးနိုင်မှု အခြေအနေဖြစ်သည်။
သို့ဖြစ်ရာ ဒေါ်လာအစားတခြားခိုင်မာသည့် နိုင်ငံတကာငွေကြေးတစ်ရပ်ကို အစားထိုးနိုင်ရန်မှာ BRICS နိုင်ငံများ၏ ဘုံရည်မှန်းချက်ဖြစ်သည်။ သို့ဖြစ်ရာ ဒေါ် လာနေရာ အစားထိုးနိုင်မည့် နိုင်ငံတကာငွေကြေးသစ် တစ်ရပ်ကို ပူးပေါင်းဖန်တီးမလား၊ အသားကျပြီးသား အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ငွေကြေးကို နိုင်ငံတကာငွေကြေးအဖြစ် အစားထိုးသုံးစွဲကြမလားဆိုသည်မှာ ယခုကျင်းပမည့် တောင်အာဖရိက ဆွေးနွေးပွဲတွင် BRICS နိုင်ငံများအနေဖြင့် အဓိကထားဆွေးနွေးကြဖွယ်ရှိသည်။
လက်ရှိတွင် အမေရိကန်ငွေကြေးစနစ်ဖြစ်သည့် အမေရိကန်ဒေါ်လာသည် နိုင်ငံတကာငွေကြေးလွှဲပြောင်းမှု၏ ၈၈ ရာခိုင်နှုန်းထိရှိပြီး ကမ္ဘာ့နိုင်ငံခြားငွေလဲလှယ်ရေးအရန်ငွေ၏ ၅၈ ရာခိုင်နှုန်းထိ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုရှိနေသည်။ ထို့ကြောင့် အမေရိကန်၏ဘဏ္ဍာရေးအရ လွှမ်းမိုးချုပ်ကိုင်ထားခြင်းကို လျော့ချရန် ကြိုးစားနေပြီး ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် နိုင်ငံတ ကာ ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးအတွက် အမေရိကန်ဒေါ် လာအပေါ် စီးပွားရေး၏ မှီခိုအားထားမှုကို လျှော့ချခြင်း (သို့မဟုတ်) လျှော့ချခြင်းလုပ်ငန်းစဉ်ကို BRICS နိုင်ငံများနှင့် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုခံရသည့်နိုင်ငံများကအရှိန်မြှင့်လျက်ရှိသည်။
BRICS နိုင်ငံများသည် ဒေါ်လာအပေါ် မှီခိုအားထားမှုကို လျှော့ချရန် ကျယ်ပြန့်သော အစပျိုးမှုများစွာကို လျှောက်လှမ်းနေကြသည်။ ပြီးခဲ့သောနှစ်တွင် ရုရှား၊ တရုတ်နှင့် ဘရာဇီးတို့သည် ၎င်းတို့၏ နယ်စပ်ဖြတ်ကျော် လွှဲပြောင်းမှုများတွင် ဒေါ်လာမဟုတ်သော ၎င်းတို့နိုင်ငံသုံးငွေကြေးများကို ပိုမိုအသုံးပြုလာကြသည်။ အထူးသဖြင့် တရုတ်ယွမ်ငွေ ဖြစ်သည်။ အီရတ်၊ ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့သည်လည်း ဒေါ်လာအစား တခြားငွေကြေးကို တက်ကြွစွာရှာဖွေနေကြသည်။ ဗဟိုဘဏ်များသည် ၎င်းတို့၏ ငွေကြေးအရန်ငွေများကို ဒေါ်လာမှဝေးရာ ရွှေသို့ ရွှေ့ပြောင်းရန် ကြိုးပမ်းခဲ့သည်။
တခြားသော အမြင်မပါဘဲ ငွေကြေးရှုထောင့်သက်သက်မှ ကြည့်ပါက နိုင်ငံတကာပိတ်ဆို့မှုများသည် ကမ္ဘာ့ငွေကြေးစနစ်အပေါ် အမေရိကန်ဒေါ်လာ၏ လွှမ်းမိုးမှုကို အားပျော့စေခဲ့သည်။
ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားဘဏ်များသည် ဘဏ်ငွေလွှဲမှုများကို လုပ်ဆောင်နိုင်သည့် ကမ္ဘာလုံးဆိုင်ရာ စာတိုပေးပို့စနစ် SWIFT ကို အသုံးမပြုနိုင်တော့ပေ။ အနောက်နိုင်ငံများသည် ပြီးခဲ့သည့်နှစ်က ရုရှား၏ အရန်ငွေ အမေရိကန်ဒေါ်လာ ၃၃၀ ဘီလီယံကို ရပ်တန့်ခဲ့သည်။ထိုသည်က တခြားသော အနောက်အုပ်စုနှင့် ကဏ္ဍတစ်စုံတစ်ရာတွင် ပဋိပက္ခဖြစ်ခဲ့သည့် နိုင်ငံများအတွက် အချိန်မရွေးကျရောက်နိုင်သည့်ဘေးအဖြစ် စိုးရိမ်ထိတ်လန့်စရာဖြစ်သည်။
BRICS ၏ မူဝါဒကို နှစ်ရှည်လများ ထောက်ခံသူ ဒေါ်လာတန်ဖိုးအပေါ် ဘရာဇီး၏ မှီခိုအားထားမှုနှင့် အားနည်းချက်ကို လျှော့ချရန် ကြိုးပမ်းခဲ့သူ ဘရာဇီးသမ္မတဟောင်း လူလာဒါဆေးလ်ဗား ၂၀၂၂ခုနှစ်တွင် ပြန်လည်ရွေးကောက်ခံရပြီးနောက် ယူရိုနှင့်တူသော ငွေကြေးအသစ်တစ်ခု ဖန်တီးခြင်းအကြောင်းက ပိုပြီးမီဒီယာတွင် အတွေ့ရများလာသည်။ ဒေါ်လာ၏လွှမ်းမိုးချုပ်ကိုင်မှုနှင့်ပတ်သက်ပြီး တရုတ်အစိုးရကလည်း ၎င်း၏စိုးရိမ်မှုများကို ရှင်းလင်းပြတ်သားစွာဖော်ပြခဲ့သည်။ အမေရိကန်ဒေါ်လာမှာ "ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုနှင့် မသေချာမရေရာမှုတို့၏ အဓိကအရင်းအမြစ်" ဟု တရုတ်က တံဆိပ်ကပ်ခဲ့သည်။ အမေရိကန်ဖက်ဒရယ်ဘဏ်(ဗဟိုဘဏ်)၏ အတိုးနှုန်းမြှင့်တင်မှုကြောင့် နိုင်ငံတကာဘဏ္ဍာရေးဈေးကွက်တွင် မတည်ငြိမ်မှုများဖြစ်စေသည်ဟုလည်း တိုက်ရိုက်ဝေဖန်ခဲ့သည်။ ပိတ်ဆို့အရေးယူမှုများကို ပထဝီဝင်နိုင်ငံရေးလက်နက်အဖြစ် အသုံးပြုမှုကိုလည်း တရုတ်နိုင်ငံသည် အခြား BRICS နိုင်ငံများနှင့်အတူ ဝေဖန်ခဲ့သည်။
ထိုသို့သော အခြေအနေများကြောင့် BRICS အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ငွေကြေးအသစ်တစ်ခု ဖန်တီးခြင်းဖြင့် ထိုပြဿနာများကို လျော့ပါးစေမည်ဟု ယုံကြည်ကြသည်။ အိမ်ဖြူတော် စီးပွား ရေးပညာရှင်ဟောင်း တစ်ဦးက BRICS က ဖန်တီးသည့် ငွေကြေးသည် ဒေါ်လာလွှမ်းမိုးမှုကို အဆုံးသတ်နိုင်သည့် နည်းလမ်းဖြစ်လာနိုင်သည်ဟုဆိုသည်။ အမေရိကန်ရှိ ငွေကြေးနှင့် စီးပွားရေးမူဝါဒကျွမ်းကျင်သူများကလည်း BRICS ငွေကြေးသစ်၏ အလားအလာအပေါ် လေးနက်စွာ သိမြင်ထားသည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen ကမူ နိုင်ငံအများစုတွင် အခြားရွေးချယ်စရာမရှိသောကြောင့် ဒေါ်လာသည် နိုင်ငံခြားငွေကြေးဈေးကွက်ကို ဆက်လက်လွှမ်းမိုးနေဦးမည်ဟု ယုံကြည်ထားသည်။
သေချာသည့်အချက်မှာ ဩဂုတ်လ ဂျိုဟန်နစ္စဘတ်တွင် ကျင်းပမည့် BRICS ဆွေးနွေးပွဲတွင် ဒေါ်လာကို ယှဉ်မည့်ငွေကြေးအသစ်တစ်ခုပေါ် ထွက်လာမည်ဆိုသည့်အချက်ဖြစ်သည်။ သို့ရာတွင် ငွေကြေးအသစ်ဖန်တီးခြင်းနှင့် ရှိပြီးသားငွေကြေးတစ်ခုကို ဘုံငွေကြေးအဖြစ် သတ်မှတ်ခြင်းဆိုသည့် လမ်းကြောင်းနှစ်ခုအနက် မည်သည်ကို ရွေးချယ်မည်နည်းဆိုသော အချက်က ဆွေးနွေးစရာဖြစ်သည်။
သတင်းများတွင် BRICS၏ ဖန်တီးမည့်ငွေကြေးကို ဘရစ်ခ်(bric)ဟု အမည်ပေးထားပြီး ထိုငွေကြေးကို ရည်မှန်းချက်အရှိဆုံးလမ်းကြောင်းမှာ ဥရောပသမဂ္ဂအဖွဲ့ဝင် ၁၁ နိုင်ငံမှ ၁၉၉၉ ခုနှစ်တွင် လက်ခံကျင့်သုံးသော တစ်ခုတည်းသောငွေကြေးဖြစ်သော ယူရိုကဲ့သို့ ငွေကြေးစနစ်မျိုးဖြစ်သည်။ သို့သော် BRICS အတွင်းရှိ စီးပွားရေး ပါဝါ မညီညွတ်မှုများနှင့် ရှုပ်ထွေးသောနိုင်ငံရေးဒိုင်နမစ်များကြောင့် ငွေကြေးတစ်ခုတည်းကို ညှိနှိုင်းရာတွင် ခက်ခဲမည်ဟု ငွေကြေးစီမံခန့်ခွဲသူများနှင့် ပညာရှင်များက ယူဆထားသည်။
ငွေကြေးအသစ်တစ်ခုလုပ်ဆောင်ရန်အတွက် BRICS သည် ငွေလဲနှုန်းယန္တရားတစ်ခုအား သဘောတူရန် လိုအပ်မည်ဖြစ်ပြီး၊ ထိရောက်သောငွေပေးချေမှုစနစ်များနှင့် ကောင်းမွန်စွာထိန်းချုပ်ထားသော၊ တည်ငြိမ်ပြီး အရည်အသွေးရှိသောငွေကြေးဈေးကွက်တစ်ခုရှိရန်လည်း လိုအပ်မည်ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာငွေကြေးအဆင့်အတန်းတစ်ခုရရှိရန်၊ BRICS သည် ငွေကြေးအသစ်ကို ယုံကြည်စိတ်ချရကြောင်း အခြားသူများအား ဆွဲဆောင်နိုင်စေရန် ပူးတွဲငွေကြေးစီမံခန့်ခွဲမှု၏ ခိုင်မာ သောမှတ်တမ်းတစ်ခု လိုအပ်မည်ဖြစ်သည်။ ထိုအခြေအနေအရ BRICS၏ ယူရိုဗားရှင်းသည် အချိန်ယူရန်လိုနေပြီး ယခုလောလောဆယ် ဖြစ်မလာနိုင်ပေ။
ထို့ပြင် တစ်ခုတည်းသော ငွေကြေးစနစ်အသုံးပြုရန် BRICS အဖွဲ့ဝင်မည်သည့်နိုင်ငံကမှ ၎င်းတို့ ပြည်တွင်းလှည့်သုံးနေသည့် ငွေကြေးစနစ်ကို ရပ်ဆိုင်းရန် ဆန္ဒမပြုပေ။
BRICS၏ ယူရိုဗားရှင်း ပထမအဆင့်အနေဖြင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများအတွက် ထိရောက်သော ပေါင်းစပ်ငွေပေးချေမှုစနစ်ကို ဖန်တီးပြီး ငွေကြေးအသစ်တစ်ခုကို မိတ်ဆက်ရန်ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် BRICS ဘဏ် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ယန္တရားကို BRICS ဘဏ်များကြား နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများကို လွယ်ကူချောမွေ့စေရန် ပြည်တွင်းငွေကြေးများဖြင့် စတင်ဆောင်ရွက်ခဲ့ပါသည်။
BRICS နိုင်ငံများသည် ပြည်တွင်းသုံးငွေကို ဒေါ်လာအဖြစ်သို့ ပြောင်းလဲရန် မလိုအပ်ဘဲ BRICS အကြား ငွေပေးချေမှုများအတွက် “BRICS ပေးချေမှု” စနစ်တစ်ခုကိုလည်း ဖော်ဆောင်လျက်ရှိသည်။
သို့သော် ထိုနည်းလမ်းက အသစ်တော့မဟုတ်ပေ။ ရုရှားနှင့်အိန္ဒိယတို့သည် ရုရှား၏စျေးပေါသောရေနံနှင့် ကျောက်မီးသွေးအတွက် ရူပီးငွေဖြင့် အိန္ဒိယသွင်းကုန်များကို ပေးချေနိုင်စေမည့် ပြည် တွင်းငွေကြေးဖြင့် ကုန်သွယ်မှုအတွက် ငွေကြေးယန္တရားတစ်ခုကို တီထွင်ရန်ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း ရူပီးစုဆောင်းမှုနှင့် ပတ်သက်၍ အိန္ဒိယဘက်မှ ဝယ်ယူတင်သွင်းရန် ကုန်ပစ္စည်းနည်းပါးခြင်းကြောင့် မော်စကိုဘက်က ထိုငွေကြေးစနစ်ကို စိတ်ဝင်စားမှုနည်းသွားပြီးနောက် ဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့သည်။
ထို့ကြောင့် ဒုတိယလမ်းကြောင်းဖြစ်သည့် အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ငွေကြေးကို ဘုံစံထားခြင်းက စဉ်းစားဖို့ဖြစ်လာသည်။ထိုနည်းက ပထမနည်းလမ်းထက် ပိုအဆင်ပြေနိုင်သည်။ အထူးသဖြင့် ရုရှား၏ ထင်သလိုအာမခံချက်မရှိသော ငွေကြေးမူဝါဒနှင့် အာဏာပိုင်များ၏ စွက်ဖက်မှုကို ရှောင်ရှားနိုင်ခြင်းကြောင့် ဖြစ်သည်။ ထိုနေရာတွင် ရွေးချယ်စရာမှာ အိန္ဒိယနှင့် တရုတ်သာဖြစ် သည်။ သို့သော် ဇူလိုင်လ ၃ ရက်ထုတ် ရိုက်တာသတင်းတစ်ပုဒ်တွင် BRICS အဖွဲ့ဝင် အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ရုရှားရေနံဝယ်ယူသည့် ရေနံချက်ကုမ္ပဏီတစ်ခုက ပထမဆုံးအကြိမ်အဖြစ် တရုတ်ယွမ်ငွေနဲ့ ပေးချေမှာဖြစ်ကြောင်း ဖော်ပြထားသည်။ အိန္ဒိယအစိုးရပိုင် Indian Oil Corp က ရုရှားဆီမှ ရေနံကို တရုတ်ငွေကြေးယွမ်ငွေဖြင့် ပထမဆုံးဝယ်ယူသည့် ကုမ္ပဏီဖြစ်လာမည်ဖြစ်ပြီး အခြားပုဂ္ဂလိကကုမ္ပဏီနှစ်ခုကလည်း ယွမ်နဲ့ဝယ်ဖို့ ရှိနေကြောင်းဖော်ပြထားသည်။
ထိုအခြေအနေကြောင့် တရုတ်ယွမ်ငွေမှာ ဒေါ်လာအစားထိုးရန် အလားအလာအကောင်းဆုံးဖြစ်နေသည်။ နိုင်ငံများစွာ၏ BRICS ငွေကြေးအသစ်နှင့်ပတ်သက်၍ ပြောဆိုမှုသည် ဒေါ်လာနှင့်ဝေးကွာရန်ဆိုသော ဆန္ဒဖြစ်ကြောင်း အရေးကြီးသောညွှန်ပြချက်တစ်ခုဖြစ်သည်။ စိတ်ဝင်စားဖွယ်က ထိုညွှန်ပြချက်ကို ယခုအစည်းအဝေးတွင် အကောင်အထည်ဖော်နိုင်မလားဆိုသည့်အချက်ပင် ဖြစ်ပေသည်။
လင်းသစ်အောင်