【 နိုင်ငံတကာဆောင်းပါး 】 တိုးတက်လာသော ရှီးဇန့်ဒေသ

【 နိုင်ငံတကာဆောင်းပါး 】 တိုးတက်လာသော ရှီးဇန့်ဒေသ

တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ရှီးဇန့် (Xizang) ယခင် တိဗက်ဒေသ၏ ဖွံ့ဖြိုးမှုသည် ယခုနှစ်များတွင် ရုတ်ခြည်းမြန်ဆန်လာသည်။
 
ယခင်က အာရှတိုက်၏ ဖွံ့ဖြိုးမှုအနည်းဆုံး ဒေသသည် ယခုအခါ ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံတွင် တိုးတက်မှုအမြန်ဆုံးဒေသ ဖြစ်လာနေသည်။
 
တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အင်္ဂလိပ်ဘာသာဖြင့် ၂၀၂၄ ခုနှစ်မှစတင်ကာ Xizang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တိဗက် (သို့မဟုတ်) ရှီးဇန့်ဟု မကြာခဏအတိုကောက် ခေါ်ဝေါ်လေ့ရှိသည်။
 
တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ၁,၂၀၀,၀၀၀ ကီလိုမီတာ (၄၆၀,၀၀၀ စတုရန်းမိုင်) ကျော် ကျယ်ဝန်းပြီး ရှင်ကျန်းပြီးနောက် ဧရိယာအလိုက် ဒုတိယအကြီးဆုံး ပြည်နယ်အဆင့်ဖြစ်သည်။၎င်း၏ ကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်ကြောင့် လူဦးရေ ၃.၆ သန်းရှိရာ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်း ကီလို မီတာလျှင် (၇.၈ဦး) နှုန်းသာရှိသည်။
 
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်း တိဗက်၏ ဂျီဒီပီသည် အဆ ၁၅၀၀ အထိ တိုးလာခဲ့သည်။လူဦးရေကလည်း ၁၉၅၉ ခုနှစ်တွင် ၁.၂၃ သန်းသာရှိရာကနေ ၂၀၂၀ မှာတော့ ၃.၆၅ သန်းသို့ မြင့်တက်လာခဲ့သည်။တိုင်းရင်းသား တိဗက်လူမျိုးများက လူဦးရေ၏ ၈၆ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး ဒေသအတွင်း တိဗက်ဗုဒ္ဓဘာသာဆိုင်ရာ နေရာပေါင်း ၁၇၈၇ ခုရှိခဲ့ရာ ဘုန်ကြီးများနှင့် သီလရှင်များအတွက် ကျောင်းပေါင်း ၄၆,ဝဝဝ ကျော်ရှိခဲ့သည်။
 
တိဗက်ဒေသသည် ယခုအခါ အလွန်ဆင်းရဲမွဲတေခြင်းကို အဆုံးသတ်နိုင်ခဲ့ပြီး လူမွဲအဖြစ် စာရင်း ပေးထားသော ဆင်းရဲသော စီရင်စုများဟု သတ်မှတ်ထားသော နေရာ ၇၄ ခုမှ ဆင်းရဲသူပေါင်း ၆၂၈,ဝဝဝ ကို ဆင်းရဲမှုမှ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်သည်။ဒီဒေသများမှ ကျောင်းသားများမှာ ပြည်သူ့ရန်ပုံငွေဖြင့် လည်ပတ်နေသော ၁၅ နှစ်တာ ပညာရေးကို အခမဲ့သင်ယူခွင့်ရရှိခဲ့ပြီး ပြည်မက ကျောင်းသားများထက် ၆ နှစ်ခန့် ပိုများသည်။
 
၁၉၅၁ ခုနှစ်တွင် တိဗက်နိုင်ငံသား ၉ဝ ရာခိုင်နှုန်းကျော်မှာ ကိုယ်ပိုင်အိမ်မရှိခဲ့ပေ။ထို့အပြင် ပျမ်းမျှ လူ့သက်တမ်းမှာလည်း၂၀၂၀ တွင် ၇၁.၁ နှစ်သို့ တိုးလာခဲ့ပြီး ယခင်ကထက် ၂ ဆ ပိုအသက်ရှည်လာခဲ့သည်။ထိုသို့ အဘက်ဘက်မှ တိုးတက်လာခြင်းသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်းနှင့် ပညာရေးကောင်းမွန်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာခြင်းတို့အပေါ် များစွာမူတည်လေသည်။
 
ချင်ဟိုင်း-တိဗက်နှင့် စီချွမ်-တိဗက် အဝေးပြေးလမ်းများ၊ ရထားလမ်းများ ဖောက်လုပ်ခြင်းကြောင့် တိဗက်နှင့် ကျန်ပြည်နယ်တို့ကြား အကွာအဝေးကို အလွန်တိုစေခဲ့သည်။ကျောင်းအသစ်များ တည်ထောင်ခြင်းသည် ကုန်းပြင်မြင့်မှ လူများအား ခေတ်မီပညာရေးကမ္ဘာဖြစ်သည့် မတူညီသောကမ္ဘာကို မြင်နိုင်စေ ထိုထဲတွင် အထင်ရှားဆုံးမှာ ရထားလမ်းများဖြစ်သည်။
 
ချင်းဟိုင်-တိဗက် ရထားလမ်းသည် အရှည်အားဖြင့် ၁၉၅၆ ကီလိုမီတာရှိကာ ၂၀၀၆ ခုနှစ် ဇူလိုင်လ ၁ ရက်မှစတင်ကာ ပြေးဆွဲခဲ့ပြီး ကမ္ဘာ့အမြင့်ဆုံးနှင့် အရှည်ဆုံး ကုန်းပြင်မြင့်ရထားလမ်းဖြစ်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော တိဗက်သို့ ဆက်သွယ်ပေးသော ပထမဆုံးရထားလမ်းလည်းဖြစ်ပါသည်။ထိုရထားလမ်းသည် ကမ္ဘာ့အမြင့်ဆုံး၊ အရှည်ဆုံးနှင့် အေးခဲမြေလွှာတွင် ဖြတ်သန်းတည်ဆောက်ထားသည့် မိုင်အရှည်ဆုံး ကုန်းပြင်မြင့်ရထားလမ်းဟူသည့် ကမ္ဘာစံချိန်များစွာကို ဖန်တီးနိုင်ခဲ့သလို တရုတ်နိုင်ငံ၊ တိဗက်ဒေသနှင့် ပြည်နယ်ဒေသများ၏ ကွာဟချက်များမှ ရုန်းထွက်နိုင်စေခဲ့ပြီး ဆီးနှင်းဖုံးလွှမ်း ကုန်း ပြင်မြင့်၏ ရထားလမ်းခေတ် ပွင့်လင်းလာခဲ့သည်။
 
ထိုနောက်တွင် စီချွမ်း-တိဗက် ရထားလမ်းကိုဖောက်လုပ်ခဲ့သည်။ထိုရထားလမ်းပိုင်းကို ၂၀၂၀ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် စတင်ဖောက်လုပ်ခဲ့ပြီး တစ်နှစ်ခန့်အကြာ ၂၀၂၁ ခုနှစ် ဇွန်လတွင် အဆိုပါရထားလမ်း၏ ပထမဆုံးလမ်းပိုင်းဖြစ်သည့် လာဆာ-လျင်ကျီး ရထားလမ်းအား ဖွင့်လှစ်ပြေးဆွဲနိုင်ခဲ့သည်။ပြီးစီးခဲ့သော အဆိုပါအသစ်ဖောက်လုပ်သည့် ရထားလမ်းအရှည်သည် (၁,၀၁၁) ကီလိုမီတာရှိခဲ့သည်။
 
ထိုရထားလမ်းပိုင်းတစ်လျှောက်တွင် ကီလိုမီတာ (၃၀) ရှိသည့် ဥမင်လိုဏ်ခေါင်း (၆) ခု၊ မီတာ (၁၀၀) အထက်ရှိ တံတားမြင့် (၉) စင်း ပါဝင်သည်။ထိုလမ်းပိုင်းသည် တိဗက်ဒေသ၏ ပထမဆုံး EMU ရထားလမ်းပိုင်းဖြစ်ခဲ့ကာ ဖွင့်လှစ်ပြေးဆွဲသည့် အချိန်မှစ၍ တိဗက် အရှေ့တောင်ဒေသ၌ ရထားလမ်းမပေါက်ဟူသော သမိုင်းကိုအဆုံးသတ်နိုင်ခဲ့သည်အပြင် Fuxing မြန်နှုန်းမြင့် ကျည်ဆန်ရထားဖြင့် နိုင်ငံတစ်ဝန်းပြည်နယ်၊ ဒေသ၊ မြို့ ၃၁ ခုစလုံးတွင် အလုံးစုံလွှမ်းခြုံမှုအား သမိုင်းဝင် အကောင်အထည်ဖော်နိုင်ခဲ့သည်။
 
၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စီချွမ်း-တိဗက်ရထားလမ်းစီမံကိန်းရှိ ရာအန်း-လျင်ကျီးအပိုင်းကို စတင်တည်ဆောက်မှုများ ပြုလုပ်ခဲ့သည်။ထိုရထားလမ်းရှိ ရာအန်း-လျင်ကျီးအပိုင်းတည်ဆောက်မှုသည် ချိန်တူး-ရာအန်း ရထားလမ်း ရာအန်းဘူတာမှ အစပြုပြီး လားဆာ-လျင်ကျီး ရထားလမ်း လျင်ကျီးဘူတာကို ချိတ် ဆက်မည်ဖြစ်ရာ ရထားလမ်းတစ်ခုလုံး၏ စုစုပေါင်းအရှည်သည် ၁,၀၁၈ ကီလိုမီတာရှိမည်ဖြစ်သည်။
 
လမ်းပန်းဆက်သွယ်ရေးအပါအဝင် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ဒေသခံပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဘဝများကို များစွာတိုးတက် ကောင်းမွန်လာစေခဲ့သည်။ ၂၀၁၈ ခုနှစ်မှစတင်၍ တရုတ်ပြည်တစ်ဝန်းအရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမို အာရုံစိုက်လာသောကြောင့် စက်မှုဖွံ့ဖြိုးတိုးတက်မှုအတွက် အစဉ်အလာ အတားအဆီးများ ပြတ်တောက်သွားကာ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြင့်လာခဲ့သည်။ထိုအကျိုးဆက်ကြောင့် ဒစ်ဂျစ်တယ်စက်မှုလုပ်ငန်းမှာ လျင်မြန်စွာ တိုးတက်ပြောင်းလဲလာခဲ့သည်။ထိုအပြောင်းအလဲက တိဗက်ဒေသကို နည်းပညာဆန်းသစ်တီထွင်မှုများ၏ မောင်းနှင်အားဖြစ်လာခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို မြန်ဆန်လာစေခဲ့သည်။
 
တိဗက်၏ ခေတ်မီတိုးတက်ရေး လုပ်ငန်းစဉ်သည် မှန်ကန်သော ဦးတည်ချက်ကို လိုက်နာခဲ့ပြီး ၎င်း၏ ကိုယ်ပိုင်လက္ခဏာများဖြင့် တဖြည်းဖြည်း ဖွံ့ဖြိုးလာခဲ့သည်။ဗဟိုအစိုးရ၏ ရေရှည်ပံ့ပိုးမှုနှင့် အခြားဒေသများ၏ အကူအညီဖြင့် တိဗက်၏ စီးပွားရေးဖွဲ့စည်းပုံသည် စေ့စေ့စပ်စပ် အသွင်ပြောင်းသွားခဲ့သည်။
 
တိဗက်၏ ဖွံ့ဖြိုးတိုးတက်မှုကို လွန်ခဲ့တဲ့ ဆယ်စုနှစ် ၇ စုအတွင်း နိုင်ငံတကာက မြင်ခဲ့ကြရပြီး ဝင်ငွေများတိုးလာခြင်း၊ ကြွယ်ဝချမ်းသာမှုနှင့် လူနေမှုမြင့်တက်လာခြင်းတို့ဖြင့် တိုးတက်လာခဲ့သည်။
 
ဗျူဟာမြောက် ကျေးလက်ဒေသတိုးတက်ရေး စီမံကိန်းအောက်တွင် တိဗက်တွင် အားကောင်းလာသော စီးပွားရေးလုပ်ငန်းများ၊ ဂေဟစနစ် အားပေးသော ပတ်ဝန်းကျင်၊ လူမှုဘဝ နှင့် ပြည်သူ့နီတိတို့ကို လက်ခံကျင့်သုံးထားပြီး ပိုမိုတောက်ပသော အနာဂတ်ကို လျှောက်လှမ်းနေခဲသည်ကို ယခုအခါမြင်နေရပြီ ဖြစ်လေသည်။
 
စိုးငြိမ်း