【 နိုင်ငံတကာဆောင်းပါး 】 တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြင့်စေသော အချက်များ

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြင့်စေသော အချက်များ

လွန်ခဲ့သော တစ်နှစ်ခန့်တွင် တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ဗဟိုကော်မတီသည် ငါးကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၁၄ ကြိမ်မြောက် ငါးနှစ်တာ အစီအစဉ်အတွက် ဦးစားပေး မဟာဗျူဟာများနှင့် အဓိကပန်းတိုင်များ ချမှတ်ခဲ့ကြသည်။  

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဆွေးနွေးကြသော၊ သတင်းဌာနများကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြသော အရေးကြီးသော အသုံးအနှုန်းတစ်ခုမှာ “အရည်အသွေးမြင့်မားခြင်း” ဟူသော စကားလုံးဖြစ်ပြီး တရုတ်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဆိုရှယ်လစ်နိုင်ငံတစ်ခု တည်ဆောက်ရေးအတွက်သာမက ကပ်ရောဂါအပြီး ကမ္ဘာ့စီးပွားရေးအတွက်ပါ အရေးပါမှုတစ်ခုလည်းဖြစ်သည်။

၁၄ ကြိမ်မြောက် ငါးနှစ်တာ အစီအစဉ်၏ ပထမဆုံးနှစ်ဖြစ်သော ၂၀၂၁ ခုနှစ်တွင် သမ္မတ ရှီကျင့်ဖျင်သည် တရုတ်ပြည်သူများအကြား အထူးသဖြင့် ဒေသခံခေါင်းဆောင်များအကြားတွင် ဗဟိုအုပ်ချုပ်မှုအာဏာကို နားလည်လာစေပြီး တရုတ်ခေါင်းဆောင်ပိုင်း၏ ဗဟိုပြုမှု နိုင်ငံရေးများကို သဘောပေါက်လာစေရန် မြှင့်တင်ရေးအား ကတိကဝတ်ပြုခဲ့သည်။  

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ရှန်တုန်းပြည်နယ်နှင့် မြစ်ဝါမြစ်ကမ်းတို့ကို သွားရောက်လည်ပတ်ခဲ့စဉ်က သမ္မတ ရှီသည် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါမှုကို မီးမောင်းထိုးပြခဲ့သည်။

မြစ်ဝါမြစ်ကမ်း၏ ဂေဟဗေဒထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုများကို ၂၀၁၉ ခုနှစ်ကနေပင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး တရုတ်၏ နက်ရှိုင်းသော ပြန်လည်ပြုပြင်ရေး အခြေခံကျသောစနစ်၏ အရေးပါသော ကဏ္ဍတစ်ခုလည်းဖြစ်သည်။

ခေတ်သစ်အတွက် တရုတ်၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုမှာမူ သဘာဝပတ်ဝန်းကျင် အထောက်အကူပြုခြင်းအား အခြေခံထားခြင်းဖြစ်သည်။ဗဟိုခေါင်းဆောင်ပိုင်းက ကဏ္ဍအားလုံးတွင် သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ဖွံ့ဖြိုးတိုးတက်ခြင်းအား မြှင့်တင်ရန် စိတ်အားထက်သန်ပြီး အစိုးရကလည်း စီးပွားရေးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်မှုအကြား ဟန်ချက်မျှစေရန် အားထုတ်လျက်ရှိသည်။  

စိမ်းလန်းစိုပြေသော မြစ်ချောင်းအင်းအိုင် တောင်တန်းများသည် ရွှေငွေများပင်ဖြစ်သည်ဟူသော ယူဆချက်ကို လက်ကိုင်ထားပြီး အလွှာပေါင်းစုံရှိ အစိုးရများသည် ဖွံ့ဖြိုးတိုးတက်မှု အကြံဉာဏ်အသစ်များကို လက်တွေ့ကျင့်သုံးနေကြပြီး ခေတ်ဟောင်း၏ သဘာဝပတ်ဝန်းကျင် ထိခိုက်စေသော စီးပွားရေးချဲ့ထွင်မှု နည်းလမ်းများကို ရပ်တန့်နေကြပြီဖြစ်သည်။  

မြစ်ဝါမြစ်ကမ်းသည် အခြားဒေသများနှင့်ယှဉ်လျှင် ပိုမိုပြင်းထန်သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။အစီရင်ခံစာတစ်ခုအရ မြစ်အထက်ပိုင်းတွင် ဂေဟစနစ်နှင့် ရေထိန်းသိမ်းစောင့်ရှောက်မှု လည်ပတ်မှုများက အဆင့်လျော့သွားကြောင်း တွေ့ရသည်။မြစ်လယ်ပိုင်းတွင်မှု မြေပြိုခြင်းနှင့် ရေညစ်ညမ်းမှု ပြဿနာများကို ရင်ဆိုင်နေရပြီး မြစ်အောက်ပိုင်းတွင်မူ ဂေဟစနစ်အားနည်းကာ အချို့သောနေရာများတွင် ကုန်းမြေများ နစ်မြုပ်သွားသည်ကို တွေ့ရသည်။

စက်မှုထုတ်လုပ်မှု၊ မြို့ပြဘဝနှင့် စိုက်ပျိုးရေးထုတ်လုပ်ရေးများက မြစ်ဝါမြစ်ကို ညစ်ညမ်းစေသည့် အရာများဖြစ်ပြီး ရေအရည်အသွေးသည် အမျိုးသား ပျမ်းမျှထက် ပိုဆိုးနေသော အခြေအနေဖြစ်သည်။ထို့ကြောင့် တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုကို အဆင့်မြှင့်တင်ရန်အတွက် မြစ်ဝါမြစ်ကို ထိရောက်စွာ ထိန်းသိမ်းစောင့်ရှောက်ခြင်းက အရေးပါလှသည်။   

တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုသည် လုံခြုံမှုရှိရန်လည်း လိုအပ်သည်။ ၂၀၁၄ ခုနှစ် တွင် သမ္မတ ရှီက တရုတ်အတွက်သာမက ယနေ့ထက်တိုင်ထိ လူသားမျိုးနွယ်အားလုံးအတွက် အဓိကပြဿနာဖြစ်နေသော အစားအစာလုံခြုံရေးဆိုင်ရာ အဆိုပြုချက်တစ်ခုကို ပြုလုပ်ခဲ့သည်။ကုလသမဂ္ဂ၏ ၂၀၃၀ ခုနှစ်ဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်တွင် ဖော်ပြထားသော “ဆာလောင်ခြင်း မရှိစေရ” ပန်းတိုင်သည် စိန်ခေါ်မှုများ ကြုံတွေ့နေရဆဲဖြစ်ပြီး ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါက ကောက်ပဲသီးနှံကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးများအတွက် မရေရာ မသေချာမှုများ ဖြစ်စေခဲ့ပြီး နိုင်ငံတကာအစားအသောက်ထောက်ပံ့မှု ကွင်းဆက်အတွက် မတည်ငြိမ်မှုအန္တရာယ်များ ဖြစ်စေခဲ့သည်။  

ထို့ကြောင့် တရုတ်သည် အစားအစာလုံခြုံရေးတွင် ဖိအားများစွာကို ဖြေရှင်းရမည်ဖြစ်သည်။

ပထမအချက်အနေဖြင့် ကောက်ပဲသီးနှံစားသုံးမှု မြင့်တက်လာခြင်းနှင့် သဘာဝအရင်းအမြစ်ပတ်ဝန်းကျင်အပေါ် ထိခိုက်သက်ရောက်မှုများကို ဟန်ချက်မျှရန် လုပ်ဆောင်ရမည်ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် မတူညီသော ကောက်ပဲသီးနှံ ထုတ်လုပ်မှုနှင့် ထောက်ပံ့မှုတို့တွင် မလုံလောက်သော ဟန်ချက်မမျှသော ဖွံ့ဖြိုးတိုးတက်မှု ပြဿနာဖြစ်သည်။

တတိယအချက်အနေဖြင့် လယ်သမားများအတွက် ကောက်ပဲသီးနှံထုတ်လုပ်မှုစရိတ်သည် မြင့်မားနေဆဲဖြစ်သည်။

နောက်ဆုံးအချက်အနေဖြင့် ကောက်ပဲသီးနှံ ထုတ်လုပ်မှုတွင် အဆင့်မြင့်နည်းပညာများ အသုံးပြုမှု နည်းပါးခြင်းဖြစ်သည်။

ထို့ကြောင့် သမ္မတရှီက မြစ်ဝါမြစ်ကမ်းရိုးတန်းဒေသကို ကိုယ်တိုင်သွားရောက်ခဲ့ကာ ဂေဟဗေဒကာကွယ်စောင့်ရှောက်ရေး၊ မြေသြဇာကြွယ်ဝသော မြေများအား အကျိုးရှိရှိ အသုံးချစေရေးနှင့် ဆားဒဏ်ခံနိုင်သော အပင်များအား စိုက်ပျိုးစေရေးတို့အတွက် အကြံဉာဏ်များအား မျှဝေခဲ့သည်။

မြေသြဇာကြွယ်ဝသော မြေယာများအား အကျိုးရှိစွာ အသုံးချခြင်းသည် နိုင်ငံ၏ အစားအစာလုံခြုံရေးအတွက် အထောက်အကူပြုမည်ဖြစ်သည်ဟု ဆိုသည်။တရုတ်အနေဖြင့် အစေ့အမျိုးအစားများ၊ လယ်ယာကာကွယ်ရေးနှင့် အသုံးချခြင်းတို့အပေါ် သုတေသနပြုမှုများအား အားဖြည့်ရမည်ဖြစ်ပြီး အဓိကနည်းပညာနှင့် တီထွင်ဆန်းသစ်မှု နယ်ပယ်များအတွက် အရေးပါသော အောင်မြင်မှုများရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကာ သိပ္ပံနည်းကျ သုတေသနရလဒ်များကို လက်တွေ့ထုတ်လုပ်မှုတွင် အသုံးချရေးကို အရှိန်မြှင့်တင်ရမည်ဟု ဆိုသည်။  

ဖွံ့ဖြိုးတိုးတက်မှု အကြံဉာဏ်အသစ်အရ အစိုးရအုပ်ချုပ်မှုပုံစံများ အထူးသဖြင့် ပြည်နယ်အဆင့်များအတွက်ကို အထူးတိုက်တွန်းထားသည်။ယေဘူယျအားဖြင့် ယုတ္တိကျသော တွေးခေါ်မှုများနှင့် အပြုအမူများကို လိုအပ်နေဆဲဖြစ်သည်။

တရုတ်၏ ပြုပြင်ပြောင်းလဲရေး အစောပိုင်းအဆင့်တွင် ဒေသခံ တာဝန်ရှိသူများသည် အရှိန်မြှင့်တင်ခြင်းနှင့် မျှတမှုရှိခြင်းတို့အကြား ဟန်ချက်ရှိစေရန် အာရုံစိုက်ခဲ့ကြသည်။

သို့သော် ယခုအဆင့်အသစ်တွင်မူ ဖွံ့ဖြိုးတိုးတက်မှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံမှု၊ ပြည်နယ်နှင့် တစ်နိုင်ငံလုံး လိုအပ်ချက်များအကြား ဟန်ချက်မျှစေရန် ပိုမိုအားထုတ်ရမည်ဖြစ်သည်။  

စိုးနိုင်ထွန်း
Ref - CMG | From speedy to safe, high-quality : China's development switches gears