【 နိုင်ငံတကာဆောင်းပါး 】 ဂါဇာအရေးနှင့် ထောက်ခံမှု ကျဆင်းလာတဲ့ ဂျိုးဘိုင်ဒင်

【 နိုင်ငံတကာဆောင်းပါး 】 ဂါဇာအရေးနှင့် ထောက်ခံမှု ကျဆင်းလာတဲ့ ဂျိုးဘိုင်ဒင်

နိုင်ငံခြားရေးမူဝါဒနှင့် အစ္စရေး-ဟားမတ်စ် စစ်ပွဲတွင် အစ္စရေးဘက် ရပ်တည်မှုကြောင့် မဲဆန္ဒရှင်များကြား ပြင်းထန်သော မဲဆန္ဒရှင်အများစု၏ သဘောထားကွဲလွဲမှုကြောင့် သမ္မတ ဂျိုးဘိုင်ဒင်အပေါ် ထောက်ခံမှုအဆင့်သည် ၎င်း၏သမ္မတသက်တမ်းအတွင်း အဆိုးရွားဆုံးအဆင့်အထိရောက်ခဲ့ကာ အနိမ့်ဆုံးအဆင့် ၄၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း NBC သတင်းဌာနက ကောက်ယူခဲ့သည့် စစ်တမ်းတွင် ဖော်ပြထားသည်။

ထိုစစ်တမ်းသည် ၁၁ လကျော် ကျန်သေးသည့် သမ္မတရွေးကောက်ပွဲအတွက် ဆိုးဆိုးဝါးဝါးဟု သတ်မှတ်လို့ မရသေးသော်လည်း အားကောင်းသော ပြိုင်ဘက်ရှိနေသည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင်မူ ဤသို့ထောက်ခံသူများကြား လူကြိုက်နည်းလာမှုသည့် ပါတီအတွက် ပြဿနာတစ်ရပ်ဖြစ်သည်။

အမေရိကန်အစိုးရအဖို့လည်း ပြည်တွင်းရေးနှင့် ကမ္ဘာ့အရေး ကိစ္စရပ်အများအပြား ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်နေစဉ် သမ္မတအပေါ် လူထုထောက်ခံမှုနှုန်းမှာ သိသိသာသာ ကျဆင်းလာခဲ့သည်က လုပ်ရကိုင်ရကျပ်စေခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသအရေးတွင် အစ္စရေး၏ လုပ်ကိုင်မှုကို ဟန့်တားရန် မစွမ်းသာမှုသည် ၎င်းကို ယုံကြည်သူအများစုဖြစ်သည့် ဒီမိုကရက်တစ်များကြားတွင် ဘိုင်ဒင်အပေါ် ယုံကြည်မှုမှာ တိုက်စားခံရသည်။ထိုစစ်တမ်းတွင် အသက် ၁၈ နှစ်မှ ၃၄ နှစ်ကြားရှိ မဲဆန္ဒရှင်များကြား ၇၀ ရာခိုင်နှုန်းသည် ဘိုင်ဒင်၏ စစ်ပွဲကို ကိုင်တွယ်ပုံကို သဘောမတူကြပေ။

မအောင်မြင်သောကတိများ၊ ကျောင်းသားချေးငွေများ၊ ယေဘုယျ နိုင်ငံခြားရေးမူဝါဒများကြောင့် ဘိုင်ဒင်အပေါ် ငယ်ရွယ်သော မဲဆန္ဒရှင်များ၏ ရှုမြင်ပုံမှာ ပြောင်းလဲမှု ကြီးကြီးမားမားရှိလာနိုင်သည်ဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက ဆိုသည်။ထို့အပြင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ထုတ်ပြန်သည့် ABC သတင်းဌာနနှင့်  Washington Post တို့က ကောက်ခံသည့် လူထုသဘောထားတွင် ဂျိုးဘိုင်ဒင်အပေါ် လူထုထောက်ခံမှုနှုန်းမှာ ၃၇ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့သည့်အပြင်  အမေရိကန်ပြည်သူ ၅၅ ရာခိုင်နှုန်းက ၎င်းအား ဆက်လက်ထောက်ခံခြင်းမရှိကြောင်း ဖော်ပြခဲ့သည်။ထို့ကြောင့် ဂျိုးဘိုင်ဒင်၏ လူထုထောက်ခံမှုနှုန်း ကျဆင်းလာမှုသည် ဆက်တိုက်ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

အစောပိုင်းနှစ်များတွင် ဘိုင်ဒင်၏ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုအပေါ် တုံ့ပြန်လုပ်ဆောင်မှု၊ နယ်စပ်အရေး ကိုင်တွယ်ဖြေရှင်းမှုနှင့် တင်းမာနေသည့် ရုရှား-ယူကရိန်းအရေးအပေါ် ကိုင်တွယ်နေမှုတို့ကြောင့် ဘိုင်ဒင်အပေါ် ထောက်ခံမှုကျဆင်းခဲ့ပြီး ယခုနှစ်ပိုင်းတွင် ဂါဇာအရေးနှင့် ယူကရိန်းစစ်ပွဲ၊ တရုတ်အပေါ် စီးပွားရေးကန့်သတ်မှုတို့အပေါ် ဘိုင်ဒင်၏ ကိုင်တွယ်မှုမှာ ကြိုက်နှစ်သက်နှုန်း ကျဆင်းလာခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်တို့ အောင်ပွဲခံခဲ့ရာ အစဉ်အလာထိန်းချုပ်နိုင်ခဲ့သည့်  အောက်လွှတ်တော်ကို ဒီမိုကရတ်တစ်တို့ လက်လွှတ်ခဲ့ရသည်။ထိုအကျိုးဆက်က ယခုအထိ လာမည့်နှစ် အမေရိကန်အစိုးရ အသုံးစရိတ် ဘတ်ဂျက်ကို မပြဋ္ဌာန်းနိုင်ခြင်းဖြစ်သည်။ထို့ကြောင့် ယခု ဂါဇာအရေးတွင် ဘိုင်ဒင်အစိုးရ ကိုင်တွယ်ပုံကြောင့် ပြည်တွင်းထောက်ခံသူများကြား လူကြိုက်နည်းလာခြင်းသည့် လာမည့် သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်များအတွက် စိုးရိမ်စရာဖြစ်သည်။

စစ်တမ်းကောက်ယူမှုအရ စာရင်းဝင်မဲဆန္ဒရှင် ၄၀ ရာခိုင်နှုန်းက ဘိုင်ဒင်၏ အလုပ်စွမ်းဆောင်ရည်ကို သဘောတူကြပြီး ၅၇ ရာခိုင်နှုန်းက မနှစ်သက်ကြောင်း ဖော်ပြခဲ့ရာ ထိုစစ်တမ်းက ဘိုင်ဒင်ကို သမ္မတဖြစ်လာပြီးကတည်းက တစ်ချိန်လုံး ထောက်ခံမှုနိမ့်ပါးမှုကို ကိုယ်စားပြုနေသည်။

စစ်တမ်းအသစ်တွင် ထူးခြားချက်မှာ အသက် ၁၈ နှစ်မှ ၃၄ နှစ်ကြား မဲဆန္ဒရှင်များအကြား အပြောင်းအလဲဖြစ်သည်။စက်တင်ဘာလတွင် အဆိုပါမဲဆန္ဒရှင်များ၏ ၄၆ ရာခိုင်နှုန်းက ဘိုင်ဒင်၏ စွမ်းဆောင်ရည်ကို အတည်ပြုခဲ့သည်ဟု ဆိုသည်။ယခု ဤမဲဆန္ဒရှင်များကြားတွင် ဘိုင်ဒန်၏ ထောက်ခံမှုနှုန်းသည် ၃၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။ခြောက်ဆယ့်နှစ် ရာခိုင်နှုန်းသည် ယခုအခါ ဘိုင်ဒင်၏ နိုင်ငံခြားရေးမူဝါဒကို ကိုင်တွယ်ပုံကို သဘောမတူပေ။သမ္မတ၏ နောက်ထပ်နိမ့်ကျမှုတွင် မဲဆန္ဒရှင်အားလုံး၏ ၃၃ ရာခိုင်နှုန်းက ဘိုင်ဒန်၏ နိုင်ငံခြားရေးမူဝါဒကို ကိုင်တွယ်မှုကို သဘောတူခဲ့ရာ  စက်တင်ဘာထက် ကျဆင်းသွားခဲ့သည်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲတွင် ဘိုင်ဒင်က ကိုင်တွယ်တာကို မဲဆန္ဒရှင်အားလုံးရဲ့ ၃၄ ရာခိုင်နှုန်းကသာ သဘောတူကြပြီး ၅၆ ရာခိုင်နှုန်းက သူတို့သဘောမတူဘူးလို့ ပြောကြသည်။

ပါတီအလိုက်တွင်  ဒီမိုကရက်တစ် မဲဆန္ဒရှင်များ၏ ထက်ဝက် (၅၁ ရာခိုင်နှုန်း) ကသာ ဘိုင်ဒင်၏ စစ်ပွဲကို ကိုင်တွယ်ခြင်းအား သဘောတူသည်ဟုဆိုကြပြီး တစ်သီးပုဂ္ဂလအများစု (၅၉ ရာခိုင်နှုန်း) နှင့် ရီပတ်ဘလီကန်များ (၆၉ ရာခိုင်နှုန်း) တို့က ၎င်းတို့သဘောမတူဟု ဆိုကြသည်။

စီးပွားရေးတွင် မဲဆန္ဒရှင် ၁၀ ယောက်မှာ ၄ ယောက်ထက်နည်းတဲ့ ၃၈ ရာခိုင်နှုန်းက သမ္မတက ဒီကိစ္စကို ကိုင်တွယ်တာကို သဘောတူတယ်လို့ပြောကြရာ စက်တင်ဘာလထက် ၁ မှတ်သာ တက်လာခဲ့သည်။ဒီမိုကရက်များထဲတွင်  အစ္စရေးနှင့် ဟားမတ်စ် စစ်ပွဲအတွက် ကွဲလွဲနေကြသည်။စစ်တမ်းကောက်ယူမှုတွင် အမေရိကန်မဲဆန္ဒရှင်များအနက် ၄၇ ရာခိုင်နှုန်းကသာ အစ္စရေးသည် စစ်ပွဲတွင် ၎င်း၏အကျိုးစီးပွားကို ကာကွယ်နေသည်ဟု ယုံကြည်ပြီး ဂါဇာရှိ အစ္စရေး၏ စစ်ရေးဆောင်ရွက်မှုများသည် တရားမျှတသည်ဟု ယုံကြည်ကြသည်။

နှိုင်းယှဉ်ကြည့်လျှင် ၃၀ ရာခိုင်နှုန်းက အစ္စရေး၏ စစ်ရေးလုပ်ဆောင်မှုများသည် အလွန်အဟပ်ကွာပြီး တရားမျှတမှုမရှိဟု ထင်မြင်ကြသည်။နောက်ထပ် ၂၁ ရာခိုင်နှုန်းက သူတို့ထင်မြင်ချက်ပေးရလောက်အောင် လုံလောက်အောင် မသိဘူးလို့ ဆိုသည်။သို့သော်လည်း ဒီမိုကရက်တစ်မဲဆန္ဒရှင်များကြားတွင် ၅၁ ရာခိုင်နှုန်းက အစ္စရေးနှင့် အမေရိကန် အကျိုးစီးပွားရေးမှာ ဝေးလွန်းသည်ဟု ယုံကြည်ကြသည်။အစ္စရေး၏ စစ်ရေးဆောင်ရွက်မှုများသည် တရားမျှတသည်ဟုဆိုသူ ၂၇ ရာခိုင်နှုန်းသာရှိသည်။

မဲပေးသူအားလုံး၏ အများစု (၅၅ ရာခိုင်နှုန်း) က အစ္စရေးကို စစ်ရေးအကူအညီပေးနေသည့် အမေရိကန်ကို ထောက်ခံသော်လည်း ဒီမိုကရက်တစ်ပိုင်း (၄၉ ရာခိုင်နှုန်း) နီးပါးက ယင်းအကူအညီကို ဆန့်ကျင်သည်ဟု ဆိုကြသည်။ထိုသည်မှာ ဘိုင်ဒန်အတွက် စိန်ခေါ်မှုပင်ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဆန်ဖရန်စစ္စကိုမြို့အနီး ကယ်လီဖိုးနီးယားပြည်နယ် Woodside တွင် တရုတ်သမ္မတ ရှီနှင့် သမ္မတ ဂျိုးဘိုင်ဒင်တို့ မျက်နှာချင်းဆိုင် တွေ့ဆုံမှုတွင် အနောက်တိုင်းမီဒီယာများက ဘိုင်ဒန်နှင့်အတူ ပန်းခြံလမ်းအတိုင်း လမ်းလျှောက် (သို့မဟုတ်)  ပြုံးလျက် ရွှင်ပြနေသော ရှီ၏ လက်ပြနှုတ်ဆက်သည့် ပုံရိပ်ကို ပြသခဲ့သည်။ကော်ဇောနီပေါ်၌ ဘိုင်ဒင်၏လက်ကို ဆုပ်ကိုင်ထားစဉ် နွေးထွေးစွာ ဆက်ဆံမှုကို ပြသခဲ့သည်။

ထို့အတွက် မေးခွန်းများစွာပေါ်လာပြီး တရုတ်သမ္မတအနေဖြင့် ထိုသို့ ဘာကြောင့်ပြောင်းလဲလာရသနည်းဆိုသည့် မေးခွန်းက များခဲ့သည်။သို့သော် မေးခွန်းတစ်ခုကရှိသည်။ထိုမေးခွန်းက ဘိုင်ဒင်အနေဖြင့် တရုတ်အပေါ် မည်သို့ကြောင့် ရုတ်ချည်းလိုလားလာနေရသနည်းဆိုသည့် မေးခွန်းဖြစ်သည်။ထိုအတွက် အဖြေသည် အမေရိကန်ပြည်တွင်း၌ ထောက်ခံမှုကျဆင်းနေမှုနှင့် သွယ်ဝိုက်သက်ဆိုင်နေမည်ဆိုသော ယူဆချက်ဖြစ်သည်။

ဘိုင်ဒင်အစိုးရအဖွဲ့က တရုတ်အပေါ် ယခုနှစ်အတွင်း စီးပွားရေးအရ ကန့်သတ်ပိတ်ဆို့မှုများ အရေးယူမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။တရုတ်ပြည်မှ အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၏ရင်းနှီးမြုပ်နှံမှုကို ရုပ်သိမ်းရန် တိုက်တွန်းခဲ့သည်။သို့သော် ပကတိမြေပြင်တွင် အမေရိကန်ကုမ္ပဏီကြီးများနှင့် ကမ္ဘာ့ကုမ္ပဏီကြီးများက ကြီးမားပြီး အလားအလာကောင်းနေသည် တရုတ်စျေးကွက်ကို မစွန့်လွှတ်ကြချေ။ထို့ကြောင့် ရွေးကောက်ပွဲ နီးလာသည့်အခါ ပြည်တွင်းစီးပွားရေး တည်ငြိမ်ရန်နှင့် စီးပွားရေးကောင်းရန်အတွက် နိုင်ငံရေးတည်ငြိမ်မှုရှိရန် ပြန်လည်ကြိုးပမ်းလာခြင်းအဖြစ် ရှုမြင်ကြသည်။

သို့သော် ဘိုင်ဒင်၏ မူဝါဒအလွဲနှင့် ထရမ့်၏ မူဝါဒအလွဲမှာ သူမသာ ကိုယ်မသာဖြစ်သဖြင့် လာမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် သမ္မတအပြောင်းအလဲရှိရုံဖြင့် အမေရိကန်၏မူဝါက ပြောင်းလဲလာဖွယ်မမြင်။

ဆိုလိုသည်မှာ အမေရိကန်ပြည်သူများအနေဖြင့် ကမ္ဘာတစ်လွှား စစ်ပွဲများအတွက် ကုန်ကျစရိတ်ကို ဆက်၍ ကျခံနေရဦးမည်ဆိုသည့် အချက်ဖြစ်သည်။

လင်းသစ်အောင်