【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ထက် ကမ္ဘာကို ပိုထိခိုက်စေမယ့် နည်းပညာရင်းနှီးမြုပ်နှံခြင်း ကန့်သတ်မှု

 နိုင်ငံတကာဆောင်းပါး  တရုတ်ထက် ကမ္ဘာကို ပိုထိခိုက်စေမယ့် နည်းပညာရင်းနှီးမြုပ်နှံခြင်း ကန့်သတ်မှု

   ကွန်ပျုတာချစ်ပ်များကဲ့သို့ အရေးကြီးသော နည်းပညာများတွင် တရုတ်နိုင်ငံတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုအသစ်အချို့ကို တားမြစ်ရန်နှင့် အခြားနည်းပညာကဏ္ဍများတွင် အစိုးရထံ အသိပေးချက် လိုအပ်မည့် သမ္မတအမိန့်ပြန်တမ်းတစ်ရပ်ကို ဩဂုတ်  ရက်မှာ အမေရိကန်သမ္မတ ဘိုင်ဒန်က လက်မှတ်ရေးထိုးလိုက်ပြီးနောက်မှာထရမ့်လက်ထက် အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲဟာ ပုံစံပြောင်းပြီး ဆက်ဖြစ်လာတယ်လို့ သုံးသပ်သူတွေက ဆိုခဲ့ပါတယ်။

   ဒါဟာ တရုတ်အပေါ် နည်းပညာနှင့် လုံခြုံရေးအပေါ် ရန်စမှုအဖြစ် နိုင်ငံတကာမီဒီယာတွေက ရှုမြင်ခဲ့ကြပါတယ်။

   အမိန့်ကြောင့် ကမ္ဘာ့ပထမနဲ့ ဒုတိယ စီးပွားအင်အားအကြီးဆုံးနိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန်နဲ့ တရုတ်ကြားမှာ တင်းမာမှုတွေ ထပ်မံဖြစ်လာဖွယ်ရှိပါတယ်။

   အမိန့်ကြေညာချက်က တစ်ပိုင်းလျှပ်ကူးပစ္စည်းနဲ့ အခြားကွန်ပြူတာနည်းပညာဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေအပေါ်ကန့်သတ်ချက်ထားတာ မှန်ပေမယ့် နည်းပညာဆိုင်ရာတိုးတက်မှုအပေါ်ကို သိသိသာသာအရိပ်ထိုးစေတဲ့ကန့်သတ်ချက်အဖြစ် ရှုမြင်ကြပါတယ်။ဒါဟာ တရုတ်နဲ့ စီးပွားလက်တွဲလုပ်နေတာကို လုံးဝဖြုတ်လိုက်တာမဟုတ်ဘဲ တရုတ်နိုင်ငံက အဆင့်မြင့်နည်းပညာသုံးလုပ်ငန်းတချို့မှာ အမေရိကန်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံတာကိုကန့်သတ်လိုက်တာလို့ ဆိုပါတယ်။ဒါပေမဲ့ နောက်ဆက်တွဲဆိုတာ ပါလာတတ်လို့ မှန်းဆလို့မရသေးတဲ့အရာဖြစ်လို့စားသုံးသူအရန်သင့်ရှိနေလို့ အကျိုးမြတ်သေချာတဲ့ တရုတ်နည်းပညာစျေးကွက်ကနေ အမေရိကန်နည်းပညာကုမ္ပဏီတွေ ရှေ့ဆက်ရင်းနှီးမြုပ်နှံဖို့ အခက်တွေ့စေသလို တိုးတက်မှုကိုလည်း တန့်ရပ်စေတဲ့ သဘောလည်းသက်ရောက်သွားခဲ့ပါတယ်။

   အမေရိကန်ဘက်က ထုတ်ပြန်သည့် အဆိုပါကန့်သတ်ချက်ကို တရုတ်ဘက်က နောက်တစ်ရက်ဖြစ်တဲ့ ဩဂုတ်၁၀ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ပြန်တုံ့ပြန်ခဲ့ပါတယ်။ဒီလိုထုတ်ပြန်တဲ့အပေါ် တရုတ်ဘက်ကပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်ပြီး ပြတ်ပြတ်သားသားကန့်ကွက်ကြောင်း၊ အမေရိကန်အနေနှင့် တရုတ်နိုင်ငံနှင့်ချိတ်ဆက်မှုဖြတ်တောက်ခြင်း’ ပြုလုပ်ရန် ဆန္ဒမရှိ၊ တရုတ်ပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားရန် ဆန္ဒမရှိဟူသော သမ္မတ ဘိုင်ဒန်၏ ကတိပြုချက်ကို ထိရောက်စွာလိုက်နာ ဖော်ဆောင်ပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊သိပ္ပံနည်းပညာဆိုင်ရာများကို နိုင်ငံရေးကိစ္စဖြစ်အောင် လုပ်ဆောင်ခြင်းနှင့် လက်နက်ကိရိယာအဖြစ် အသုံးပြုခြင်းတို့ကို ရပ်တန့်ရန်၊ မှားယွင်းသော ဆုံးဖြတ်ချက်ကို အမြန်ဆုံးရုပ်သိမ်းပြီး တရုတ်ပြည်အား ရင်းနှီးမြှုပ်နှံမှုကန့်သတ်ချက်ကို ဖျက်သိမ်း၍ တရုတ်နှင့် အမေရိကန် စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက်ကောင်းမွန်သော ပတ်ဝန်းကျင်ကို ဖန်တီးရန် လှုံ့ဆော်တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

   တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း အမေရိကန်ရဲ့ ဒီကန့်သတ်ချက်ကို တုံ့ပြန်ရာမှာ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်ရဲ့ ၎င်းနိုင်ငံမှ ကုမ္ပဏီလုပ်ငန်းများ ပြည်ပ၌ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ခြင်းကို “အန္တရာယ်အလားအလာကို ဖယ်ရှားခြင်း” လို့ အမည်တပ်ပြီး ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် “ကွင်း ဆက်ဖြတ်တောက်ခြင်း” ဖြစ်ရာ အမေရိကန်အဆိုပြုနေသော ဈေးကွက်စီးပွားရေးနှင့်တရားမျှတစွာယှဉ်ပြိုင်ခြင်းဟူသောအခြေခံမူကို ဆိုးရွားစွာ ချိုးဖောက်ခြင်း၊ ကုမ္ပဏီလုပ်ငန်းများ ပုံမှန်လည်ပတ်သည့် ဆုံးဖြတ်ချက်များကိုထိခိုက်ခြင်း၊ နိုင်ငံတကာကုန်သွယ်စီးပွားအခင်းအကျင်းအား ဖျက်ဆီးခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းကွင်းဆက် ထောက်ပို့ရေးလုပ်ငန်းကွင်းဆက် လုံခြုံရေးကို အလွန်အမင်းရှုပ်ထွေးအောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက အထူးဂရုပြုကြောင်းနှင့် ကိုင်တွယ်ဆောင်ရွက်ပိုင်ခွင့်ထားရှိသွားမည်ဖြစ်ကြောင်း ပြောခဲ့တာကို တွေ့ရပါတယ်။

   ဒီအတွက် ဈေးကွက်စီးပွားရေး၏ နိယာမနှင့် တရားမျှတစွာ ယှဉ်ပြိုင်မှုဟူသော အခြေခံမူကို အမေရိကန်အနေဖြင့် လေးစားရန်၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်စီးပွားဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တားဆီးခြင်းမပြုရန်၊ ကမ္ဘာ့စီးပွားရေး ပြန်လည်ရှင်သန်ရေးတွင် အဟန့်အတား လုပ်ဆောင်ခြင်းမပြုရန် ပြောခဲ့ပါတယ်။

   အမေရိကန်ရဲ့ ကန့်သတ်ချက်ထဲ ဘယ်အပိုင်းတွေပါနေလဲဆိုတာ စိတ်ဝင်စားစရာပါ။ထုတ်ပြန်မှုတွေမှာ ကြည့်ရသလောက်ဆိုရင် ကွမ်တမ်နည်းပညာ၊ ဉာဏ်ရည်တု နည်းပညာ၊ အဆင့်မြင့် ဆီမီးကွန်ဒတ်တာ တစ်ပိုင်းလျှပ်ကူးထုတ်လုပ်ရေးလို နည်းပညာမြင့်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတာတွေကို ထိန်းချုပ်မှာဖြစ်လို့ အမေရိကန် အနေနဲ့5G လို နည်းပညာမှာ တရုတ်ဘက်က အသာရခဲ့တာလိုမျိုးမဖြစ်အောင် ရည်ရွယ်ထားတာကို တွေ့ရပါတယ်။

   သတင်းတွေမှာတော့ ဒီကန့်သတ်ချက်ကြောင့် တရုတ်တို့အတွက် အံ့အားသင့်စရာ မဖြစ်နိုင်ဘူးလို့ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ဒါပေမဲ့ ဒီအကြောင်းအရာက ဆန်ဖရန်စစ္စကိုမှာ နိုဝင်ဘာလကျင်းပမယ့် APEC ထိပ်သီးစည်းဝေးပွဲမှာ သမ္မတ ရှီကျင့်ဖျင်နဲ့ သမ္မတ ဂျိုးဘိုင်ဒင် တွေ့ဖို့ရှိတာရယ် လက်ရှိ ယူကရိန်းအကျပ်အတည်းတွေကြောင့် ဒီကန့်သတ်ချက်က အသက်ဝင်လာဖို့ မသေချာသေးဘူးဆိုတဲ့ ယူဆချက်တွေလည်းရှိနေပါတယ်။ဒါပေမဲ့ ဘိုင်ဒင်အုပ်ချုပ်ရေး စတင်ကတည်းက တရုတ်အပေါ် မဟာဗျူဟာအရ ပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့တာကိုကြည့်မယ်ဆိုရင် ယခုကန့်သတ်ချက်ဟာ တရုတ်နိုင်ငံရဲ့ အားကောင်းတဲ့ နည်းပညာစီးပွားရေးကို ထိုးနှက်ချက်တစ်ခုလို ယူဆလို့ရတဲ့ အနေအထားပါ။ဒီကန့်သတ်ချက်အပေါ် အမေရိကန်နိုင်ငံရေးသမားတွေ ဘယ်လိုသဘောထားလဲဆိုတာကိုကြည့်ရင် ဒီကန့်သတ်ချက်က ဘာကိုရည်ရွယ်သလဲဆိုတာ မြင်သာနိုင်ပါတယ်။

   အထက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် ချက်ခ်ရွှန်းမားက “အမေရိကန်သည် မဟာဗျူဟာမြောက်ပထမခြေလှမ်းအဖြစ် တရုတ်၏ စစ်ဘက်ဆိုင်ရာ တိုးတက်မှုကို ရန်ပုံငွေထဲ အမေရိကန်၏ရင်းနှီးမြှုပ်နှံမှု မရောက်စေဖို့ သေချာရန် လုပ်ဆောင်နေတယ်” လို့ ပြောခဲ့ပါတယ်။

   ယခုကန့်သတ်ချက်က တရုတ်နိုင်ငံ၏ နည်းပညာနှင့် စီးပွားရေးကို ရည်ရွယ်သော်လည်း  တစ်ဘက်တွင် ထိခိုက်သွားသည်က အမေရိကန်နည်းညာကုမ္ပဏီများနှင့် အရှိန်အဟုန်ဖြင့် တိုးတက်နေသည့် ကမ္ဘာ့နည်းပညာစျေးကွက်ကိုဖြစ်သည်။ 

   အမေရိကန်၏ တားမြစ်အမိန့်သည် “စိုးရိမ်ဖွယ်နိုင်ငံ” အား ပစ်မှတ်ထားသည်ဟု ယူဆရသော်လည်းထိခိုက်သည်မှာ တရုတ်နိုင်ငံအပြင် အခြားအမေရိကန်ကုမ္ပဏီကြီးများစွာလည်း ပါဝင်သည်။

   အမေရိကန်တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းအသင်းက ထုတ်ပြန်ချက်၌ အဆိုပါကန့်သတ်ချက်များသည်ကျယ်ပြန့် လွန်း၍ မသဲကွဲကာ တစ်ခါတရံ တစ်ဖက်သတ်ဆန်” သဖြင့် အမေရိကန်တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီများ၏ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို လျော့ကျသွားစေကာ Supply Chain ကို အနှောင့်အယှက်ဖြစ်စေ၍ကြီးမားသည့် ဈေးကွက်ဆိုင်ရာ မသေချာမှုများ ဖြစ်လာစေပြီး တရုတ်နိုင်ငံက အဆက်မပြတ် လက်တုံ့ပြန်မှုဖြစ်လာစေနိုင်သည်ဟု အတိအလင်းဖော်ပြထားသည်။

   ထို့ကြောင့် အမေရိကန်၏ ချစ်ပ်ပြားကုမ္ပဏီကြီးသုံးခုဖြစ်သည့် Intel  Qualcomm  Nvidia မှ အဆင့်မြင့်အရာရှိများက ဘိုင်ဒင်အစိုးရက တရုတ်နိုင်ငံအပေါ် အချို့သောချစ်ပ်ပြားနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့်စက်ပစ္စည်းများတင်ပို့မှုကို ကန့်သတ်ခြင်းအား ကန့်ကွက်ခဲ့ကြသည်။

   အမေရိကန်တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းအသင်း (SIA) ကလည်း တရုတ်နိုင်ငံအပေါ် ချစ်ပ်ပြားရောင်းချမှုအား ကန့်သတ်ခြင်းသည် အမေရိကန်အပေါ် တန်ပြန်အကျိုးသက်ရောက်လိမ့်မည်ဟု သတိပေးသည့် ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။

   “စစ်ပွဲ” နှင့် “နိုင်ငံတော်လုံခြုံရေး” ဟူသည့် ရှုထောင့်မှကြည့်ကာ အရာအားလုံးကိုအပေါ် ဆုံးဖြတ်ချက်ချခြင်းသည် ယနေ့ခေတ်တွင် အတော်လေးကျယ်ပြန့်လာနေသည်။ထိုသို့ဆုံးဖြတ်ရာတွင် ဈေးကွက်အခြေခံမူနှင့်စည်းကမ်း၊ ပုဂ္ဂလိက ကဏ္ဍများကို ဘေးဖယ်ထားမှုကြောင့် ကမ္ဘာ့စားသုံးသူစျေးကွက်ကို ရိုက်ခတ်မှုပြင်းထန်ခဲ့ရာ ကိုဗစ်ကြောင့် နာလန်မထူနိုင်သေးသည့် ကမ္ဘာ့စီးပွားရေးကို မကြာခဏဆိုသလို အကျပ်ရိုက်စေခဲ့သည်ကိုတွေ့ရသည်။

   ယခုကန့်သတ်ချက်သည် လက်ရှိရင်းနှီးမြှုပ်နှံမှုများကိုမဟုတ်ဘဲ အနာဂတ်ရင်းနှီးမြှုပ်နှံမှုများကိုသာသက်ရောက်မှုရှိမည်ဖြစ်မည်ဟုဆိုသော်လည်း အမေရိကန်တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီများ ကြီးစိုးထားသည့်ကမ္ဘာ့အကြီးဆုံး တစ်ပိုင်းလျှပ်ကူးပစ္စည်းဈေးကွက်ဖြစ်သည် တရုတ်စျေးကွက်ကို တခြားနိုင်ငံများက ရယူသွားနိုင်ခြေလည်းရှိနေသည်။

   သို့ဖြစ်ရာ ကော်ပိုရိတ်အစိုးရမျိုးဖြစ်သည့် ဝါရှင်တန်အနေဖြင့် Intel  Qualcomm  Nvidia လို ကုမ္ပဏီကြီးများမှပေးမည့် ဖိအားကို ခံနိုင်ရည်ရှိပါမလားဆိုသည်ကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။

   လင်းသစ်အောင်