【 နိုင်ငံတကာဆောင်းပါး 】သမုဒ္ဒရာဆီဦးတည်သွားတဲ့ တန်ပေါင်းများစွာသော ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများ

【 နိုင်ငံတကာဆောင်းပါး 】သမုဒ္ဒရာဆီဦးတည်သွားတဲ့ တန်ပေါင်းများစွာသော ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများ

ယခုတစ်ပတ်မှာ ဂျပန်ဟာ ဖူကူရှီမာ ဒိုင်ချီ နျူကလီးယားစက်ရုံမှာ သိမ်းဆည်းထားတဲ့ ရေဒီယိုသတ္တိကြွရေတန်သန်းချီကို ပစိဖိတ်သမုဒ္ဒရာဆီ

စွန့်ပစ်မှာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက ဆူနာမီဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ ဒီစက်ရုံမှာရှိတဲ့ ရေအားလုံးကို စွန့်ပစ်ဖို့ဆိုရင် ဆယ်စုနှစ်ပေါင်းများစွာကြာမှာဖြစ်ပါတယ်။ စွန့်ပစ်လိုက်မဲ့ ရေဒီယိုသတ္တိကြွတွေရဲ့ ပမာဏဟာ သမုဒ္ဒရာရဲ့ ပမာဏနဲ့နှိုင်းယှဉ်ရင် သေးငယ်တာကြောင့် အများပြည်သူနဲ့ ပတ်ဝန်းကျင်အပေါ်မှာ ထိခိုက်မှုသိသိသာသာမရှိနိုင်ကြောင်း ဒီစက်ရုံကို တာဝန်ယူတဲ့ ဂျပန်ရဲ့ Tepco ကုမ္ပဏီနဲ့ နိုင်ငံတကာအဏုမြူစွမ်းအင် အဖွဲ့အစည်းတို့က ဆိုကြပါတယ်။

ဒါဟာမှန်ကောင်းမှန်နိုင်ပေမဲ့ အဓိကအရေးကြီးတဲ့ မေးခွန်းကတော့ နည်းပညာပိုင်းဆိုင်ရာမဟုတ်ဘဲ ဖြစ်လာနိုင်တဲ့ ဥပမာတစ်ရပ်အခြေအနေဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဂျပန်အနေနဲ့ ရေတွေကို စွန့်ပစ်တဲ့ အခြေအနေဟာ ပွင့်လင်းမြင်သာမှု ပြည့်ပြည့်ဝဝ မရှိသလို သက်ဆိုင်သူများကိုလည်း လုံလုံလောက်လောက် ပါဝင်ထားတာမျိုးလည်း မရှိပါဘူး။ ဒါဟာ နောက်ဆယ်စုနှစ်များစွာမှာ ယုံကြည်မှုဆုံးရှုံးခြင်းကို ဖြစ်စေနိုင်ပါတယ်။ 

ဂျပန်ရဲ့ ဥပမာကို မြင်ပြီး လိုက်လုပ်မဲ့ အခြားအစိုးရတွေဟာ ဂျပန်လောက်တောင် ပွင့်လင်းမြင်သာမှု မရှိလာမှာက စိုးရိမ်ဖွယ်ဖြစ်ပါတယ်။ ဒါဟာ အလွန်အန္တရာယ်များပြီး အထူးသဖြင့် နျူကလီးယားဓာတ်ပေါင်းဖို ၁၄၀ ကျော် လည်ပတ်နေပြီး များစွာထပ်မံတည်ဆောက်နေပြီဖြစ်တဲ့ အာရှဒေသအတွက် ပိုပြီးစိုးရိမ်ဖွယ်ဖြစ်ပါတယ်။ ဂျပန်ကဲ့သို့ ကမ္ဘာတစ်ဝှမ်းက ယဉ်ကျေးမှုအရ စီးပွားရေးအရ လေးစားရတဲ့ နိုင်ငံတစ်နိုင်ငံက ရေဒီယို သတ္တိကြွ ရေစွန့်ပစ်ခြင်းကို တာဝန်ယူမှုမလိုဘဲ လုပ်ဆောင်နိုင်လျှင် အခြားနိုင်ငံများကို တားမြစ်နိုင်မည့်အရာ ရှိတော့မှာ မဟုတ်ပေ။ 

ချာနိုဘယ်နျူကလီးယားပြဿနာအပြီး အဆိုးရွားဆုံး နျူကလီးယားပြဿနာရဲ့ အကြွင်းအကျန်တွေကို ရှင်းလင်းရဖို့ဟာ ဂျပန်နဲ့ Tepco အတွက်လည်း ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်။ ပျက်စီးသွားတဲ့ ဓာတ်ပေါင်းဖိုတွေထဲက နျူကလီးယားလောင်စာ အပျက်အစီးတွေကို အေးခဲစေဖို့ အန္တရာယ်များတဲ့ ရေဒီယိုသတ္တိကြွပါတဲ့ ရေတွေကိုသုံးရပါတယ်။ ဓာတ်ပေါင်းဖိုတွေထဲကို မိုးရေကြောင့်ရော မြေအောက်ကပါ စိမ့်ဝင်လာတဲ့ ရေတွေဟာလည်း ရေဒီယိုသတ္တိကြွတွေဖြစ်လာပါတယ်။ ပြင်းထန်တဲ့စစ်အားစနစ်တွေနဲ့ ရေတွေထဲကနေ ရေဒီယိုသတ္တိကြွတွေကို စစ်ဖို့ ကြိုးစားပေမဲ့ တစ်ချိန်တည်းမှာပဲ အန္တရာယ်များတဲ့ ရေပမာဏကလည်း တိုးလာတာကြောင့် သိုလှောင်ဖို့ အခက်အခဲဖြစ်လာရပါတယ်။

ဂျပန်အစိုးရအနေနဲ့ ဒီရေတွေကို လေထဲကို အငွေ့ပျံစေခြင်း သို့မဟုတ် မြေအောက်ကို ထိုးသွင်းခြင်းကဲ့သို့သော နည်းလမ်းမျိုးနဲ့ စွန့်ပစ်ဖို့ စဉ်းစားခဲ့ကြပါတယ်။ သို့သော်လည်း များစွာသော ကျွမ်းကျင်ပညာရှင်များနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားမှုများက အများပြည်သူရဲ့ ပါဝင်မှု မလုံလောက်ခြင်းနဲ့ ကြီးမားသော ရေကန်များအတွင်း ရေရှည်ထိန်းသိမ်းခြင်းကဲ့သို့သော နည်းလမ်းများကို မစဉ်းစားခြင်းကြောင့် ဝေဖန်ခဲ့ကြပါတယ်။ ဂျပန်ပြည်သူများစွာက ကန့်ကွက်နေတဲ့ကြားမှ ဂျပန်အစိုးရဟာ ဧပြီလ ၂၀၂၁ ခုနှစ်မှာ တော့ ဒီရေတွေကို သမုဒ္ဒရာအတွင်း စွန့်ပစ်မယ်လို့ ကြေညာခဲ့ပါတယ်။ 

ဆုံးဖြတ်ချက်ချပြီး တစ်လအကြာမှာတော့ Tepco က သဘာဝပတ်ဝန်းကျင်အပေါ် ရေဒီယိုသတ္တိကြွ ထိခိုက်မှု လေ့လာချက်ကို ထုတ်ဝေခဲ့ပြီး အများပြည်သူအား မှတ်ချက်ပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ကျွမ်းကျင်သူများကတော့ ဒီစာတမ်းမှာ သတင်းအချက်အလက် လုံလောက်မှုမရှိဘဲ ရေကန်တွေထဲမှာ ဘယ်လိုမျိုး ရေဒီယိုသတ္တိကြွအစိတ်အပိုင်းတွေကျန်နေလဲဆိုတာ ဖော်ပြမထားဘူးလို့ ဆိုပါတယ်။

ဆုံးဖြတ်ချက်ချရာမှာ ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်လာရင် ပိုပြီးအောင်မြင်မှုရနိုင်ပါတယ်။ ဥပမာအားဖြင့် ၁၉၉၈ ခုနှစ်တုန်းက ဘယ်လ်ဂျီယံဟာ အလယ်အလတ် ရေဒီယို သတ္တိကြွစွန့်ပစ်ပစ္စည်းတွေကို ထိန်းသိမ်းထားဖို့ နေရာရွေးချယ်ရာမှာ လူပေါင်းများစွာကို ပါဝင်စေခဲ့ပြီး လက်ခံလိုတဲမြို့နှစ်မြို့ ထွက်ပေါ်လာကာ နောက်ဆုံးမှာ တစ်မြို့ကို ရွေးချယ်ခဲ့ပါတယ်။ ဖင်လန်နဲ့ ဆွီဒင်လည်း ဒီလိုမျိုး  ချည်းကပ်မှုတွေနဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့တာဖြစ်ပါတယ်။ 

ဖူကူရှီမားရဲ့ ရေတွေဟာ ဂျပန်အတွက် ဒီလိုအောင်မြင်မှုတွေထဲမှာ ပါလာဖို့၊ နျူကလီးယား စွန့်ပစ်ပစ္စည်းရဲ့ အခက်အခဲကို ပွင့်လင်းမြင်သာမှုရှိရှိ၊ အားလုံးပါဝင်မှုရှိရှိ ဖြေရှင်းနိုင်တဲ့ စံပြနိုင်ငံဖြစ်လာဖို့ အခွင့်အရေးပဲဖြစ်ပါတယ်။ သို့သော် ထိုသို့လုပ်ရမဲ့အစား ဆုံးဖြတ်ချက်ကို အစိုးရကသာချမှတ်ပြီး ကြေညာခဲ့ပါတယ်။ 

ဒါကြောင့်လည်း Tepco နဲ့ ဂျပန်အစိုးရဟာ ယုံကြည်မှုဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဆူနာ မီဒဏ်သင့်ခဲ့တုန်းက အန္တရာယ်များကို လျှော့ တွက်ခဲ့ပြီး အရေးပါတဲ့ သတင်းအချက်အလက်ကို အများပြည်သူတွေထံ မျှဝေခြင်းမရှိခဲ့ပေမဲ့ နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီနဲ့ အခြားအဖွဲ့အစည်းတွေက ဒါဟာ ဂျပန်လို ငလျင်ဒဏ်မကြာခဏသင့်တဲ့ နိုင်ငံမျိုးမှာ စည်းမျဉ်းတွေ စနစ်တကျမရှိဘဲ ပြင်ဆင်မှုအားနည်းလို့လို့ အခြားဘက်ကို အပြစ်ဖို့ခဲ့ပါတယ်။ သို့သော်လည်း ယုံကြည်မှုဟာ မတည်ဆောက်နိုင်ဆဲ ဖြစ်ပါတယ်။

Tepco ကတော့ သူတို့ရဲ့ သန့်စင်ရေးလုပ်ငန်းတွေကြောင့် ရေဒီယိုသတ္တိကြွအစိတ်အပိုင်း ၆၂ ခုကို လုံခြုံသော သို့မဟုတ် မထင်ရှားတော့သော အခြေအနေအဖြစ်သို့ ပြောင်းလဲစေခဲ့ပြီး ထရိုင်တီယမ်ပမာဏာ အနည်းငယ်နဲ့ အခြားသော အမှုန်အမွှားနှစ်မျိုးသာ ကျန်ရှိမှာဖြစ်တယ်လို့ ပြော ဆိုခဲ့ပါတယ်။ သို့သော်လည်း ၂၀၁၈ ခုနှစ်မှာ တွေ့ရှိချက်အရ သိုလှောင်ရေကန်များရဲ့ ၇၀ ရာခိုင်နှုန်းမှာ တရားဝင်ခွင့်ပြုထားတဲ့ ရေဒီယို သတ္တိကြွပစ္စည်းတွေရဲ့ သတ်မှတ်ချက်ထက် မြင့်နေတဲ့ ပစ္စည်းတွေကို တွေ့ရပါတယ်။ အန္တရာယ်များတဲ့ ရေတွေကို သမုဒ္ဒရာထဲ စွန့်ပစ်မဲ့ ဆုံးဖြတ်ချက်ကို ကြေညာအပြီးမှာတော့ နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီက ပညာရှင်တစ်စုဟာ ဒီအစီအစဉ်မှာ ပြဿနာတွေရှိနေကြောင်း တွေ့လာရပါတယ်။ ဒီပြဿနာတွေထဲက အများစုကိုတော့ ဆုံးဖြတ်ချက်ကို ပြုပြင်ဖို့ အကြောင်းအရင်းမခိုင်လုံမှုနဲ့ ထည့်သွင်းစဉ်းစားဖို့ ပယ်ဖျက်ခဲ့ ပါတယ်။  

တောင်ကိုရီးယား၊ တရုတ်နဲ့ အချို့သော ပစိဖိတ်ကျွန်းနိုင်ငံတွေဟာ အရေးပါပါတယ်။ တောင်ကိုရီးယားဟာ ဂျပန်ရဲ့ ညှိနှိုင်းမှုမပြုလုပ်ခြင်းကို ဝေဖန်လျက်ရှိပါတယ်။ ဂျပန်ရဲ့ သံတမန်ကြိုးစားမှုအပြီးမှာတော့ တောင်ကိုရီးယားနဲ့ မိုက်ခရိုနီးရှားတို့က ကန့်ကွက်မှုကို ဖယ်ရှားခဲ့ပါတယ်။ သို့သော်လည်း တရုတ်ကတော့ နှစ်ဆတိုး၍ ဝေဖန်ခဲ့ပြီး ဂျပန်ဟာ သမုဒ္ဒရာကို ကိုယ်ပိုင်မိလ္လာတွင်းလို အသုံးပြုနေတယ်လို့ သမုတ်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၈ နိုင်ငံပါဝင်တဲ့ ပစိဖိတ်ကျွန်းများဖိုရမ် အဖွဲ့အစည်းကလည်း ဆက်လက်ကန့်ကွက်နေဆဲဖြစ်ပါတယ်။

ဒီအနေအထားမှာတော့ ဂျပန်ဟာ ဆုံးဖြတ်ချက်ကို ပြောင်းလဲမဲ့ပုံ မပေါ်ပါဘူး။ ဂျပန်ရဲ့ ဆုံးဖြတ်ချက်ချပုံ နည်းလမ်းဟာ ရှုပ်ထွေးပြီး တစ်ဆင့်ချင်းသွားတာကြောင့် ဒီလိုမျိုး အဓိက ဆုံးဖြတ်ချက်မျိုးကို ချပြီးရင် ပြန်ပြင်ဖို့က တော်တော်လေးကို မဖြစ်နိုင်တာ ဖြစ်ပါတယ်။

သို့သော်လည်း အများပြည်သူရဲ့ ယုံကြည်မှုကို မြှင့်တင်ဖို့ကလည်း နောက်မကျသေးပါဘူး။ ဂျပန်ဟာ နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီကို ဖိတ်ခေါ်ပြီး စွန့်ပစ်တဲ့လုပ်ငန်းစဉ်ကို စောင့်ကြည့်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ သို့သော်လည်း အများပြည်သူကတော့ အစိုးရရဲ့ အာမခံချက်တွေကို ယုံကြည်ဖို့ ခက်ခဲနေပါတယ်။ ထိခိုက်လာနိုင်တဲ့သူတွေ ပါဝင်ပြီး လွတ်လပ်တဲ့ နိုင်ငံတကာရဲ့ စောင့်ကြည့်မှုယန္တရားတစ်ခုကသာ ရေတွေကို လုံလုံခြုံခြုံ တာဝန်ရှိစွာနဲ့ စွန့်ပစ်တာကို အာမခံပေးနိုင်မဲ့ အရာဖြစ်ပါတယ်။ ဒီလိုပုံစံနဲ့မှ အဆိုးမြင်ခံနေရတဲ့ အရာတစ်ခုက လေးစားဖွယ်လုပ်ရပ် ဖြစ်လာမှာ ဖြစ်ပါတယ်။

Linko

Ref: Just Like That, Tons of Radioactive Waste Is Heading for the Ocean| The New York Times