【 နိုင်ငံတကာဆောင်းပါး 】အရှေ့သို့တိုးချဲ့မည့် NATO နှင့် တရုတ်၏စိုးရိမ်မှု

【 နိုင်ငံတကာဆောင်းပါး 】အရှေ့သို့တိုးချဲ့မည့် NATO နှင့် တရုတ်၏စိုးရိမ်မှု

ဇူလိုင် ၁၁ရက်နှင့် ၁၂ ရက်က လစ်သူယေးနီးယားနိုင်ငံ ဗီလီနီးယပ်စ်တွင် ကျင်းပခဲ့သည့် NATO ထိပ်သီး အစည်းအဝေးသည် နေတိုးအဖွဲ့၏ နောက်ထပ်ခြေလှမ်းတစ်ခုကို မရည်ရွယ်ဘဲ လှစ်ဟပြခဲ့သည်။ ထိုအစည်းအဝေးတွင် NATO အဖွဲ့ခေါင်းဆောင်တွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံက သူ့ရဲ့ မဟာဗျူဟာ ၊ ရည်မှန်းချက်တွေနဲ့ စစ်ရေးတည်ဆောက်မှုနဲ့ပတ်သက်ပြီး လျှို့ဝှက်ထားပေမယ့်လည်း ကမ္ဘာတစ်ဝန်းမှာ သူ့ရဲ့ခြေရာထင်ကျန်မှု တိုးမြှင့်ဖို့နဲ့ အင်အားရှိကြောင်း ပြသဖို့ရာ နိုင်ငံရေး ၊ စီးပွားရေး နဲ့ စစ်ရေးအများအပြားကို အသုံးချနေကြောင်း၊ တရုတ်နိုင်ငံက သူ့ရဲ့ရည်မှန်းချက်၊ အကျပ်ကိုင်တတ်တဲ့ မူဝါဒတွေနဲ့အတူ နေတိုးအဖွဲ့ရဲ့ အကျိုးစီးပွား၊ လုံခြုံရေးနဲ့ တန်ဖိုးတွေကို စိန်ခေါ် နေကြောင်း ထုတ်ပြန်ခဲ့သည်။
 
ထိုထုတ်ပြန်ချက်ကို ဥရောပဆိုင်ရာ တရုတ်သံရုံးက ပြင်းပြင်းထန်ထန်ကန့်ကွက်ကာ အခြေခံအချက်တွေကို ပစ်ပယ်ထားကာ တရုတ်ရဲ့ရပ်တည်ချက်နဲ့ မူဝါဒတွေကို ပုံဖျက်ထားပြီး တရုတ်နိုင်ငံအား တမင်သက်သက် သိက္ခာကျအောင်လုပ်ဆောင်ထားကြောင်း တုံ့ပြန်ခဲ့သည်။
 
တရုတ်ဘက်က "အာရှ-ပစိဖိတ်ဒေသသို့ နေတိုး၏ အရှေ့ဘက်သို့ ရွေ့လျားမှုကို ကျွန်ုပ်တို့ ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး တရုတ်၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်စေသည့် မည်သည့်လုပ်ရပ်ကိုမဆို ပြတ်ပြတ်သားသား တုံ့ပြန်လိမ့်မည်" ဟု ဆိုသည်။
 
ယခုNATOထိပ်သီးဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ ယူကရိန်းတွင် စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်နိုင်ရန် ပြင်ဆင်ခြင်းအဖြစ် နိုင်ငံတကာက ယူဆထားသည်။ သို့သော် ယခုဆွေးနွေးပွဲမတိုင်ခင် Global Time သတင်းဌာန၏ဆောင်းပါးတွင်မူ တရုတ်နိုင်ငံအပေါ် မလိုလားအပ်သော ရည်ရွယ်ချက်များကို ထုတ်ဖော်ပြသလိမ့်မည်ဟု ကြိုတင်ခန့်မှန်းခဲ့သည်။ ထိုသည်မှာ NATO အဖွဲ့၏ ပစိဖိတ်ဒေသအထိ တိုးချဲ့နိုင်ရန် ရည်ရွယ်ထားမှု၏ အကြောင်းပြချက်အဖြစ် ဒေသတွင်းတရုတ်၏ စစ်ရေးအင်အားကြီးမားလာမှုကိုဖြစ်သည်။
 
NATO အဖွဲ့၏ စွပ်စွဲမှုကို တုန့်ပြန်သည့် ဥရောပဆိုင်ရာ တရုတ်သံရုံးထုတ်ပြန်ချက်တွင် NATO အဖွဲ့၏ အာရှ-ပစိဖိတ် တိုးချဲ့ရေးကြိုးပမ်းမှုမှန်သမျှ ဆန့်ကျင်သွားမည်ဟု ဆိုသည်။ထိုသည်မှာ ယခင်သိသာသိစေမမြင်စေနဲ့ ဆိုသည်ထက်ပိုကာ တစ်ဘက်နှင့် တစ်ဘက် ဖွင့်ချလိုက်သည့် အခင်းအကျင်းပဲ ဖြစ်သည်။
 
ယခုဖြစ်ရပ်များသည် လွန်ခဲ့သော လပိုင်းများအတွင်း NATO အဖွဲ့အတွင်းရေးမှူးချုပ်၏ ဂျပန်ခရီးစဉ်နှင့် ဂျပန်၏ ဒုတိယကမ္ဘာစစ်အပြီး စစ်ရေးတည်ဆောက်မှုများအပေါ်တွင် အခြေခံလေသည်။ အာရှတွင် ပထမဆုံးသော NATO အဖွဲ့၏ ဆက်ဆံရေးရုံး ဂျပန်တွင် ဖွင့်လှစ်ရန် ရှိ/မရှိ အချက်ပြမှုများက NATO အဖွဲ့ အာရှ-ပစိဖိတ်ဒေသသို့ ရှေ့ တိုးလာနိုင်မှုကို တရုတ်အားသတိထားမိစေခဲ့သည်။ ပြင်သစ်က ယင်းသို့အစား မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(NATO)အနေဖြင့် မြောက်အတ္တလန္တိတ်ကိုသာ ဆက်လက်အာရုံစိုက်သင့်သည်ဟု ကန့်ကွက်ခဲ့သော်လည်း NATO အတွင်းရေးမှူးချုပ်က ထိုကိစ္စကို ယခုသီတင်းပတ်တွင် ဆွေးနွေးရန်မသင့်သေးကြောင်း ပြောကြားခဲ့သည်။
 
ရုရှားအပေါ် ဖိအားများ ပြင်းထန်လာချိန်တွင် နေတိုးသည် အာရှ-ပစိဖိတ်ဒေသသို့ ၎င်း၏ တိုးချဲ့မှုကို အရှိန်မြှင့်လုပ်ဆောင်နေသည်မှာ ထင်ရှားနေသည်။သို့သော် ဇူလိုင် ၁၂ ရက်က တရုတ်၏ တုံ့ပြန်ပြောဆိုမှုကို တုံ့ပြန်သည့် NATO အဖွဲ့ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂျူလီယန်စမစ်က တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများအပေါ် အာရုံစူးစိုက်မှုမှာ အာရှနိုင်ငံများအား အစုအဖွဲ့တွင် ပါဝင်ရန် ဖိတ်ခေါ်ရန် ရည်ရွယ်ချက်ကို အချက်ပြနေခြင်း မဟုတ်ကြောင်းဆိုသည်။ ဂျူလီယန်စမစ်က “အင်ဒို-ပစိဖိတ်ဒေသက နိုင်ငံတွေကို အဖွဲ့ဝင်တွေအဖြစ် ကျွန်တော်တို့ မထည့်ပါဘူး” ဟု ပြောခဲ့သည်။
 
အာရှ-ပစိဖိတ်ဒေသ နိုင်ငံများဖြစ်သည့် ဂျပန်နှင့် တောင်ကိုရီးယားအစရှိသော နိုင်ငံများကို NATO ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ခေါ်ရခြင်းသည် အာရှ-ပစိဖိတ်ဒေသကို NATO အဖွဲ့တိုးချဲ့ရန်အတွက် အဓိကအကြောင်းအရာဖြစ်ဖို့များကြောင်း နိုင်ငံတကာသုံးသပ်သူအချို့က ရှုမြင်ကြသည်။
 
သို့သော် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါက မေလ ဟီရိုရှီးမားတွင် G-7 ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပစဉ် ဂျပန်သည် နေတိုးအဖွဲ့ဝင်ဖြစ်လာရန် အစီအစဉ်မရှိကြောင်း အလေးနက်ပြောခဲ့သည်။
 
ဗီလီနီးယပ်စ်ထိပ်သီးအစည်းအဝေးတွင် NATO အ တွင်းရေးမှူးချုပ်က တရုတ်သည် NATO အဖွဲ့၏ ရန်သူမဟုတ်သော်လည်း စည်းမျဉ်းအခြေပြုနိုင်ငံတကာစနစ်ကို စိန်ခေါ်နေပြီး ကြီးမား သော စစ်ရေးတည်ဆောက်မှုများ ပြုလုပ်နေသည်ဟု ပြောခဲ့သည်။
 
ဂျပန်နှင့်တောင်ကိုရီးယားတို့ကို လေ့လာသူအဖြစ် NATO ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခြင်းသည် NATOအဖွဲ့ကို အာရှ-ပစိဖိတ်ဒေသအတွင်းသို့ တိုးချဲ့ရန် ကြိုတင်ပြင်ဆင်မှုဟု တွက်ဆစရာဖြစ်သည်။ ထိုသို့ ဖြစ်လာရသည့်အကြောင်းအရင်းကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်၏စစ်ရေးလှုပ်ရှားမှု ပိုများလာသောကြောင့်လည်း ဖြစ်နိုင်ပေသည်။ လက်တွေ့တွင်မူ အမေရိကန်၏ အင်ဒို-ပစိဖိတ်ဒေသအတွင်း တစ်ပိုင်းတစ်စ စစ်ရေးမဟာမိတ်ဖွဲ့စည်းရေး ဆန္ဒကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ဒေသတွင်း တရုတ်၏ ဩဇာလွှမ်းမိုးမှု မြင့်တက်လာတာကို တန်ပြန်တုံ့ပြန်ရန် ကြိုးစားနေခြင်းလည်း ဖြစ်သည်။
 
NATO၏ အင်ဒို-ပစိဖိတ် မိတ်ဖက်များနှင့် ထိတွေ့ဆက်ဆံမှုသည် တရုတ်နှင့် ပြိုင်ဆိုင်မှုဟု ယေဘုယျအားဖြင့် ယူဆနိုင်သော်လည်း အင်ဒို-ပစိဖိတ်လေးနိုင်ငံ(IP4) သည် တရုတ်ကို ရင်ဆိုင်ရန် အမေရိကန်၏ စိတ်ကူးဖြစ်နေသည်ကို မြင်နိုင်ပေသည်။ ထိုအခင်းအကျင်းတွင် NATO ပါဝင်လာသည့်အခါ စစ်အေးအခင်းအကျင်းမှာ တစ်ကျော့ပြန်ဖြစ်လာရန် အားကောင်းလာသည်။ NATO အတွင်းရေးမှူးချုပ်က သြစတြေးလျ၊ ဂျပန်၊ နယူးဇီလန်နှင့် တောင်ကိုရီးယားခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံခဲ့သည်။ အစည်းအဝေးတိုင်းတွင် NATO၏ ထိပ်တန်းဦးစားပေးဖြစ်သော ယူကရိန်းအား ၎င်းတို့၏အကူအညီအတွက် ကျေးဇူးတင်စကားဖြင့် စတင်ခဲ့ပြီး မိတ်ဖက်၏ အဓိကစိုးရိမ်ရသည့်ကိစ္စရပ်များအတွက် ပံ့ပိုးပေးခဲ့သည်။
 
သို့သော် IP4 ခေါင်းဆောင်များနှင့် လူသိရှင်ကြား မှတ်ချက်ပြုရာတွင် တရုတ်နိုင်ငံအကြောင်း ပြောကြားခြင်းမပြုခဲ့ပေ။ ဂျပန်ဝန်ကြီးချုပ်ကီရှီဒါ နှင့် တောင်ကိုရီးယားသမ္မတယွန်းဆွတ်ခ်ယိုးလ်တို့ နှင့် တွေ့ဆုံရာတွင်- “မြောက်ကိုရီးယားနှင့် ပတ်သက်၍ နေတိုး၏ စိုးရိမ်ပူပန်မှု” ၊ ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်ဆီ နှင့် တွေ့ ဆုံရာတွင် “ဆိုက်ဘာ၊ နည်းပညာသစ်များနှင့် ပေါင်းစပ်ခြိမ်းခြောက်မှုများကို တန်ပြန်ခြင်း”နှင့် နယူးဇီလန် ဝန်ကြီးချုပ် ခရစ္စဟစ်ကင် နှင့်တွေ့ဆုံရာတွင် “ရာသီဥတုပြောင်းလဲမှု၊ ဆိုက်ဘာနှင့် နည်းပညာသစ်များ” တို့ကိုသာ ဖော်ပြခဲ့သည်။
 
IP4 အဖွဲ့ဝင်အားလုံးသည် တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး စိုးရိမ်မှုများရှိသော်လည်း ၎င်းတို့ထဲမှ သုံးနိုင်ငံသည် ပေကျင်းကိုဆန့်ကျင်သည့် NATO အဖွဲ့နှင့် လက်တွဲထားရန်ကို ဆန္ဒမရှိခဲ့ပေ။ အထူးသဖြင့် ဂျပန်ကသာ ၎င်း၏ လုံခြုံရေးအာမခံချက်အတွက်အမေရိကန်တစ်နိုင်ငံတည်း ပုံအောထားရခြင်းထက် NATO ကိုပါ ထည့်သွင်းလာခြင်းဖြစ်သည်။ထို့ကြောင့် NATO အတွင်းရေး မှူးချုပ်က ကီရှီဒါနှင့် တွေ့ဆုံမှုအတွင်း “ ဂျပန်ထက်အခြား မည်သည့်မိတ်ဖက်မှ NATOနှင့် မနီးစပ်ကြောင်း ” ပြောခဲ့ခြင်းဖြစ်သည်။
 
ယခုနှစ်အစောပိုင်း စတိုလ်န်ဘတ်ချ်၏ဂျပန်ခရီးစဉ်အပြီး NATO အဖွဲ့သည် ဂျပန်နိုင်ငံတွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် ကြိုးပမ်းမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် ပြင်သစ်က အထူးသဖြင့် တရုတ်ကို ရန်စသလိုဖြစ်မည်ကို စိုးရိမ်ကြောင်း ဖော်ပြသဖြင့် ယင်းကို ရွှေ့ဆိုင်းလိုက်ပုံရသည်။သို့သော် ယာယီသာဖြစ်ပုံရသည်။ တရုတ်အပေါ်စိုးရိမ်မှုကို အကြောင်းပြသည့် NATO အဖွဲ့ ၏အရှေ့ဘက်သို့ အဖွဲ့ဝင်တိုးချဲ့ခြင်းသည် မဖြစ်လာနိုင်ဟု အခြေအနေများကြောင့် ယူဆလို့ မရနိုင်တော့ပြီဖြစ်သည်။ ထိုသည်က တရုတ်၏ သဘာ၀ကျသော စိုးရိမ်မှုဖြစ်ပေသည်။
 
လင်းသစ်အောင်