【 နိုင်ငံတကာဆောင်းပါး 】 ဘုံလုံခြုံရေးအစီအမံနှင့် ယနေ့ကမ္ဘာ

【 နိုင်ငံတကာဆောင်းပါး 】 ဘုံလုံခြုံရေးအစီအမံနှင့် ယနေ့ကမ္ဘာ

အောက်တိုဘာ ၃၁ ရက်က အောင်မြင်စွာ ပြီးဆုံးခဲ့သည့် ၁၀ ကြိမ်မြောက် ပေကျင်းရှန်းရှမ်း ဖိုရမ်သို့ ကိုယ်စားလှယ် ၉၉ ဦး၊ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများ၊ စစ်ဘက်အကြီးအကဲများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် လေ့လာသူများအပါအဝင် လူပေါင်း ၁၈၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

ယခုဖိုရမ်သည် လတ်တလော ကမ္ဘာတစ်လွှားဖြစ်ပွားနေသည့် စစ်မက်နှင့် ဒေသတွင်း တင်းမာမှုများအကြား နိုင်ငံများ၏ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သော ဆွေးနွေးပွဲဖြစ်သဖြင့်လည်း ကမ္ဘာက အထူးဂရုပြု စောင့်ကြည့်ခဲ့ကြသည်။

ဖိုရမ်ကျင်းပနေချိန်တွင် ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကြီးထွားလာနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း အရှိန်အဟုန်က ယခုဖိုရမ်၏ လားရာကို ပိုပြီး သတိပြုမိစေခဲ့သည်။

ဖိုရမ်တွင်း ဆွေးနွေးပွဲများနှင့် ညှိနှိုင်းဆွေးနွေးခြင်းများကိုကြည့်လျှင် ဂါဇာမှသည် ယူကရိန်းအကျပ်အတည်းထိ ကမ္ဘာအတွက် မလုံခြုံသော စိန်ခေါ်မှုများကို ကျော်လွန်ကာ ကမ္ဘာသို့ ငြိမ်းချမ်းရေးယူဆောင်လာနိုင်ရန် ကြိုးပမ်းနေသည်ကို မြင်နိုင်သည်။

ယခုနှစ် ဖိုရမ်ကို “ဘုံလုံခြုံရေး၊ ရေရှည်ငြိမ်းချမ်းရေး” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀၀ ကျော်က ကမ္ဘာ့လုံခြုံမှုစီမံခန့်ခွဲရေးအတွက် အရေးကြီးဖြေရှင်းရေး နည်းလမ်းအဖြစ် စိတ်ဝင်စားသည့် တရုတ်က တင်ပြခဲ့သော ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်အတွက် ရှန်းရှမ်းဖိုရမ်မှာ ထိုနည်းလမ်းကို လက်တွေ့ဖော်ဆောင်ရန် အရေးကြီးပလက်ဖောင်းနှင့် ယန္တရားဖြစ်လာခဲ့သည်။

ဖိုရမ်တွင် “ဘုံလုံခြုံရေး” ကို မည်သို့ဖော်ဆောင်မည်နည်းနှင့်ပတ်သက်၍ အကြံပြုချက်များ ရရှိခဲ့သည်။ထိုသည်မှာ သိသာသော အရွေ့ဖြစ်သည်။ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သည့် “ဘုံလုံခြုံရေး၊ ထာဝရငြိမ်းချမ်းရေး” သည် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစပြုမှု (GSI) နှင့် ကိုက်ညီနေပါသည်။

လက်ရှိကမ္ဘာသည် ပထဝီဝင် နိုင်ငံရေးတင်းမာမှုများ၊ ဒေသတွင်း မတည်ငြိမ်မှုများနှင့် အခြားသော နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုများနှင့် ပြည့်နှက်နေပြီး အဆိုပါလုံခြုံရေးခြိမ်းခြောက်မှုများအားလုံးမှာ ကမ္ဘာ့အနာဂတ်ကို အရိပ်ဆိုးလို ဖုံးလွှမ်းနေသည်။ထို့အတွက် နိုင်ငံများပူးပေါင်းကာ ကမ္ဘာ့လုံခြုံရေးအတွက် ဆောင်ရွက်ရန် လိုလာသည်။ထိုသို့သော အခြေအနေတွင် ၁၀ ကြိမ်မြောက် ရှန်းရှမ်းကာကွယ်ရေးဖိုရမ်ကို ကျင်းပခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဌာနသည် ယခုနှစ်အစောပိုင်းတွင် GSI နှင့်ပတ်သက်သည့် အယူအဆစာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ဖိုရမ်တွင် တရုတ်ဗဟိုစစ်ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ကျန်းယို့ရှာက ကမ္ဘာကြီးသည် ပြောင်းလဲမှုများ၊ အစီအစဉ်မကျမှုများနှင့် ရင်ဆိုင်နေရကြောင်း၊ နိုင်ငံများအားလုံးအနေဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု စည်းမျဉ်းများကို လိုက်နာသွားသင့်သလို ဘုံဖွံ့ဖြိုးတိုးတက်မှုကို သဟဇာတရှိရှိ ဆောင်ရွက်သွားသင့်ကြောင်း၊ နိုင်ငံများအားလုံးအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် အငြင်းပွားမှုများကို ဖြေရှင်းရန်၊ မည်သည့်နိုင်ငံကမျှ မိမိ၏ကိုယ်ပိုင်သဘောဆန္ဒဖြင့် အခြားသူအပေါ် မကန့်သတ်သင့်ကြောင်း၊ မိမိတို့၏ ကိုယ်ကျိုးစီးပွားကို အခြားသူအပေါ်၌ မထားရှိသင့်ကြောင်း ပြောခဲ့သည်။

ကျန်း၏မိန့်ခွန်းသည် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစပြုမှု (GSI) အယူအဆကို ထပ်မံမြှင့်တင်ခဲ့သည်။နိုင်ငံပေါင်း ၉၀ ကျော်မှ လာရောက်ကြသော ကာကွယ်ရေးဆိုင်ရာတာဝန်ရှိသူများကို ကျန်းက ဘယ်သူမှ မရှုံးသည့် Win-Win ပူးပေါင်းဆောင်ရွက်မှုသည် အဆိုပါစိန်ခေါ်မှုများကို ကျော်လွှားရန် အရေးကြီးသည့် အချက်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို မြှင့်တင်ရာတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ယခုဖိုရမ်ကိုကြည့်လျှင် သိရသည်။ပေကျင်းသည် ယခုနှစ်အစောပိုင်းတွင် အရှေ့အလယ်ပိုင်း ပြိုင်ဘက်ဖြစ်သည် အီရန်နှင့် ဆော်ဒီအာရေဗျတို့ကို ငြိမ်းချမ်းရေးစားပွဲသို့ ပို့ဆောင်နိုင်ခဲ့သည်။ထို့နောက် ဒေသတွင်း စိုးရိမ်မှုများကြား ယခင်က အချင်းများခဲ့သည့် နိုင်ငံများကြားတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ သံရုံးများဖွင့်လှစ်ရန်အထိ နီးကပ်လာခဲ့သည်။ရန်လိုမုန်းတီးမှုများကြား ပြေလျော့ငြိမ်းချမ်းစေရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုသည် ယခုနှစ်များအတွင်း သိသာထင်ရှားလာသည်။

လုံခြုံရေးသည် နိုင်ငံနယ်နိမိတ်များကို ကျော်လွန်ပြီး နိုင်ငံအသီးသီးမှ လူများကို ထိခိုက်စေသည်ကို ယူကရိန်းကို ရုရှားကျူးကျော်မှု၊ ဂါဇာအရေးများကြောင့် ယနေ့ကမ္ဘာ ဖြစ်ပျက်နေပုံကိုကြည့်လျှင် သိနိုင်သည်။ထို့ကြောင့် လုံခြုံရေးသည် အားလုံးအတွက် ဘုံအစီအစဉ်တစ်ခုဖြစ်ကြောင်း ရှန်းရှမ်းဖိုရမ်က ပြနေသည်။ထို့ကြောင့်လည်း ကျင်းပခဲ့သည် ရှန်းရှမ်းဖိုရမ်တွင် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစိန်ခေါ်မှုများတွင် စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်းနှင့် ကွဲလွဲမှုများကို လျှော့ချရာတွင် အချင်းချင်းယုံကြည်မှုတည်ဆောက်ရန် လိုအပ်ကြောင်းကို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ထိုသည်မှာ တရုတ်ဘက်က တင်ပြခဲ့သည့် GSI အယူအဆအတိုင်းပင်ဖြစ်သည်။

ဖိုရမ်တွင် တက်ရောက်လာသောသူများက နိုင်ငံတကာတည်ငြိမ်ရေးနှင့် လုံခြုံရေးထိန်းသိမ်းကာကွယ်မှုတွင် အထူးအရေးကြီးသည့် တာဝန်များကို နိုင်ငံကြီးများက ထမ်းဆောင်သင့်ကြောင်း အကြံပြုခဲ့သည်။ရှန်းရှမ်းဖိုရမ်ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအား ပြောဆိုပိုင်ခွင့်ပေးခြင်းမျိုးကိုလည်း အကြံပြုခဲ့သည်။နိုင်ငံများအကြား သဘောကွဲလွဲမှုများနှင့် အငြင်းပွားမှုများ ဖြေရှင်းရေးတွင် တိုင်ပင်ဆွေးနွေးခြင်းနှင့် ငြိမ်းချမ်းရေးနည်းလမ်းဖြင့် “ဘုံလုံခြုံရေး” ကို ဖော်ဆောင်ရန် အကြံပြုခဲ့သည်။ “ဘုံလုံခြုံရေး” ကို ဖော်ဆောင်ရန် သမားရိုးကျနယ်ပယ်များနှင့် သမားရိုးကျမဟုတ်သော နယ်ပယ်များမှ လုံခြုံရေးများကို ဘက်ပေါင်းစုံမှ စီမံခန့်ခွဲပြီး ထိန်းသိမ်းကာကွယ်ရန် အကြံပြုခဲ့ကြသည်။  

ရှန်းရှမ်းဖိုရမ်မှ အကြံပြုချက်များသည် ကမ္ဘာ၏ ဘုံလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အလေးပေးထားပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၊ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏ အသံကို နားထောင်ထားသည်။အထူးသဖြင့် ဆင်းရဲမွဲတေမှုသည် လုံခြုံရေးခြိမ်းခြောက်မှု၏ အမြဲတမ်းအဓိကအရင်းအမြစ်ဖြစ်နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ယင်းမူလဇစ်မြစ်ကို ဖြေရှင်းရန် လိုအပ်ကြောင်း ကျယ်ပြန့်သော သဘောတူညီမှုတစ်ရပ် ရှိခဲ့သည်။

အတိုချုပ်ပြောရလျှင် ယခုနှစ် ရှန်းရှမ်းဖိုရမ်သည် နိုင်ငံအချင်းချင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကောင်းမွန်စွာ အားကောင်းလာစေရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏ အခန်းကဏ္ဍကို ပိုမိုကောင်းမွန်လာစေရန်အတွက် မြှင့်တင်ခြင်းဖြင့် စိုးရိမ်ပူပန်မှုများကို ဖြေလျှော့ရန် အခွင့်အလမ်းတစ်ခု ပေးအပ်ခဲ့သည်။

ထို့အပြင် ဖိုရမ်သည် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများအပေါ် ညှိနှိုင်းဆွေးနွေးအားပေးကာ မတူညီသော သော့ချက်ကျသော အဖွဲ့အစည်းအကြား အတားအဆီးများ စိုက်ထုတ်ခြင်းထက် ဆက်သွယ်တံတားများ တည်ဆောက်ရန် ကြိုးပမ်းခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးရှာဖွေမှုတွင် တွန်းအားအသစ်တစ်ခုကို ပေးခဲ့လေသည်။

လင်းသစ်အောင်