【 နိုင်ငံတကာဆောင်းပါး 】အမေရိကန်ရဲ့ စစ်ရေးအကူအညီက အာဖရိကမှာ အလုပ်ဖြစ်မည်မဟုတ်

【 နိုင်ငံတကာဆောင်းပါး 】အမေရိကန်ရဲ့  စစ်ရေးအကူအညီက အာဖရိကမှာ အလုပ်ဖြစ်မည်မဟုတ်

မကြာသေးခင်ကမှ ဆာဟာရသဲကန္တာရတောင်ပိုင်း ဒေသတစ်လျှောက် ဖြစ်ပေါ်ခဲ့တဲ့ အာဏာသိမ်းမှုတွေဟာ အာဖရိကနိုင်ငံများမှာ စစ်တပ်နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် အမေရိကန်ရဲ့ ထောက်ပံ့မှုတွေကို ပြန်လည် သုံးသပ်သင့်နေပြီဆိုတာကို ထောက်ပြနေတာဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ချီကာဂိုကောင်စီရဲ့ အစီရင်ခံစာ အသစ်မှာတော့ အုပ်ချုပ်မှုအပိုင်းကို ပိုပြီးအားထည့်သင့်နေပြီလို့ သုံးသပ်ထားပါတယ်။ 

“စစ်ဆင်ရေးတွေဟာ အကြမ်းဖက်မှုပြဿနာကို ဖိနှိပ်နိုင်ကောင်း ဖိနှိပ်နိုင်မှာဖြစ်ပေမဲ့ အကြမ်းဖက်မှုကို ဖြစ်စေတဲ့ အဓိက အခြေခံကျတဲ့ အခြေ အနေတွေကိုတော့ သက်သာစေမှာမဟုတ်ပါဘူး” လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ အုပ်ချုပ်မှုစနစ် ကောင်းမွန်မှသာ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မှာဖြစ်ပြီး ကောင်းမွန်တဲ့ အစိုးရကသာ ရေရှည်တည်ငြိမ်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ဆိုပါတယ်။  

ဇာတ်ညွှန်းကို ပြောင်းလဲဖို့လိုပြီလို့ အစီရင်ခံစာရေးသားသူတွေက ဆိုပါတယ်။ အမေရိကန်ရဲ့ အာဖရိကဆိုင်ရာ မူဝါဒဟာ ရေရှည်တည်ငြိမ်ရေးထက် ရေတို၌ လုံခြုံရေးပြဿနာကိုသာ ဦးစားပေးပြီး စစ်ရေးအကူအညီတွေပေးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ သို့သော်လည်း ဒီမဟာဗျူ ဟာဟာ အာဖရိကဒေသတွင်းမှာ လုံခြုံမှုကို မဖြစ်ပေါ်စေခဲ့သလို အမေရိကန်ရဲ့ အကျိုးစီးပွားတွေအပေါ် ခြိမ်းခြောက်မှုတွေကိုလည်း မလျော့ကျစေခဲ့တာ ဖြစ်ပါတယ်။

စာမျက်နှာ ၆၇  မျက်နှာ ပါဝင်တဲ့ ဒီအစီရင်ခံစာကို “တန်ဆေးလွန်ဘေး - အမေရိကန်၏ အာဖရိကအပေါ် လုံခြုံရေးဆိုင်ရာ အကူအညီအတွက် မဟာဗျူဟာအသစ်” လို့ ခေါင်းစဉ်တပ်ထားပြီး လေ့လာသုံးသပ်မှုဖြစ်စဉ် ပေါင်းများစွာပါဝင်ကာ မဟာမိတ်နိုင်ငံများ၌ ရေရှည်တည်ငြိမ်ရေးအတွက် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ မဖြစ်ပေါ်စေသော အမေရိကန်၏ လုံခြုံရေးအကူအညီများကို ပြန်လည်သုံးသပ်သင့်ကြောင်း တိုက်တွန်းထားပါတယ်။ အမေရိကန်၊ ရုရှားနှင့် တရုတ်တို့ကြား အင်အားကြီးနိုင်ငံများ ပြိုင်ဆိုင်မှုပုံစံအသစ်ကြောင့်လည်း စစ်တပ် အကူအညီအပေါ်မှာ ပိုပြီးမှီခိုမှုကြီးမားလာမှာကို စိုးရိမ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အင်အားကြီးနိုင်ငံများရဲ့ ပြိုင်ဆိုင်မှုထွက်ပေါ်လာခြင်းကြောင့် အမေရိကန်ဟာ အမျိုးသားလုံခြုံရေး တည်ဆောက်မှုအတွက် ဒေသတွင်း၌ ပြိုင်ဖက်များနေရာမဝင်ယူခင်တွင် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာများကို နှစ်ဆတိုးလုပ်လာနိုင်တဲ့ အနေအထားလည်းဖြစ်ပါတယ်လို့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။ သို့သော်လည်း လက်တွေ့အနေအထားအရ လုံခြုံရေးအကူအညီတွေ ပိုမိုဖြန့်ဖြူးပေးခြင်းဟာ အင်အားကြီးနိုင်ငံများ ပြိုင်ဆိုင်မှုအရှိန်ထက် ပိုမိုအားကောင်းနေပြီး တန်ဖိုးနဲ့ပုံရိပ်ထိန်းသိမ်းခြင်းဟာ အမေရိကန်အတွက် ဒီလိုအထောက်အပံ့တွေ ပေးရတဲ့ အဓိကအချက်ဖြစ်လာပါတယ်။

နိုင်ဂျာအပါအဝင် ဆာဟာရသဲကန္တာရတစ်လျှောက်နဲ့ အနောက်အာဖရိကဒေသတွေမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ စစ်သွေးကြွမှုတိုက်ဖျက်ရေးတို့အတွက် ပြင်သစ်နဲ့အမေရိကန်နဲ့ အတူပူးပေါင်းဆောင်ရွက်နေတဲ့ ဒီမိုကရေစီနည်းအရ ရွေးချယ်ထားတဲ့ သမ္မတကို ဖြုတ်ချပြီး အာဏာ သိမ်းမှုတွေ ဖြစ်ပေါ်ပြီးနောက်မှာ ဒီအစီရင်ခံစာက ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ နိုင်ဂျားနိုင်ငံမှာဆိုရင် အမေရိကန်စစ်သား ၁၁၀၀ ခန့်ရှိတဲ့ ဒရုန်းအခြေစိုက်စခန်းရှိပြီး ၂၀၁၆ ခုနှစ်ကတည်းက အမေရိကန်ရဲ့ လုံခြုံရေးနဲ့ စစ်ရေးအကူအညီအဖြစ် ဒေါ်လာ သန်း ၅၀၀ ခန့် လက်ခံရရှိထားပြီးဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်ကတည်းက စတင်ပြီး ဒေသတွင်းမှာ အာဏာသိမ်းမှုဖြစ်တာ ခြောက်ကြိမ်ရှိပြီဖြစ်ပါတယ်။ မာလီ၊ ဂွီနာ၊ ချက်ဒ်၊ ဘာကီနာဖူဆိုနဲ့ နိုင်ဂျားတို့မှာ ဖြစ်ခဲ့တဲ့ အာဏာသိမ်းမှုတွေမှာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ အမေရိကန်ရဲ့ လေ့ကျင့်မှုအချို့ တက်ရောက်ခဲ့ဖူးတဲ့ တပ်ဖွဲ့ဝင်တွေဟာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်နေတာကို တွေ့ရပါတယ်။ အမေရိကန်ရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ လူ့အခွင့်အရေးနဲ့ အရပ်သားပြည်သူ စည်းမျဉ်းတွေကို လေးစားလိုက်နာဖို့ ပါဝင်သော်လည်း ဒီအားထုတ်မှုတွေဟာ လက်တွေ့မှာတော့ သက်ရောက်မှုနည်းပါးနေဆဲ ဖြစ်တယ်လို့ မှတ်တမ်းတွေအရ ကောက်ချက်ချနိုင်ပါတယ်။

အမေရိကန်အစိုးရအနေဖြင့် လုံခြုံရေးအကူအညီပေးလိုက်ခြင်းအားဖြင့် တည်ငြိမ်မှုအားကောင်းစေပြီး လွှမ်းမိုးမှုကို တိုးမြင့်စေမည်ဟု ယူဆမည့်အစား ဒီလုံခြုံရေးအကူအညီများဟာ အားနည်းသော၊ ကြေမွလွယ်သော၊ အတွေးအခေါ်ကျဉ်းမြောင်းသော လူအစုအဖွဲ့လက်ထဲရောက်သွားရင် ပိုပြီးအန္တရာယ်များသွားနိုင်တာကို အသိအမှတ်ပြုသင့်ပါတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ထို့အပြင် အမေရိကန်အနေဖြင့် အကျိုးရလဒ်များ၊ လက်တွေ့ ဖြစ်နိုင်ချေရှိမရှိကို သုံးသပ်ပြီး ရေရှည်မှာပေးဆပ်ရမဲ့ အဖိုးအခများကို တွက်ဆပြီးမှသာ လုံခြုံရေးအကူအညီများကို သတိတကြီးသုံးစွဲသင့်တယ်လို့ ဖော်ပြထားပါတယ်။

အစီရင်ခံစာမှာတော့ ဘာကီနာဖာဆို၊ ကမ်မရွန်းနဲ့ အီသီယိုပီးယားတို့ရဲ့ သီးသန့်ဖြစ်အင်တွေကိုလည်း ဖော်ပြထားပါတယ်။ ဒီနိုင်ငံသုံးခုစလုံးမှာ လုံခြုံရေးပိုင်းအကူအညီတွေက အကြမ်းဖက်မှုခြိမ်းခြောက်ခြင်းတွေကို ကာကွယ်ခြင်း၊ ရပ်တန့်ခြင်း မဖြစ်စေခဲ့တဲ့ အချက်ကြောင့် အမေရိကန်ရဲ့ အကူအညီဟာ မဟာမိတ်နိုင်ငံက စစ်တပ်ရဲ့ အလွဲသုံးစားအပြုအမူကို ပိုမိုသာဆိုးရွားစေပြီး ဒေသအတွင်းမှာ ရေရှည်အားဖြင့် မတည်ငြိမ်မှုကို ပိုမိုဖြစ်ပေါ်စေပါတယ်။

အကြံပေးချက်အမျိုးမျိုးအနက် အစီရင်ခံစာမှာ အကူအညီရရှိတဲ့နိုင်ငံတွေက စစ်တပ်တွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပိုပြီးအနီး ကပ်တင်းကျပ်စွာ လေ့လာဖို့ ပိုမိုတိုက်တွန်းထားပါတယ်။ ထို့အပြင် အကူအညီလက်ခံရရှိတဲ့ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်တဲ့ လူ့အခွင့်အရေး အလွဲသုံးစားလုပ်မှုတွေကို အမေရိကန်ထောက်လှမ်းရေးက စုံစမ်းစစ်ဆေးပြီး ပဋိပက္ခဆီဦးတည်နိုင်တဲ့ အခြေအနေတွေကို စောလျင်စွာ သတိပေးဖို့လည်း တိုက်တွန်းထားပါတယ်။ 

အသစ်ပြုလုပ်မဲ့ သို့မဟုတ် စီစဉ်ပြီးသားဖြစ်တဲ့ လုံခြုံရေးအကူအညီအစီအစဉ်တွေအနေနဲ့ အပြည့်အဝ စနစ်တကျ အန္တရာယ် လေ့လာဆန်းစစ်မှုကို ပြုလုပ်ပြီး ဒီမိုကရေစီဆန့်ကျင်ရေး၊ တိုင်းရင်းသားပဋိပက္ခကို ဆိုးရွားစေခြင်း၊ အရင်းအမြစ်များဖြန့်ဝေမှုမညီမျှခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့များရဲ့ တာဝန်ယူမှုမရှိခြင်းတို့အပါအဝင် နိုင်ငံရေးတည်ငြိမ်မှုတွေကို သက်ရောက်နိုင်တဲ့ အစိုးရပြဿနာတွေကဲ့သို့သော အမေရိကန်ရဲ့ အကျိုးစီးပွားတွေအပေါ် ရေရှည်သက်ရောက်လာနိုင်မဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားဖို့ တိုက်တွန်းထားပါတယ်။

အမေရိကန်ရဲ့ လုံခြုံရေးအကူအညီ အစီအစဉ်များနဲ့ ပတ်သက်ပြီး လွှတ်တော်ကနေ ပိုမိုတင်းကျပ်စွာနဲ့ စောင့်ကြည့်စစ်ဆေးဖို့၊ လူ့အခွင့်အရေးအလွဲသုံးစားလုပ်နေတဲ့ အစုအဖွဲ့တွေဆီ ထောက်ပံ့မှုမရှိစေတာ သေချာဖို့ လုပ်ဆောင်ရန်လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

စစ်ရေးမဟုတ်တဲ့ အကူအညီတွေနဲ့ ပျော့ပြောင်းတဲ့ပါဝါ ညှိုနှိုင်းမှုတွေကို အဓိကပိုပြီး ဦးစားပေးရမဲ့အပြင် ဝါရှင်တန်အနေနဲ့ ဦးဆောင်မှုအားနည်းပြီး အရပ်သားပြည်သူ့လုံခြုံမှုကို အာမခံမပေးနိုင်တဲ့ နိုင်ငံအပေါ် တိုက်ရိုက်အကူအညီပေးနေခြင်းထက် အနောက်အာဖရိကနိုင်ငံများစီးပွားရေး အသိုက်အဝန်းကဲ့သို့သော ဒေသတွင်းအဖွဲ့အစည်းများမှ တစ်ဆင့် လုံခြုံရေးအကူအညီတွေကို ပိုပြီးပေးသင့်တယ်လို့ ဆိုပါတယ်။

Linko

Ref:Case studies: US military assistance in Africa doesn't work - Responsible Statecraft