【 နိုင်ငံတကာဆောင်းပါး 】 ဂျပန်၏ နျူကလီးယားညစ်ညမ်းရေ ထုတ်လွှတ်မှု ဘာတွေဖြစ်လာမလဲ ?

【 နိုင်ငံတကာဆောင်းပါး 】 ဂျပန်၏ နျူကလီးယားညစ်ညမ်းရေ ထုတ်လွှတ်မှု ဘာတွေဖြစ်လာမလဲ ?

ဖူကူရှီးမားကျွန်း နျူကလီးယားညစ်ညမ်းရေကို ပင်လယ်ထဲသို့ သြဂုတ်လ ၂၄ ရက်နေ့တွင် စတင်စွန့်ပစ်မည်ဟု ဂျပန်အစိုးရက ကြေညာခဲ့သည်။

ထိုသို့ကြေညာသည့် သြဂုတ် ၂၂ ရက်တွင်ပင် တိုကျိုမြို့ရှိ ဂျပန်ဝန်ကြီးချုပ် အိမ်တော်ရှေ့၌ ဂျပန်ပြည်သူများစွာက ဖူကူရှီးမား နျူကလီးယားညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်မှုအတွက် မကျေနပ်ကြောင်း ဆန္ဒဖော်ပြခဲ့ကြသည်။

ဂျပန်နိုင်ငံ Miyagi ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက နျူကလီးယားညစ်ညမ်းရေကို ပင်လယ်ထဲသို့ စွန့်ပစ်ခြင်းကို နားမလည်နိုင်ကြောင်း၊ ဂျပန်နိုင်ငံ၏ ငါးဖမ်းလုပ်ငန်းသည် အမှန်တကယ်ထိခိုက်ခံနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖူကူရှီးမားရှိ ဒေသခံငါးဖမ်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့များ၊ ကျွမ်းကျင်ပညာရှင်များအပါအဝင် ဘက်အသီးသီးတို့မှ ရရှိခဲ့သည့် သဘောတူညီမှုမှာ ဂျပန်အစိုးရနှင့် တိုကျိုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီတို့က ဖူကူရှီးမား ငါးဖမ်းလုပ်သားများအဖွဲ့များကြား ထားရှိသည့် ကတိကဝတ်များကို လိုက်နာနိုင်ရန် မျှော်လင့်ခြင်းဖြစ်ကြောင်း ဆိုသည်။

ယခုကန့်ကွက်ခြင်းသည် ကာယကံရှင် ဂျပန်တွင်သာမဟုတ်။ဂျပန်နှင့် ရေကြောဆက်နေသည့် တောင်ကိုရီးယား၊ တရုတ်တို့မှ ဒေသခံများလည်း ပါဝင်သည်။

နျူကလီးယားညစ်ညမ်းရေကို ပင်လယ်ထဲစွန့်ပစ်သည်ကို ဒေသတွင်းနိုင်ငံများကလည်း အပြင်းအထန် ကန့်ကွက်ခဲ့သည်။စွန့်ပစ်မှုအပေါ် ကန့်ကွက်မှုမှာ အစိုးရထက် အများပြည်သူက ယခုဖြစ်စဉ်တွင် ပို၍ ပြင်းပြင်းထန်ထန် ကန့်ကွက်ခြင်းဖြစ်ရာ နိုင်ငံရေးထက် ရေရှည် အများပြည်သူကို ထိခိုက်စေနိုင်သည်ဆိုသော အကျိုးသက်ရောက်မှုက ပစိဖိတ်ဒေသနိုင်ငံများကို ခြိမ်းခြောက်နေခြင်း ဖြစ်နိုင်ပေသည်။     

ပြည်တွင်း၊ ပြည်ပ ကန့်ကွက်မှု ပြင်းထန်ရလောက်အောင်ပင်  ဖူကူရှီးမားကျွန်း နျူကလီးယားဓာတ်အားပေးစက်ရုံမှ စွန့်ထုတ်မည့် ညစ်ညမ်းရေ၏ ဆိုးကျိုးမှာ များပြားလှသည်။နျူကလီးယားရေဆိုးဆိုသည်မှာ မြို့တွင်း လမ်းများမှ မုန်တိုင်းကြောင့် ရေမြောင်းများထဲသို့ စီးဝင်သည့် ရေဆိုးအမျိုးအစားမဟုတ်။လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သော ဂျပန်နိုင်ငံ ဖူကူရှီးမား၊ ဒိုင်အိချီ နျူကလီးယားဓာတ်အားပေးစက်ရုံရှိ ပျက်စီးသွားသော ဓာတ်ပေါင်းဖိုများကို အအေးပေးရာတွင် အသုံးပြုသည့် နျူကလီးယားစွန့်ပစ်ရေကို သန့်စင်ထားသည့် ရေဖြစ်သည်။ထိုရေထဲတွင် ထရီတီယမ်ဟုခေါ်သော ရေဒီယိုသတ္တိကြွအိုင်ဆိုတုပ်နှင့် အခြားရေဒီယိုသတ္တိကြွအမှုန်များပါဝင်ပြီး ထိုသည်ကို အဘက်ဘက်က စစ်ထားသဖြင့် ဘေးကင်းသည်ဟု ဂျပန်က အခိုင်အမာဆိုသည်။ယခုစွန့်ပစ်မည့် ရေမှာ သောက်သုံးရန် လုံလုံလောက်လောက် အန္တရာယ်ကင်းသည်ဟု ဂျပန်ခေါင်းဆောင်များက ပြောခဲ့သည်။

ထိုပြောဆိုချက်ကို တောင်ကိုရီယားအတိုက်အခံခေါင်းဆောင်က လှောင်ပြောင်တုံ့ပြန်ခဲ့ပြီး “သောက်ဖို့ လုံလုံလောက်လောက် စိတ်ချရရင် သောက်ရေအဖြစ် သုံးသင့်တယ်” ဟု မေ ၁၅ ရက်က ပြောကြားခဲ့သည်။  

ထိုမျှ ပြဿနာတက်နေသည့် ရေဆိုးသည် ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်က  ဂျပန်နိုင်ငံ၊ အရှေ့ဘက်ကမ်းရိုးတန်းတွင် ပြင်းအား ၉ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် ဆူနာမီလှိုင်းနှစ်ခု နျူကလီးယားစက်ရုံသို့ ဝင်ရောက်ခဲ့တာကနေ စသည်။ထိုဆူနာမီကြောင့် ဖူကူရှီးမား၊ ဒိုင်အိချီ နျူကလီးယားဓာတ်အားပေးစက်ရုံရှိ ဓာတ်ပေါင်းဖိုသုံးလုံး အရည်ပျော်ကျခဲ့သည်။ထိုအခါ အော်ပရေတာများက အရည်ပျော်လောင်စာများကို အေးခဲစေရန် ပင်လယ်ရေကို ၎င်းတို့ထဲသို့ စုပ်ယူထည့်ကြတော့သည်။ထိုမှ ၁၂ နှစ်ကျော်ကြာပြီးနောက် အအေးခံခြင်းလုပ်ငန်းစဉ်ကို ဆက်လက်လုပ်နေရသောကြောင့် စက်ရုံသည် နေ့စဉ် ညစ်ညမ်းရေ တန်ချိန် ၁၃၀ ကျော်ကို ထုတ်လုပ်ပေးနေရသည်။

မတော်တဆမှုဖြစ်ပွားပြီးကတည်းက နျူကလီးယားစွန့်ပစ်ရေ တန်ချိန် ၁.၃ သန်းကျော်ကို စက်ရုံရှိ တိုင်ကီများဖြင့် ကွင်းတစ်ခုတွင် စုဆောင်း၊ သန့်စင်ပြီး သိမ်းဆည်းခဲ့သည်။ထိုရေပမာဏသည် ယခုအခါ အိုလံပစ်ရေကူးကန် ၅၀၀ ကျော် ပမာဏရှိသည့် ရေတွေဖြစ်လာပြီး ဆက်လက်ထားရန် ခက်ခဲလာခဲ့သည်။ထိုအခါ ပစိဖိတ်သမုဒ္ဒရာထဲသို့ ညစ်ညမ်းရေများကို စတင်ဖောက်ချခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ဟုဆိုကာ ပစိဖိတ်သမုဒ္ဒရာထဲ ဖောက်ချရန် ကြိုးစားလာခြင်းဖြစ်သည်။သို့သော် တရုတ်နှင့် ရုရှားတို့က ရေကို အငွေ့ပြန်ကာ လေထုထဲသို့ ထုတ်လွှတ်ရန် အကြံပြုထားသည်။ထိုသို့ သမုဒ္ဒရာဖောက်ချခြင်းသည် မျိုးဆက်များကြာရှည်မည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး မြောက်အမေရိကအထိ ဂေဟစနစ်များကို ထိခိုက်နိုင်သည်ဟု အိမ်နီးချင်းနိုင်ငံများနှင့် အခြားပညာရှင်များက ဆိုသည်။

ပစိဖိတ်သမုဒ္ဒရာထဲ နျူကလီးယားစွန့်ပစ်ရေ တန်ချိန် ၁.၃ သန်းကျော် စွန့်ပစ်ခြင်းကို တရုတ်အကြီးတန်းအရာရှိတစ်ဦးက “လူသားအားလုံးအတွက်” အန္တရာယ်ဟု မကြာသေးမီကခေါ်ဆိုခဲ့ပြီး ဂျပန်သည် ပစိဖိတ်သမုဒ္ဒရာကို “ရေဆိုးမြောင်း” ကဲ့သို့ အသုံးပြုခဲ့သည်ဟု ပြောခဲ့သည်။

ကျွန်းနိုင်ငံပေါင်း ၁၈ နိုင်ငံကို ကိုယ်စားပြုသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ပစိဖိတ်ကျွန်းများဖိုရမ်၏ အကြီးအကဲက ယင်းသို့စွန့်ချမည် အကြံအစည်ကို ပန်ဒိုရာ၏ သေတ္တာဖွင့်ခြင်းဟု အမည်ပေးခဲ့သည်။

ထိုပြဿနာသည် ယခုအခါ တရုတ်၊ တောင်ကိုရီးယား စသည့် ဂျပန်အိမ်နီးချင်းနိုင်ငံများနှင့်သာ သက်ဆိုင်သော ပြဿနာမဟုတ်တော့။ယင်းစွန့်ပစ်ခြင်းကြောင့် ပစိဖိတ်သမုဒ္ဒရာတစ်ခုလုံးကို ရေဒီယိုသတ္တိကြွနိုင်သော အန္တရာယ်ရှိသော ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ်များ သယ်ဆောင်လာနိုင်စေကြောင်း စိုးရိမ်မှုများ အမေရိကန်သိပ္ပံပညာရှင်များတွင် မြင့်တက်လာသည်။

စီစဉ်ထားသော ရေဆိုးထုတ်လွှတ်မှုမှ ရေဒီယိုသတ္တိကြွဒြပ်စင်များသည် သမုဒ္ဒရာတစ်ခွင်သို့ တစ်ဖန်ပျံ့နှံ့နိုင်သည်ဟု ဆိုသည်။ရေဒီယိုနျူကလိယများကို သမုဒ္ဒရာရေစီးကြောင်းများ အထူးသဖြင့် ပစိဖိတ်ဖြတ်ကျော် Kuroshio ရေစီးကြောင်းမှ သယ်ဆောင်နိုင်သည်။အဆိုပါရေများကို ဂျပန်အရှေ့မြောက်ဘက် ကမ်းလွန်ပင်လယ်ပြင်သို့ တစ်ရက်လျှင် အများဆုံး လီတာ ၅၀၀,၀၀၀ (အမေရိကန်ဂါလံ ၁၃၂,၀၀၀) နှုန်းဖြင့် ယနေ့ သြဂုတ် ၂၄ ရက်တွင် ဖောက်ချမည်ဖြစ်သည်။

ကုလသမဂ္ဂအေဂျင်စီက ကျောထောက်နောက်ခံပြုမှုဖြင့် ပင်လယ်ထဲ ဘေးကင်းစွာ ဖြည်းဖြည်းချင်းထုတ်လွှတ်မည့် ရေတန်ချိန် ၁.၃၄ သန်းကို ထရီတီယမ်မှလွဲ၍ ရေဒီယိုသတ္တိကြွပစ္စည်းများအားလုံးကို ဖယ်ရှားရန် ရေကိုဖျော်ပြီး စစ်ထုတ်ထားကြောင်း ဂျပန်က ဆိုသည်။သို့သော်  ကုလသမဂ္ဂ အဏုမြူစောင့်ကြည့်ရေးအဖွဲ့က လူနှင့် ပတ်ဝန်းကျင်အပေါ် သေးငယ်သော ဓာတ်ရောင်ခြည်ဆိုင်ရာ သက်ရောက်မှုများရှိလိမ့်မည်ဟု ဆိုသည်။

ယခုအစီအစဉ်ကို နျူကလီးယားနှင့်ပတ်သက်လျှင် သမိုင်းဆိုးကို ခါးစည်းခံထားရသော ဂျပန်ပြည်သူများနှင့် အိမ်နီးချင်းတိုင်းပြည်များမှ ပြည်သူအချို့က ကြောက်လန့်တကြား တုံ့ပြန်ကြသည်။ထိုအစီအစဉ် စတင်အသံထွက်လာသည့် ဇူလိုင်လကပင် ပင်လယ်ဆားအပါအဝင် အိမ်သုံးပင်လယ်ထွက်ပစ္စည်းများကို အလုအယက်ဝယ်ယူ စုဆောင်းခဲ့ကြသည်။

ဖူကူရှီးမားဒေသခံ ငါးဖမ်းသမားများမှာ ညစ်ညမ်းရေထုတ်လွှတ်ပြီးနောက် ပျက်စီးသွားမည့် ငါးဖမ်းလုပ်ငန်းအတွက် သောကရောက်နေသလို ဂျပန်ရေထွက်ကုန်နှင့် ထိုဒေသတစ်ဝိုက် နျူကလိယဓာတ်သတ္တုကြွမှုကြောင့် ငါးအပါအဝင် ရေနေသတ္တဝါများ မျိုးဗီဇဖောက်ပြန်လာမှုကို စိုးရိမ်နေကြသည်။  ထိုသည်မှာ အကြောင်းမဲ့စိုးရိမ်ခြင်းတော့ မဟုတ်ပေ။ထင်ရှားသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့ဖြစ်သည့်  Greenpeace အဖွဲ့က ရေစစ်ထုတ်ခြင်းလုပ်ငန်းစဉ်သည် ချို့ယွင်းချက်ရှိပြီး ကြီးမားသော ဒြပ်သတ္တုကြွပစ္စည်းပမာဏသည် လာမည့် ဆယ်စုနှစ်များအတွင်း ပင်လယ်ထဲသို့ ပြန့်ကျဲသွားမည်ဟု သတိပေးထားရာ ထိုအချိန်မှဆိုလျှင် လူများအတွက် များစွာနောက်ကျသွားမည်ဖြစ်သည်။

ထို့ကြောင့် သမုဒ္ဒရာထဲ စွန့်ပစ်မည်ဟု ကြေညာသည့် သြဂုတ် ၂၂ ရက်တွင် တရုတ် ဒု-နိုင်ငံခြားရေးဝန်ကြီးက ဂျပန်အစိုးရသည် တရုတ်နိုင်ငံအပါအဝင် အနီးပတ်ဝန်းကျင်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ နျူကလီးယားညစ်ညမ်းမှုအန္တရာယ်ကို ပြောင်ပြောင်တင်းတင်း လွှဲပြောင်းပေးခြင်းဟု ပြောခဲ့ခြင်းဖြစ်သည်။ယင်းအတွက် တရုတ်နိုင်ငံသည် ပြင်းပြင်းထန်ထန် ကန့်ကွက်ပါကြောင်း၊ ဂျပန်က ဇွတ်အတင်းပြုလုပ်ပါက တရုတ်အစိုးရသည် လိုအပ်သောဆောင်ရွက်ချက်များကိုပြုလုပ်ပြီး ပင်လယ်ပတ်ဝန်းကျင်၊ အစားအစာဘေးကင်းခြင်းနှင့် လူအများ၏ ကျန်းမာရေးကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်မည်ဟု သတိပေးခဲ့သည်။ထို့ပြင် ဂျပန်သံအမတ်ကို တရုတ်ဘက်က ဆင့်ခေါ်ခဲ့သည်။

စွန့်ပစ်မှုမကြေညာခင်ကပင် ပေကျင်းသည် ဂျပန်စီရင်စု ၄၇ ခုအနက် ၁၀ ခုမှ အစားအသောက်တင်သွင်းမှုကို တားမြစ်ခဲ့ပြီး ဓာတ်ရောင်ခြည်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ဟောင်ကောင်နှင့် မကာအိုတို့လည်း ထိုအတိုင်း ကျင့်သုံးခဲ့သည်။ပေကျင်းနှင့် ဟောင်ကောင်ရှိ ဆူရှီနှင့် ဆာရှိမီ ဝန်ဆောင်မှုပေးသည့် စားသောက်ဆိုင်များသည် ထိုကန့်သတ်ချက်များကြောင့် နောက်ပြန်ဆုတ်နေရပြီဖြစ်သည်။

တရုတ်နှင့် တောင်ကိုရီးယားရှိ ဆိုရှယ်မီဒီယာများတွင် ရေးသားဖော်ပြမှုများတွင် ဖူကူရှီးမားနှင့်ဆက်နွယ်သည်ဟုဆိုထားသော ပုံပျက်ငါးများက ပြန့်နှံ့နေသည်။ဒေသတွင်းတစ်ဝိုက် စားသုံးနေသည့် ဆူရှီငါးနှင့် ပင်လယ်စာထုတ်ကုန်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ဂျပန်ကလာခြင်းဖြစ်ရာ ဂျပန်ပင်လယ်စာလုပ်ငန်းမှာ လတ်တလောတွင် ပြိုလဲသွားနိုင်ပေသည်။

သို့ဖြစ်ရာ အသွားနှစ်ဖက်ဖြစ်နေသည့် နျူကလီးယားရေဆိုးထုတ်လွှတ်မှုအပေါ် ဂျပန်၏အစီအစဉ်သည် လူဦးရေနှစ်ဘီလျံနီးပါးရှိသည့် ဒေသတွင်းအစာကွင်းဆက်နှင့် ကျန်းမာရေးအတွက် ရေရှည်ခြိမ်းခြောက်မှုသဖွယ် ဖြစ်လာတော့မည်ဖြစ်လေသည်။

လင်းသစ်အောင်