【 နိုင်ငံတကာဆောင်းပါး 】 ပြန်လည်နုပျိုရေးလုပ်ငန်းစဉ်များမှာရှိရမယ့် ဆောင်းရာသီ အိုလံပစ် စိတ်ဓာတ်

【 နိုင်ငံတကာဆောင်းပါး 】 ပြန်လည်နုပျိုရေးလုပ်ငန်းစဉ်များမှာရှိရမယ့် ဆောင်းရာသီ အိုလံပစ် စိတ်ဓာတ်

တရုတ်သမ္မတ ရှီကျင့်ဖျင်က ပေကျင်း ၂၀၂၂ ဆောင်းရာသီ အိုလံပစ်နှင့် မသန်စွမ်း အိုလံပစ်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး အိုလံပစ်၏ စိတ်ဓာတ် ၅ ချက်ကို ဆက်လက်သယ်ဆောင်သွားရန် တိုက်တွန်းခဲ့သည်။
 
ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသည် တရုတ်ပြည်သူများအတွက် အောင်မြင်မှုများ ဆက်လက်ရရှိရန် ကျောရိုးတစ်ခုဖြစ်လာပြီး တရုတ်သည် ကမ္ဘာကြီးအတွက် ကောင်းမွန်သော၊ စိတ်ချလုံခြုံသော၊ ကြီးကျယ်ခမ်းနားသော ပြိုင်ပွဲတစ်ခု ပေးဆောင်နိုင်ခဲ့ကြောင်း ဆိုသည်။
 
ကိုဗစ်-၁၉ ကပ်ရောဂါကြားတွင် တရုတ်သည် တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများဖြင့် ကျန်းမာရေးကို ဦးစားပေးခဲ့သောကြောင့် ပြိုင်ပွဲအတွင်း ကူးစက်ခံရသူမှာ ၀.၄၅ ရာခိုင်နှုန်းသာရှိခဲ့ပြီး ကောင်းမွန်သော ကုသမှုများကို ပေးနိုင်ခဲ့သည်ဟု သိရသည်။
 
တရုတ်ပြည်သူများသည် အိုလံပစ်လှုပ်ရှားမှုနှင့် ညီညွှတ်ရေး၊ ချစ်ကြည်ရေးများကို မြှင့်တင်ရန် အတွက် စိတ်အားထက်သန်စွာ ပါဝင်ခဲ့သည့်အပြင် ကြီးများသော အောင်မြင်မှုများအတွက် ပြည်သူများက များစွာ စွမ်းဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။
 
ပြိုင်ပွဲကျင်းပရာတွင် များစွာသော အဖွဲ့အစည်းများအကြား ဝင်ရောက်ညှိနှိုင်း ဆွေးနွေးနိုင်ခဲ့သည့်အတွက် တရုတ်၏ အမျိုးသားရေးအင်အားကို ပြသရာလည်းရောက်ခဲ့သည်။အိုလံပစ်သည် တရုတ်၏ ပြန်လည်နုပျိုရေးလုပ်ငန်းစဉ်အတွက် အရှိန်အဟုန်ဖြစ်လာသည်ဟု သမ္မတ ရှီက ပြောခဲ့သည်။
 
ကပ်ရောဂါကာလအတွင်းတွင် ဆောင်းရာသီ အိုလံပစ်ကို အောင်မြင်စွာ ကျင်းပနိုင်ရုံမက တရုတ်၏ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်ကာကွယ်ရေးနှင့် အခြားသော အကြောင်းအရာများကို ထည့်သွင်းနိုင်ခဲ့ခြင်းကြောင့် တရုတ်ပြည်သူများ၏ ယဉ်ကျေးမှုယုံကြည်ချက်ကို လစ်ဟပြသနိုင်ခဲ့သည်။
 
ပေကျင်းအိုလံပစ် စတင်ပြင်ဆင်ကတည်းက တရုတ်ပြည်သူပေါင်း ၃၄၆ သန်းသည် အမျိုးမျိုးသော ဆောင်းရာသီအားကစားများကို ပါဝင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
 
ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ပြီး တရုတ်အားကစားသမားများကလည်း ဆုတံဆိပ်များ အသီးသီးဆွတ်ခူးနိုင်ခဲ့ခြင်း၏ နောက်ကွယ်တွင် အရေးပါသော စိတ်ဓာတ်ငါးချက်ရှိပြီး ထိုအရာများမှာ “ကြီးမားသော အနာဂတ်အမျှော်အမြင်ရှိခြင်း၊ ယုံကြည်မှုရှိကာ ပွင့်လင်းခြင်း၊ စိန်ခေါ်မှုများကို လက်သင့်ခံခြင်း၊ ကောင်းမွန်မှုကို ရယူခြင်းနှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို အတူတည်ဆောက်ခြင်း” တို့ ဖြစ်သည်ဟု ဆိုသည်။
 
ပြိုင်ပွဲ ပြင်ဆင်ချိန်တစ်လျှောက်နှင့် ကျင်းပစဉ်တစ်လျှောက် အိုလံပစ်မှရရှိသော အသိဉာဏ်များနှင့် အတွေ့အကြုံများကို ဆက်လက်သယ်ဆောင်သွားရန် သမ္မတ ရှီက တိုက်တွန်းခဲ့သည်။
 
ပေကျင်းအိုလံပစ်၏ အမွေအနှစ်တစ်ခုမှ ရုပ်ဝတ္ထုပစ္စည်းများထက် စိတ်ဓာတ်ပိုင်းဆိုင်ရာဖြစ်သည်။လူပေါင်း သန်း ၃၀၀ ကျော်ကို နှင်းနှင့်ရေခဲ အားကစားများတွင် စိတ်ပါဝင်စားစေခဲ့ခြင်းသည် အများပြည်သူ၏ ဘဝအရည်အသွေးကို တိုးတက်စေခဲ့သည်။ဆောင်းရာသီအားကစားများသည် ကျောင်းများတွင် ထူးခြားသော ပညာရေးတန်ဖိုးကို ယူဆောင်ပေးနိုင်ရုံသာမက တရုတ်၏ အားကစားနှင့် ခရီးသွားနယ်ပယ်အတွက်လည်း စီးပွားရေးအရ အထောက်အကူပြုနိုင်သည်။
 
ဆောင်းရာသီ အိုလံပစ်ကို ကျင်းပခြင်းဖြင့် တရုတ်သည် ပြည်သူများအတွက် အရည်အသွေးပိုမြင့်မားသော ဝန်ဆောင်မှုများကို ယူဆောင်ပေးနိုင်ပြီး ပြည်သူများ၏ ယဉ်ကျေးမှုဆိုင်ရာ အပန်းဖြေမှုကို မြင့်တက်စေကာ ကျန်းမာသောဘဝဖြစ်နိုင်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည်။
 
တရုတ်နိုင်ငံအနေဖြင့် အားကစားတွင် အားကောင်းသော နိုင်ငံအဖြစ် တည်ဆောက်ရန်လည်း သမ္မတ ရှီက တိုက်တွန်းခဲ့သည်။
 
ဆောင်းရာသီ အိုလံပစ်သည် ပြိုင်ဆိုင်မှုသီးသန့်သာမကဘဲ တရုတ်ပြည်သူများ၏ အိပ်မက်နှင့် ကြီးကျယ်သော ပြန်လည်နုပျိုရေးအတွက် များစွာဆက်နွယ်နေသည်။အိုလံပစ်ပြိုင်ပွဲများသည် လက်ခံကျင်းပသော အိမ်ရှင်အတွက် ရှေ့ဆက်နှစ်ပေါင်း ၁၀ နှစ် ၁၅ နှစ်တိုင် စီးပွားရေးနှင့်လူမှုရေးအထောက်အပံ့ပေးနိုင်ခဲ့သည်။
 
လွန်ခဲ့သော ဆယ်နှစ်ခန့်က ရွှေတံဆိပ်တစ်ခုရရန်ပင် ရုန်းကန်နေရပြီး အာရှ၏ နာမကျန်းသူဟု သတ်မှတ်ခံခဲ့ရသော တရုတ်သည် ယခုအခါတွင်မူ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွင် မည်သူကမျှ အထင်မသေးရဲစရာ ဖြစ်လာခဲ့သည်။
 
ကပ်ရောဂါကာလအတွင်းတွင်ပင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၏ အရေးပါမှုကို အိုလံပစ်မှတစ်ဆင့်  အလေးပေးဖော်ပြနိုင်ခဲ့သည်။
 
စိုးနိုင်ထွန်း
Ref - Xi calls on nation to carry on Beijing 2022 Olympic spirit toward rejuvenation at event honoring role models| Global Times