【 နိုင်ငံတကာဆောင်းပါး 】 ဂျပန် နျူကလီးယား ရေဆိုးသက်ရောက်မှု .. စပြီလား

【 နိုင်ငံတကာဆောင်းပါး 】 ဂျပန် နျူကလီးယား ရေဆိုးသက်ရောက်မှု .. စပြီလား

ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးကမ်းရိုးတန်းမှာ ဒီရက်ပိုင်း သေဆုံးနေတဲ့ ငါးတွေ တွေ့ရှိတဲ့ သတင်းက နိုင်ငံတကာက သဘာ၀ပတ်ဝန်းကျင်သမားတွေကြား သတိထားမိတဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။
 
မတ် ၂၀ ရက်က စတွေ့တာဖြစ်ပြီး ငါးအသေ မျောပါလာမှုမှာ ၇ ကီလိုမီတာအထိရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ထိုသို့ဖြစ်ရပ်မှာ အဆိုပါဒေသအတွက် နှစ် ၄၀ ကျော်အတွင်း ပထမဆုံးဖြစ်ရပ်ဖြစ်ကာ ထိတ်လန့်ခဲ့ကြကြောင်းဆိုသလို သက်ဆိုင်ရာက ရှင်းလင်းရေးမလုပ်ခင် ငါးအသေများများကို မထိတွေ့စေရန် ညွှန်ကြားခဲ့ရကြောင်း ဆိုသည်။
 
ဂျပန်ပင်လယ်ပြင်ထဲ အဆိပ်သင့်မှုကြောင့်ဖြစ်သည်လား၊ ယခုနှစ်ဖြစ်နေသည် အယ်လ်နီညိုဖြစ်စဉ်များ သက်ရောက်မှုကြောင့်လားဆိုသည်ကို မသဲကွဲသော်လည်း ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ နျူကလီးယား ညစ်ညမ်းသောရေ (NCW) စွန့်ပစ်မှုကို စတင်အကောင်အထည်ဖော်ခဲ့ပြီးကတည်းက ပင်လယ်နှင့်ပတ်သက်လာလျှင် သတိကြီးစွာထားနေသူများအတွက် ယင်းဖြစ်ရပ်မှာ အန္တရာယ်ခေါင်းလောင်းသံ ဖြစ်လာနေသည်။
 
ထိုစဉ်က တရုတ်နိုင်ငံသားများအတွက် ဂျပန်မှ တင်သွင်းသည့် အစားအစာများ ဘေးကင်းစေရန်အတွက် ဂျပန်နိုင်ငံမှ ပင်လယ်စာတင်သွင်းမှုကို ရပ်ဆိုင်းလိုက်ခြင်းကို မည်သည့်နိုင်ငံက မှ မတရားဟု မပြောခဲ့ပေ။ထိုသည်မှာ ကိုယ်အင်္ဂါချို့တဲ့ခြင်းနှင့် ကင်ဆာကဲ့သို့ ဆင့်ပွားနှင့် မျိုးဆက်အထိလိုက်ကာ ကာလရှည်ရောဂါများ ဖြစ်လာနိုင်ခြင်းကြောင့်ဖြစ်သည်။
 
ဆူနာမီကြောင့် ပျက်သွားခဲ့သော ဖူကူရှီးမား ဒိုင်အိချိနျူကလီးယား ဓာတ်အားပေးစက်ရုံမှ ရေဆိုးများအား ပင်လယ်ထဲသို့ စွန့်ပစ်မှုသည် ဆယ်စုနှစ်များစွာကြာမည့် အငြင်းပွားဖွယ်ရာ သဘာ၀ပတ်ဝန်းကျင်ပြဿနာဖြစ်လာခဲ့ပြီဖြစ်သည်။ထိုသို့ ပင်လယ်ထဲ ရေဒီယိုသတ္တုကြွရေဆိုး ထုတ်လွှတ်မည်ဆိုကတည်းက ပြဿနာများစွာတက်ခဲ့သည်။
 
ထိုသဘာ၀ပတ်ဝန်းကျင်ဘေးဆိုး ကျရောက်နိုင်သည့် ပြဿနာအပေါ် အစဉ်တစ်စိုက် ဂရုစိုက်နေသည်မှာ ကြီးမားသော ရေပြင်ဧရိယာပိုင်ဆိုင်ကာ ဂျပန်နှင့် အိမ်နီးချင်း တရုတ်နိုင်ငံဖြစ်သည်။
 
ပြီးခဲ့သည့် မတ်လ ၄ ရက်က ဩစတြီးယားနိုင်ငံ၊ ဗီယင်နာတွင် ကျင်းပခဲ့သည့် IAEA ညီလာခံတွင် တရုတ်ကိုယ်စားလှယ်က ဂျပန်နိုင်ငံ၏ နျူကလီယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှ စွန့်ပစ်ရေများကို သမုဒ္ဒရာအတွင်းသို့ စွန့်ပစ်ခြင်းအပေါ် နိုင်ငံတကာ၏ ကြီးကြပ်ကွပ်ကဲမှု အားကောင်းစေရန် တောင်းဆိုခဲ့သည်။
 
ထိုတင်ပြမှုတွင် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုများကို ဂရုမစိုက်ဘဲ ဂျပန်နိုင်ငံသည် ယခုအချိန်အထိ နျူကလီးယား ညစ်ညမ်းသော ရေဆိုး တန်ချိန် ၂၃,၀၀၀ ကျော်ကို သမုဒ္ဒရာထဲသို့ မထင်မရှား စွန့်ပစ်ခဲ့ပြီး ပြီးခဲ့သောအပတ်က စတုတ္ထအကြိမ် ရေဆိုးထုတ်လွှတ်မှုကို စတင်ခဲ့ကြောင်း ပြောခဲ့သည်။
 
ဂျပန်နိုင်ငံ၏ ရေဆိုးထုတ်လွှတ်မှုသည် ကမ္ဘာပေါ်တွင် နျူကလီးယားညစ်ညမ်းမှု အန္တရာယ်ကို ခြိမ်းခြောက်နေသည့် မကြုံစဖူး လှုပ်ရှားမှုတစ်ခုဟု တရုတ်ကိုယ်စားလှယ်က ပြောခဲ့ပြီး မကြုံစဖူး ယိုဖိတ်မှု လွှမ်းမိုးမှုသည် ဂျပန်နိုင်ငံ၏ ပိုင်နက်နယ်မြေနှင့် တရားစီရင်ပိုင်ခွင့်ကို ကျော်လွန်၍ ကျယ်ပြန့်လာကာ ယင်းမှာ နိုင်ငံတစ်နိုင်ငံ၏ ပုဂ္ဂလိက ကိစ္စမဟုတ်တော့ကြောင်း ပြောခဲ့သည်။ထို့ကြောင့် တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံ၏ ရေဆိုးထုတ်လွှတ်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး နျူကလီးယားရေ စွန့်ပစ်မှုကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။
 
ထိုတောင်းဆိုမှုသည့် IAEA ကို အသုံးပြုကာ ဂျပန်နိုင်ငံ၏ ရေဆိုးထုတ်လွှတ်မှုအစီအစဉ်အပေါ် တရုတ်နှင့် နိုင်ငံတကာအသိုက်အဝန်း၏ စိုးရိမ်ပူပန်မှုကို ဖော်ပြနေခြင်းဖြစ်သည်။ရေဆိုးထုတ်လွှတ်ခြင်းသည် ဂျပန်ပြည်တွင်း၌ပင် ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရသော အစီအစဉ်ဖြစ်သည်။ထိုအစီအစဉ်သည် ဖူကူရှီးမား၏ ငါးဖမ်းလုပ်ငန်းကို အပြင်းအထန် ထိခိုက်စေခဲ့သည်။
 
သို့သော် မတ် ၁၃ ရက်ကပြုလုပ်သော အစည်းအဝေးတွင် ကုလသမဂ္ဂ အဏုမြူအေဂျင်စီ အကြီးအကဲက ဒေသခံ ဂျပန်ကိုယ်စားလှယ်များအား ပျက်စီးနေသော နျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ထားသော ရေဒီယိုသတ္တိကြွ ရေဆိုးများကို ဆက်လက်ထုတ်လွှတ်ခြင်းသည် ဘေးကင်းရေးစံနှုန်းများနှင့် ကိုက်ညီပြီး ဒေသတွင်းမှ ထုတ်ကုန်များအပေါ် ကန့်သတ်ချက်များသည် သိပ္ပံနည်းကျမဟုတ်ကြောင်းပြောခဲ့ရာ ထိုဘေးဆိုးဖြစ်လာနိုင်မှုအပေါ် စိုးရိမ်နေသည့် နိုင်ငံများကို ဒေါသထွက်စေခဲ့သည်။
 
ရေဆိုး ထုတ်လွှတ်ခြင်းကြောင့် ဂျပန်မှထွက်ရှိသော ရေထွက်ပစ္စည်းအားလုံးကို တင်သွင်းခြင်းအား ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့ခြင်းကြောင့် ဂျပန်ပြည်ပပင်လယ်စာဈေးကွက်၏ ၂၂.၅ ရာခိုင်နှုန်းကို ခြိမ်းခြောက်ခဲ့သည်။ပြည်မကြီး၏ ဆုံးဖြတ်ချက်ကို ထောက်ခံသောအားဖြင့် ဟောင်ကောင်သည် ဖူကူရှီးမားနှင့် နီးစပ်သော စီရင်စု ၁၀ ခုမှ ပင်လယ်စာများ တင်သွင်းခြင်းကို တားမြစ်ခဲ့ပြီး ဂျပန်၏ ဒုတိယအကြီးဆုံး ပင်လယ်စာတင်ပို့ရာနေရာမှ ၀င်ငွေ၏ ၂၀ ရာခိုင်နှုန်းကို ထိခိုက်စေခဲ့သည်။
 
ရေဆိုး ထုတ်လွှတ်ခြင်းကြောင့် ဂျပန်ပင်လယ်စာများအပေါ် တရုတ်နိုင်ငံမှ တားမြစ်ပိတ်ပင်မှုသည် ဟော့ကိုင်းဒိုးရှိ ဂုံးကောင်တင်ပို့သူများကို ထိခိုက်စေခဲ့သည်။တိုကျိုသည် လျော်ကြေးငွေနှင့် အခြားသော ပံ့ပိုးကူညီမှုများ အပါအဝင် အခြားသော ပို့ကုန်လမ်းကြောင်းများကို ရှာဖွေရန် စီမံချက်များအပါအဝင် ယန်း ၁၀၀ ဘီလီယံ (ဒေါ်လာ သန်း ၆၈၀) ကျော် ရန်ပုံငွေ လျာထားခဲ့ရသည်။
 
ဂျပန်၏လုပ်ရပ်ကို တရုတ်တစ်နိုင်ငံတည်း အပြင်းအထန် ကန့်ကွက်နေခြင်း မဟုတ်ပေ။တောင်ကိုးရီးယား ဂေဟဗေဒ တက်ကြွလှုပ်ရှားသူတွေဟာ ဂျပန်သံရုံးမှာ စခန်းချခဲ့ပြီး ငါးဖမ်းအဖွဲ့အစည်း ၂၅ ဖွဲ့က အသနားခံစာ လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည်။တောင်ကိုရီးယားလူမျိုးများသည် ဂျပန်ပင်လယ်စာ စားသုံးရန် ငြင်းဆန်ခဲ့ကြသည်။ပြည်သူများ၏ ခံစားချက်အရ တောင်ကိုရီးယားသည် ဖူကူရှီးမားအနီးတစ်ဝိုက်ရှိ စီရင်စုများမှ ပင်လယ်စာများ စားသုံးခွင့်ကို ပိတ်ပင်ထားရသည်။
 
တရုတ်၊ မကာအို နှင့် ဟောင်ကောင်တို့ အတူတကွ အကောင်အထည်ဖော်ခဲ့သော ပင်လယ်စာတားမြစ်ချက်သည် ဂျပန်နိုင်ငံ နှင့် ကမ္ဘာ့ကုန်သွယ်မှု၏ ၁ ရာခိုင်နှုန်းအောက်သာရှိခဲ့သော်လည်း ဂျပန်နိုင်ငံ၏ စုစုပေါင်းပို့ကုန်ဈေးကွက်အပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့ရာ ဂျပန်ငါးဖမ်းသမဝါယမများပါ ရေဆိုးထုတ်လွှတ်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။
 
တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံ၏ စွန့်ထုတ်မှုကို ဝေဖန်သည့် တစ်ခုတည်းသော နိုင်ငံမဟုတ်သော်လည်း ၎င်းသည် အကျယ်လောင်ဆုံးဝေဖန်ကန့်ကွက်နေသည့် နိုင်ငံဖြစ်သည်။
 
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုလုပ် ရပ်ကြောင့် ဂျပန်နိုင်ငံကို “ဂေဟစနစ် ပျက်ပြားစေပြီး ကမ္ဘာ့အဏ္ဏဝါပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည်” ဟု ခေါ်ဆိုခဲ့သည်။ကျန်းမာရေးနှင့် သိပ္ပံပညာအတွက် တရားဝင်သော စိုးရိမ်စရာမဟုတ်ပါက၊ ပေကျင်းသည် ဂျပန်ကို ယခုထိ ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်မည် မဟုတ်ဟု ပညာရှင်အချို့က ယူဆထားကြသည်။
 
အထူးသဖြင် သမုဒ္ဒရာထဲ စီးဆင်းနေသည့် သမုဒ္ဒရာရေစီးကြောင်း စီးဆင်းမှု ရှုထောင့်ကနေကြည့်ပါက တရုတ်နိုင်ငံမှာ နောက်ဆုံးထိခိုက်ခံရမည့် နိုင်ငံအဖြစ် အခိုင်အမာယူဆထားသည်ကို အမေရိကန်မီဒီယာအချို့က ဖော်ပြထားသည်။
 
ထိုသို့ ဂျပန်၏ နျူကလီးယား စွန့်ပစ်ရေဆိုး ထုတ်လွှတ်မှုအပေါ် တရုတ်ဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်နေခြင်းသည် နိုင်ငံရေးထက် ရေရှည်တွင် လူသားမျိုးနွယ်ထိခိုက်လာနိုင်မှုကို ဦးတည်ကာ ရပ်ခံကာကွယ်နေခြင်းဖြစ်သည်။
 
မကြာမီကဖြစ်ခဲ့သော ဟော့ကိုင်းဒိုးကမ်းရိုးတန်းပေါ်က ငါးများသေဆုံးမှုသည် ထိုနျူကလီးယားရေဆိုးနှင့် ဆက်နွယ်မှုမရှိပါက ပြဿနာမဟုတ်သော်လည်း အကယ်၍ ဆက်နွယ်နေသည်ဆိုပါက ရှင်းရခက်နိုင်မည်ဖြစ်သည်။ထိုသည်မှာ သမုဒ္ဒရာထဲရောက်သွားကာ ပျော်ဝင်သွားသည့် ရေဒီယိုအိုင်ဆိုတုပ်များကို မည်သည့်နည်းနှင့်မျှ ပြန်လည်ဆယ်ယူရန် မဖြစ်နိုင်တော့သောကြောင့်ဖြစ်သည်။
 
ထိုသည်မှာ တရုတ်က စိုးရိမ်နေသော ဘေးဆိုးဖြစ်ပြီး ခြေလက်မစုံသော ကလေးများနှင့် ပုံဆန်းရေသတ္တဝါများ ပေါ်ထွက်လာနိုင်ခြင်း ဘေးမျိုးကိုဖြစ်သည်။
 
စိုးငြိမ်း