【 နိုင်ငံတကာဆောင်းပါး 】 ခြောက်ခြားဖွယ်ကာလအတွက် ပထမခြေလှမ်း

【 နိုင်ငံတကာဆောင်းပါး 】 ခြောက်ခြားဖွယ်ကာလအတွက် ပထမခြေလှမ်း

ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် ငါးကြိမ်မြောက် သမ္မတအဖြစ် ခြောက်နှစ်တာသက်တမ်း ဆက်လက်ထမ်းဆောင်ရလျှင် နေတိုးအနေနဲ့ ဘာတွေကို မျှော်လင့်ထားရမလဲ။

“ဖိနှိပ်မှုတွေနဲ့ သွေးချောင်းစီးဖို့ပဲရှိပါတယ်” ဟု လစ်သူယေးနီးယား သမ္မတ ဂီတန်နက်စ် နိုဆဲဒါက ပဲရစ်ကာကွယ်ရေးနှင့် မဟာဗျူဟာ ဖိုရမ်တွင် ပြောခဲ့သည်။

ထိုဖိုရမ်သည် နျူကလီးယားလက်နက်များ မသုံးဘဲ ပူတင်ကို ဟန့်တားနိုင်ရေး နည်းလမ်းများကို ရှာဖွေရန်ဖြစ်သည်။

“ရုရှားက ရပ်တန့်မှာ မဟုတ်ပါဘူး။သူ့ကို တစ်ယောက်ယောက်က ရပ်တန့်အောင် လုပ်ရမှာ” ဟု နိုဆဲဒါက ပြောသည်။

သို့သော် မည်သူက ရပ်တန့်ပေးမည်နည်းဟူသော မေးခွန်းမှာ ပူတင်၏ ၂၄ နှစ်တာ အုပ်ချုပ်မှုကာလအတွင်း အဖြေရှာမရဆဲဖြစ်သည်။အဖြေပေးနိုင်သော ရုရှားပြည်သူများဟာ နယ်နှင်ဒဏ်ပေးခံရခြင်း၊ သေဆုံးခြင်းများဖြင့်သာ ကြုံတွေ့ခဲ့ရသည်။လူမှုကွန်ရက်တွင် တိုက်ခိုက်ခြင်းသည်လည်း အရာထင်မည် မဟုတ်ပေ။ယူကရိန်း ကျူးကျော်စစ် သုံးနှစ်ထဲရောက်လာသည့်အချိန်တွင် ထပ်မံပြောစရာစကားလုံးများပင် မကျန်နိုင်တော့ပေ။
 
ထိုကဲ့သို့ ထူးမခြားနားဖြစ်ရပ်များသည် ၂၀၃၀ ခုနှစ်အထိ ဆက်သွားနေဦးမည်ဖြစ်သည်။လက်ရှိ ရုရှားသမ္မတရွေးကောက်ပွဲသည် ယုံကြည်ရသည်ဖြစ်စေ၊ မယုံကြည်ရသည်ဖြစ်စေ ပူတင်သည် မဲ ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ သိမ်းပိုက်နိုင်မည်ဖြစ်သည်။ရုရှားသည် မျှတလွတ်လပ်သော ရွေးကောက်ပွဲကို တစ်ခါမျှ မကြုံခဲ့ရဖူးသောကြောင့်ဖြစ်သည်။

ပူတင်၏ မိတ်ဖက်များတွင် ဟန်ဂေရီဝန်ကြီးချုပ်၊ လက်ယာယိမ်း ဒိန်းမတ်အမတ်၊ ဖက်ဆစ် ပြင်သစ်အမတ်နှင့် ဒေါ်နယ်ထရမ့်တို့ပါဝင်ပြီး သမ္မတ ဂျိုးဘိုင်ဒန်သည် သူတို့ကိုဆန့်ကျင်ရန် ရုန်းကန်နေရခြင်းဖြစ်သည်။

ပူတင်၏ ရုပ်မြင်သံကြားဝါဒဖြန့် အကြီးအကဲဖြစ်သူ ဗလာဒီမာ ဆိုလိုရော့ဗ်သည် ထရမ့်နှင့် ပူတင်တို့သာ သမ္မတပြန်ဖြစ်ခဲ့ပါက ကိယက်ဗ်ကျရှုံးသည်နှင့်တစ်ပြိုင်နက် ဟန်ဂေရီအား ယူကရိန်း ကာပါသီယန်တောင်တန်းများအား လက်ဆောင်အဖြစ် ပေးသွားမည်ဟု လူများစွာကို သိမ်းသွင်းခဲ့သည်။

ပူတင်နှင့် ခရိုနီများသည် ဆက်လက်ချမ်းသာဆဲဖြစ်သည်။ ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆု ရရှိခဲ့သော Navalny သည် ထိုဖြစ်ရပ်များကို မီးမောင်းထိုးပြလျက်ရှိသည်။အမေရိကန်၏ ၂၀၂၄ အန္တရာယ်လေ့လာ စိစစ်ရေးအရ မော်စကိုသည် ရေနံတင်ပို့မှုလမ်းကြောင်း အားလုံးနီးပါးကို အောင်မြင်စွာ ပြောင်းလဲထားနိုင်ပြီဖြစ်ကြောင်း တွေ့ရသည်။ပူတင်၏ ရုရှားကို ကိုင်တွယ်ပုံသည် ပြောင်းလဲမသွားဘဲ လာဘ်စားမှုများ၊ အရည်အချင်းမရှိသော နိုင်ငံရေးစနစ်များဖြင့်သာ ဖန်တီးနေဆဲဖြစ်သည်။

ပူတင်သည် ဆယ်စုနှစ် နှစ်ခုစာအတွင်း ပြည်တွင်းမှ အတိုက်အခံများကို လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း စာအုပ်များစွာ ထွက်ရှိထားသည်။ရုပ်ရှင်များတွင်လည်း ရုရှား၏ သွေးစွန်းငွေများကို ပိတ်ဆို့ထားသော ဈေးကွက်များဆီ ကူးပြောင်းနိုင်ရန် လုပ်ပေးနေသော ကမ္ဘာ့စည်းမျဉ်းများအကြောင်း ပုံဖော်ထားသည်။အမေရိကန်၏ လွှတ်တော်မှတ်တမ်းတွင်လည်း ပူတင်က အမေရိကန်ရွေးကောက်ပွဲကို မတည်ငြိမ်အောင်လုပ်ခြင်း၊ အရာရှိသူများကို လာဘ်ထိုးခြင်းနှင့် ရွှေ့ပြောင်းလာသူများအား လက်နက်တပ်ဆင်ပေးခြင်းတို့ ပြုလုပ်နေသည်ကို မှတ်တမ်းယူထားသည်။

ပူတင်၏ လှည့်ဖျားမှုများကို ရုရှားပြည်သူများကသာ ယုံကြည်ကြသည် မဟုတ်ပေ။အမေရိကန်ပြည်သူတစ်ဝက်လောက်က အမေရိကန်သည် ပူတင်ကို တိုက်ခိုက်ရန် ငွေအမြောက်အများ သုံးနေသည်ဟု ယုံကြည်ကြပြီး ပုပ်ရဟန်းမင်းကြီးကပင် ယူကရိန်းကို အလံဖြူထောင်ရန် သတ္တိမွေးဖို့ ပြောဆိုဟန်ရှိသည်။

နေတိုးတပ်ဖွဲ့အနေဖြင့် ပူတင်ကို စစ်မြေပြင်တွင် အနိုင်ရရန် နည်းလမ်းမရှိသေးကြောင်းကို ကောင်းစွာသဘောပေါက်ဖို့လိုကြောင်း ရုရှား၏ ထောင့်ပေါင်းစုံ စစ်မြေပြင်နှင့် သတင်းအချက်အလက် ခြယ်လှယ်မှုများကို ဆယ်စုနှစ်တစ်ခုစာ လေ့လာခဲ့သော မက်ဒရစ် နက်ဘရီဂျာတက္ကသိုလ်မှ ကားလို့စ်ဂါလန်က ဆိုသည်။

“ပူတင်ဟာ ပြည်တွင်းမှာရော ကမ္ဘာတစ်ဝန်းမှာပါ ဝါဒဖြန့်ဖို့ လမ်းကြောင်းများစွာကို ကိုင်စွဲထားတယ်။ဒီအရေအတွက်က တစ်နေ့ထက် တစ်နေ့ တိုးသထက် တိုးလာတယ်” ဟု ဂါလန်က ရှင်းပြသည်။

“ပူတင်ရဲ့ ဝါဒဖြန့်ချိပုံက ခေါင်းတစ်ခုကို ဖြတ်လိုက်တာနဲ့ ခေါင်းနှစ်ခေါင်း ပြန်ပေါက်လာသလိုပဲ။အဆိပ်ပြင်းပြီး ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။

ပူတင်အား သမ္မတပြန်မဖြစ်စေရေးသည် ရှုပ်ထွေးသော လုပ်ငန်းစဉ်ဖြစ်ပြီး ယူကရိန်းအား လက်နက်များစွာ ထောက်ပံ့ခြင်းမရှိဘဲ မဖြစ်နိုင်ဟု နေတိုးဦးစီးချုပ်များက ဆိုသည်။

ထိုအချိန်တွင် ပူတင်သည် တနင်္လာနေ့၌ အမှားကို အမှန်ဖြစ်အောင်လုပ်ကာ ကရင်မလင်နန်းတော်သို့ ပြန်လည်ဝင်ရောက်လာဦးမည်ဖြစ်သည်။

NaYoe
Ref - Putin Win Is First Step in Horrifying New ‘Axis of Weasels’ With Trump, Orbán and Le Pen | Thedailybeast