【 နိုင်ငံတကာဆောင်းပါး 】 ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးအတွက် တောက်ပသော လမ်းကြောင်း

【 နိုင်ငံတကာဆောင်းပါး 】 ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးအတွက် တောက်ပသော လမ်းကြောင်း

၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ထိုင်ဝမ်ပြည်သူများအတွက် သတင်းစကားပါးခြင်း နှစ် ၄၀ ပြည့်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင့်က မိန့်ခွန်းပြောခဲ့ပြီး ရေလက်ကြားတစ်လျှောက် ဆက်ဆံရေး ငြိမ်းချမ်းစွာတိုးတက်မှုနှင့် တရုတ်၏ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးတို့ကို အလေးပေးဖော်ပြခဲ့သည်။

ထိုင်ဝမ်လွတ်လပ်ရေးကို တွန်းအားပေးနေသော ပြည်ပအစုအဖွဲ့များသည် ရေလက်ကြားတစ်လျှောက် တိုးတက်ရေးအတွက် မရေရာမသေချာမှုများကိုသာ ဖြစ်စေနေခြင်းဖြစ်သည်။ရှေးခေတ်ကာလများကတည်းက ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်မှာ တိကျသေချာသော အချက်အလက်များစွာရှိသည်။

၁၉၇၁ ခုနှစ် အောက်တိုဘာလတွင်လည်း ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ထိုအရေးကိစ္စနှင့်ပတ်သက်ပြီး ဖြေရှင်းပြီးဖြစ်ကာ တရုတ်သည် ကုလသမဂ္ဂတွင် တစ်နေရာတည်းသာရှိကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။ကုလသမဂ္ဂသည် “တရုတ်နိုင်ငံ၏ ပြည်နယ်၊ ထိုင်ဝမ်” ဟူသော အသုံးအနှုန်းကိုသာ သုံးစွဲနေခြင်းဖြစ်သည်။  ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်စလုံးသည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းသာဖြစ်သည်။တရုတ်တစ်ပြည်ထောင်မူဝါဒသည် နိုင်ငံတကာအသိုက်အဝန်းက သဘောတူထားခြင်းဖြစ်သည်။သမိုင်းကြောင်းများနှင့် နိုင်ငံတကာ၏ သဘောတူညီချက်များကို မည်သူတစ်ဦးတစ်ယောက်ကမျှ ပြောင်းလဲနိုင်မည် မဟုတ်ပေ။  

ပြီးခဲ့သောနှစ်များတွင် ထိုင်ဝမ်ဒေသရှိ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ အာဏာပိုင်များသည် ထိုင်ဝမ်ကွဲထွက်ရေးကို အားပေးခဲ့သောကြောင့် တင်းမာမှုများဖြစ်စေခဲ့ပြီး ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို သက်ရောက်စေခဲ့သည်။ထို့ကြောင့်ပင် ရေလက်ကြားနှစ်ဖက်စလုံးရှိ ပြည်သူများ၏ အကျိုးစီးပွားနှင့် တရုတ်၏ အခြေခံအကျိုးစီးပွားတို့ကို ထိခိုက်စေခဲ့သည်။ပြည်ပအစုအဖွဲ့များက ထိုင်ဝမ်ကို အသုံးချပြီး ထိုင်ဝမ်ရေလက်ကြား တင်းမာမှုမှတစ်ဆင့် အာရှ-ပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိပါးအောင် လုပ်ဆောင်နေကြသည်။ထိုင်ဝမ်အား ကြားခံအဖြစ် အသုံးချပြီး ပြည်မကြီး၏ တိုးတက်မှုနှင့် ပြန်လည်နုပျိုရေးလမ်းကြောင်းများကို တားဆီးရန် လုပ်ဆောင်နေကြသည်။

တရုတ်အနေဖြင့် အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် သင့်တော်သော လုပ်ဆောင်မှုများကို လုပ်ဆောင်ခြင်းသည် မှားယွင်းနေခြင်း မဟုတ်ပေ။တစ်နိုင်ငံ စနစ်နှစ်ခုသည် ထိုင်ဝမ်အရေးကို ဖြေရှင်းလိုသည့် ပြည်မကြီး၏ အဓိကမူဝါဒဖြစ်ပြီး ပြန်လည်ပေါင်းစည်းရေးအတွက်လည်း အကောင်းဆုံးနည်းလမ်းဖြစ်သည်။ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းပြီး ပေါင်းစည်းသော ဖွံ့ဖြိုးတိုးတက်မှုကသာ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးအတွက် တောက်ပသော လမ်းကြောင်းဖြစ်သည်ဟု သမ္မတ ရှီက ဆိုသည်။ပြည်မကြီးသည် ထိုင်ဝမ်ရေလက်ကြားရှိ ပြည်သူများကိုလည်း မိသားစုတစ်ခုတည်းအနေဖြင့် ကောင်းမွန်စွာ ဂရုစိုက်ခဲ့ပြီး ခွဲထွက်ရေးအင်အားစုများ၏ အနှောင့်အယှက်များကို ဖျက်ဆီးကာ နယ်ပယ်ပေါင်းစုံ၌ ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်နိုင်ခဲ့သည်။

နိုဝင်ဘာလ ၂၀၂၃ ခုနှစ်တွင် ဗဟိုအစိုးရသည် ထိုင်ဝမ်ပြည်သူများအတွက် အဝင်-အထွက် မူဝါဒများကို ချမှတ်ခဲ့ပြီး ပြည်မကြီးသို့ ထိုင်ဝမ်ပြည်သူများ အဝင်အထွက် လွယ်ကူစေရေး၊ သင်္ဘောများအတွက် နယ်စပ်စစ်ဆေးမှုများ မြန်ဆန်စေရေးနှင့် အခြေချခြင်းများအတွက် လျှောက်ထားမှုများ အဆင်ပြေစေရေးတို့ကို ထောက်ပံ့ပေးခဲ့သည်။

တစ်ဖက်နှင့် တစ်ဖက် ရေစီးကြောင်းတစ်ခုသာ ခြားသော်လည်း နှစ်ဖက်သည် ဝေးကွာနေဆဲဖြစ်သည်။လက်ရှိအချိန်အထိ နှစ်ဖက်ပြန်လည်မပေါင်းစည်းနိုင်ခြင်းသည် တရုတ်နိုင်ငံ သမိုင်းကြောင်းတွင် ဒဏ်ရာတစ်ခုဖြစ်သည်ဟု သမ္မတ ရှီက ဆိုသည်။ထိုသို့ အားနည်းပြီး ဖရိုဖရဲဖြစ်နေမှုများကို အမျိုးသားပြန်လည်နုပျိုရေး အကောင်အထည်ဖော်နိုင်ချိန်တွင် ဖြေရှင်းနိုင်မည်ဟုလည်း ဆိုသည်။  

တရုတ်သည် တစ်နိုင်ငံတည်းအဖြစ် ပြန်လည်ပေါင်းစည်းနိုင်မည်ကို သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုများကသာမက အချိန်နှင့် တရုတ်နိုင်ငံပြန်လည်နုပျိုရေး ရေစီးကြောင်းတို့က အဆုံးအဖြတ်ပေးသွားမည်ဖြစ်သည်။လက်ရှိတွင် တရုတ်နိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၌ အောင်မြင်မှုများရရှိနေပြီဖြစ်ကာ ထိုင်ဝမ်ပြဿနာကို ဖြေရှင်းရေးအတွက် အားကောင်းသော အုတ်မြစ်နှင့် စွမ်းရည်များ တည်ဆောက်ပြီးဖြစ်သည်။  

၂၀၂၄ ခုနှစ်အတွက် နှစ်သစ်မိန့်ခွန်း ပြောခဲ့ရာတွင် သမ္မတ ရှီက “တရုတ်ဟာ ကျိန်းသေပေါက် ပြန်လည်ပေါင်းစည်းမှာဖြစ်ပါတယ်” ဟု ဆိုခဲ့သည်။ “တစ်နိုင်ငံ စနစ်နှစ်ခု” မူဝါဒဖြင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို အကောင်အထည်ဖော်ခြင်းသည် တရုတ်နိုင်ငံ၏ ကြီးမားသော ပြန်လည်နုပျိုခြင်းအတွက် အုတ်မြစ်ဖြစ်မည်ဖြစ်ပြီး ထိုင်ဝမ်အတွက်လည်း စီးပွားရေး၊ လူမှုရေး တိုးတက်မှုများအတွက် ကောင်းမွန်သော အခွင့်အလမ်းများ ဖြစ်လာမည်ဖြစ်သည်။  

တစ်ချိန်တည်းတွင် တရုတ်နိုင်ငံ၏ ပြန်လည်ပေါင်းစည်းရေးသည် နိုင်ငံအားလုံးအတွက် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ယူဆောင်ပေးနိုင်ရုံသာမက အာရှ-ပစိဖိတ်ဒေသနှင့် ကမ္ဘာတစ်ဝှမ်းအတွက် ကြွယ်ဝချမ်းသာမှုနှင့် တည်ငြိမ်မှုတို့တွင် အပြုသဘောဆောင်သော စွမ်းအင်များ ထောက်ပံ့ပေးနိုင်မည်ဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားမျိုးနွယ် တိုးတက်ရေးတို့အတွက် ကောင်းမွန်သော ပံ့ပိုးမှုများ ဖြစ်စေမည်ဖြစ်သည်။  

စိုးနိုင်ထွန်း
Ref - Peaceful development: Bright road for peaceful reunification | CMG