【 နိုင်ငံတကာဆောင်းပါး 】အမေရိကန်သမ္မတ ရွေးကောက်ပွဲမှ ဘိုင်ဒင်နှင့် ပြိုင်ဘက်များ

【 နိုင်ငံတကာဆောင်းပါး 】အမေရိကန်သမ္မတ ရွေးကောက်ပွဲမှ ဘိုင်ဒင်နှင့် ပြိုင်ဘက်များ

၂၀၂၄ အထွေထွေ ရွေးကောက်ပွဲတွင် ရီပါ့ပလစ်ကန် ခြောက်ဦးပါဝင်ပြီး လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကမူ ဒီမိုကရက်တစ်ပါတီ၏ အဓိကကိုယ်စားလှယ်ဖြစ်ကာ အခြားသော ကိုယ်စားလှယ်လောင်းများလည်း ပါဝင်သည်။ 

ဒေါ်နယ်ထရမ့်

သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ပြစ်မှုဆိုင်ရာလေးခုကို ရင်ဆိုင်နေရလျက်ရှိပြီး ရီပါ့ပလစ်ကန် များကြားထဲတွင် ကျော်ကြားပြီး ရန်ပုံငွေရရှိရေးအတွက် ထိုစွပ်စွဲချက်များကို အသုံးချလျက်ရှိသည်။ အသက် ၇၇ နှစ်ရှိပြီဖြစ်သော ထရမ့်က ပြန်လည်ရွေးကောက်ခံရပါက ရန်သူများကို လက်စားချေမည်ဖြစ်သည်ဟု ကြုံးဝါးထားသည်။ ထို့အပြင် သစ္စာခံများအား ရာထူးများ ပေးအပ်မည်ဖြစ်ကာ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ ခြင်းကဲ့သို့ လူဝင်မှုကြီးကြပ်ရေး မူဝါဒများနှင့် မွေးဖွားသည်နှင့် နိုင်ငံသားပေးအပ်ခြင်း မူဝါဒတို့ကို ပြုပြင်မည်ဟုလည်း ဆိုထားသည်။ 

နစ်ကီ ဟေလီ

တောင်ကယ်လီဖိုးနီးယား၏ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး ထရမ့်လက်ထက်တွင် ကုလသမဂ္ဂဆိုင်ရာ သံတမန်ဖြစ်ခဲ့သော ဟေလီသည် အသက် ၅၁ နှစ်သာ ရှိသေးပြီး အိန္ဒိယပြောင်းရွှေ့အခြေချသူများ၏ သမီး ဖြစ်သူလည်း ဖြစ်သည်။ ဟေလီသည် လူမျိုးရေးနှင့် လိင်အခြေပြု ပြဿနာရပ်များကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်မည်ဟူ၍ ရီပါ့ပလစ်ကန်ပါတီတွင် ပုံရိပ်ရထားသူဖြစ်သည်။ ရီပါ့ပလစ်ကန်များကြားတွင် ထောက်ခံမှု ၁၂ ရာခိုင်နှုန်း ရရှိထားခြင်းဖြစ်သည်။ 

ရွန် ဒယ်ဆန်းတစ်စ်

ဖလော်ရီဒါ၏ အုပ်ချုပ်ရေးမှူးသည် များစွာသော လူမှုရေးပြဿနာများတွင် ထရမ့်၏ ညာလက်ရုံးအဖြစ် သတ်မှတ်ထားသူဖြစ်သော်လည်း မဲဆွယ်မှုများသည် အားမရသော အခြေအနေတွင် ရှိနေသည်။ အသက် ၄၅ နှစ်အရွယ် ဒီဆန်းတစ်စ်သည် မဲဆွယ်မှုကို ပြန်လည်အားဖြည့်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်သေးခြင်းဖြစ်သည်။

ဗီဗစ်ခ် ရာမာဆွာမီ

ဇီဝနည်းပညာ ရင်းနှီးမြှုပ်နှံသူဟောင်းတစ်ဦးဖြစ်သော အသက် ၃၈ နှစ်အရွယ် ရာမာဆွာမီသည် ၂၀၂၂ ခုနှစ်တွင် ကုမ္ပဏီတစ်ခုကို စတင်တည်ထောင်ခဲ့သည်။  ရာမာဆွာမီသည် ထရမ့်ကို ထောက်ခံသူတစ်ဦးဖြစ်ပြီး ကိုယ်စားလှယ်လောင်း ငြင်းခုန်ပွဲများ၌ စကားပြောဆိုတိုက်ခိုက်တတ်သူဖြစ်သည်။

ခရစ် ခရစ္စတီး

အသက် ၆၁ နှစ်အရွယ် ခရစ္စတီးသည် ထရမ့်၏ ၂၀၂၀ ခုနှစ် အိမ်ဖြူတော်မဲဆွယ်ပွဲအတွက် အကြံပေးခဲ့သူဖြစ်ပြီး ဇန်နဝါရီလ လွှတ်တော်တိုက်ခိုက်မှုအပြီးတွင်မူ ထရမ့်အား ပေါ်ပေါ်ထင်ထင် ဝေဖန်သူဖြစ်လာကာ ထရမ့်၏ ရာဇဝတ်မှုများ ပေါ်ပေါက်လာချိန်တွင်လည်း ပို၍ ဝေဖန်ခဲ့သူဖြစ်သည်။ အမှုစစ်ဟောင်းတစ်ဦးလည်း ဖြစ်သူက ထရမ့်အနေဖြင့် အပြစ်ပေးခံရမည်ဖြစ်သည်ဟု ယုံကြည်ကြောင်း ဆိုသည်။ ထရမ့်ကို အလိုကျ ဖြစ်စေခြင်းထက် အပြုအမူများအတွက် တာဝန်ယူစေလိုသော ရီပါ့ပလစ်ကန် အနည်းငယ်များထဲမှ တစ်ဦးဖြစ်သည်ဟုဆိုသောသူသည် ရိုက်တာသတင်းဌာန၏ စစ်တမ်းတွင် ထောက်ခံမှု ၂ ရာခိုင်နှုန်းခန့်သာ ရရှိထားသည်။ 

အာဆာ ဟက်ချ်ချင်ဆန်

အသက် ၇၃ နှစ်အရွယ် ဟက်ချ်ဆင်ဆန်သည် ရီပါ့ပလစ်ကန် မဲပေးသူများ အလိုရှိသော မူဝါဒများကို လုပ်ဆောင်ပေးနိုင်သည်ဟု ကတိပေးထားသော်လည်း ရီပါ့ပလစ်ကန်ပါတီ၏ ပထမ ငြင်းခုန်မှုအတွက်သာ အရည်အသွေးမီခဲ့ပြီး ရိုက်တာသတင်းဌာန၏ စစ်တမ်းတွင် ထောက်ခံမှုမရရှိထားသူဖြစ်သည်။

ဂျိုးဘိုင်ဒန်

အသက် ၈၁ နှစ်ရှိပြီဖြစ်ပြီး အသက်အကြီးဆုံး အမေရိကန်သမ္မတ ဖြစ်သော ဂျိုးဘိုင်ဒန်က အသက်အရွယ်နှင့် ထောက်ခံမှုကျဆင်းခြင်းတို့ကို ဆန့်ကျင်ကာ နောက်ထပ် လေးနှစ်တာ တာဝန်ထမ်းဆောင်နိုင်သေးကြောင်းဆိုသည်။ ဘိုင်ဒန်သည် အမေရိကန်၏ ဒီမိုကရေစီကို ကာကွယ်သွားမည်ဟု ကြွေးကြော်ထားပြီး ဒုသမ္မတ ကာမာလာ ဟာရစ်သည် အတူတွဲဖက်အဖြစ် ဆက်လက်ရှိနေခြင်းဖြစ်သည်။

အမေရိကန်စီးပွားရေးသည် ကျဆင်းခြင်းကို ရှောင်ရှားနိုင်ခဲ့ပြီး ခန့်မှန်းထားသည်ထက် မြန်ဆန်စွာ ကြီးထွားခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုသည် နှစ် ၄၀ အတွင်း အမြင့်ဆုံး မြင့်တက်ခဲ့သော ကြောင့် ပြည်သူများအတွက် အစားအသောက်နှင့် ဓာတ်ငွေ့ဈေးများ အဆမတန် မြင့်တက်ခဲ့ရသည်။ ပြည်တွင်းတွင် စီးပွားရေးသည် ဘိုင်ဒန်အတွက် အဓိက သက်ရောက်မှုဖြစ်လာနိုင်သည်။

ထို့အပြင် ယူကရိန်းသို့ ရုရှားကျူးကျော်စစ်တွင်လည်း ဘိုင်ဒန်သည် အနောက်နိုင်ငံ အစိုးရများကို ဦးဆောင်လျက်ရှိပြီး အစ္စရေး-ပါလက်စတိုင်းပြဿနာတွင် အစ္စရေးဘက်မှ ရပ်တည်လျက်ရှိသည်။ သို့သော် ဂါဇာ၌ လူပေါင်း ၂သောင်းကျော် သေစေခဲ့သည်အထိ ပြင်းထန်နေသော ပစ်ခတ်မှုများကို ရပ်စဲရေးအတွက် မတိုက်တွန်းနိုင်ခဲ့သောကြောင့် ပါတီအတွင်း၌ ဝေဖန်မှုများ ကြုံတွေ့ရလျက်ရှိသည်။  

ထို့အပြင် အမေရိကန်-မက်ဆီကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများသည် စံချိန်တင်မြင့်တက်ခဲ့မှုများကြောင့် လူဝင်မှုကြီးကြပ်ရေး မူဝါဒကိုလည်း ရီပါ့ပလစ်ကန်များနှင့် ဒီမိုကရက်များက ဝေဖန်ခဲ့ကြ သည်။

မာရီအန်း ဝီလီယံဆန်

ရောင်းအားအကောင်းဆုံး စာရေးဆရာဖြစ်ပြီး တက်ကျမ်းပညာရှင် အသက် ၇၁ နှစ်အရွယ် မာရီအန်း ဝီလီယံဆန်သည် ၂၀၂၀ ခုနှစ်တွင် ဒီမိုကရက်အဖြစ် ပါဝင်ခဲ့သော်လည်း မဲမပေးခင်တွင်မူ ရွေးကောက်ပွဲမှ ထွက်ခွာခဲ့ရသူဖြစ်သည်။  

ဒင်း ဖိလစ်

ဒင်းဖိလစ်သည် ဘိုင်ဒန်က နောက်တစ်ကြိမ် အနိုင်ယူနိုင်မည်ဟု မယုံကြည်သောကြောင့် စိန်ခေါ် ခြင်းဖြစ်သည်ဟု ဆိုသည်။ အသက် ၅၄ နှစ်အရွယ် သန်းကြွယ်သူဌေးသည် အမေရိကန်၏ စီးပွားရေးကို ပြန် လည်ပြုပြင်သွားမည်ဟု ဆိုထားသည်။

တစ်သီးပုဂ္ဂလများ

ရောဘတ် အက်ဖ် ကန်နက်ဒီ ဂျူနီယာ

ကာကွယ်ဆေးဆန့်ကျင်သူ ရောဘတ် အက်ဖ် ကန်နက်ဒီ ဂျူနီယာ သည် အသက် ၆၉ နှစ်ရှိပြီဖြစ်ပြီး ၁၉၆၈ ခုနှစ်တုန်းက လုပ်ကြံခံခဲ့ရသော အမေရိကန်အထက်လွှတ်တော်အမတ် ရောဘတ် အက်ဖ် ကန်နက်ဒီ၏ သားဖြစ်သူဖြစ်သည်။ သူသည် ဘိုင်ဒန်ကို စိန်ခေါ်ထားသော်လည်း ရိုက်တာသတင်းဌာန၏ စစ်တမ်းတွင် ထောက်ခံမှုမှာ သိသိသာသာ ကွာခြားလျက်ရှိသည်။ 

ကော်နဲ ဝက်စ်ထ်

အသက် ၇၀ ရှိပြီဖြစ်သော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ ဒဿနိကဗေဒပညာရှင်တစ်ဦးဖြစ်သော ဝက်စ်ထ်က လူများသည် ပါတီနှစ်ခု၏ နိုင်ငံရေးများထက် ကောင်းမွန်သော မူဝါဒများကို လိုချင်သည်ဟု ဆိုခဲ့ကာ ဆင်းရဲမွဲတေမှုပပျောက်ရေးနှင့် အိမ်ရာမြေကိစ္စများကို ကတိပြုထားသည်။ 

ဂျီးလ် စတိန်း

ရူပဗေဒပညာရှင်တစ်ဦးဖြစ်သော ဂျီးလ် စတိန်းက ဒီမိုကရက်များသည် ပြည်သူများ၊ လူငယ်များနှင့် ရာသီဥတုရေးရာအတွက် အလုပ်လုပ်မည်ဟူသော ကတိများကို ဖောက်ဖျက်သည်ဟု စွပ်စွဲထားပြီး ရီပါ့ ပလစ်ကန်များကမူ ထိုကတိကဝတ်များကို ပေးပင်မပေးဖူးကြောင်းဆိုသည်။ 

Ref: Reuters: US presidential election 2024: Who are the candidates?

 

Nayoe