【 နိုင်ငံတကာဆောင်းပါး 】 ရှီ၏ APEC ခရီးစဉ်က ဒေသတွင်းနှင့် ကမ္ဘာ့တိုးတက်မှုကို အကျိုးပြုမည်

【 နိုင်ငံတကာဆောင်းပါး 】 ရှီ၏ APEC ခရီးစဉ်က ဒေသတွင်းနှင့် ကမ္ဘာ့တိုးတက်မှုကို အကျိုးပြုမည်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ဖိတ်ကြားချက်အရ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဆန်ဖရန်စစ္စကိုတွင် ကျင်းပမည့် တရုတ်-အမေရိကန် ဆွေးနွေးပွဲနှင့် လာမည့်အပတ်တွင် ကျင်းပမည့် ၃၀ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်မည်ဖြစ်သည်။

ရှုပ်ထွေးသော နိုင်ငံတကာရှုခင်းများနှင့် တရုတ်-အမေရိကန် ဆက်ဆံရေးသည် အရေးပါသော လမ်းဆုံလမ်းခွများသို့ ရောက်နေချိန်တွင် ရှီ၏ အမေရိကန်ပြည်ထောင်စုသို့ ခရီးစဉ်သည် တစ်ကမ္ဘာလုံးက အာရုံစိုက်စရာဖြစ်နေသည်။

ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး ၂ ခုအနေဖြင့် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် အကျိုးစီးပွားများ နီးကပ်စွာ ဆက်စပ်နေပြီး ကမ္ဘာ့စီးပွားရေးတစ်ခုလုံး၏ သုံးပုံတစ်ပုံသကဲ့သို့ ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံကို ပိုင်ဆိုင်ကြသလို ကမ္ဘာ့ကုန်သွယ်ရေး၏ ငါးပုံတစ်ပုံကို ကိုယ်စားပြုသည်။

နိုင်ငံအကြီးအကဲများ၏ သံတမန်ရေးသည် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုတွင် အစားထိုးမရသည့် သေနင်္ဂဗျူဟာ အခန်းကဏ္ဍရှိသည်။လွန်ခဲ့သော နိုဝင်ဘာလတွင် ရှီနှင့် ဘိုင်ဒင်သည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီတွင် တွေ့ဆုံပြီး အရေးပါသော ဘုံနားလည်မှုများ ရရှိခဲ့သည်။

တရုတ်နိုင်ငံသည် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးနှင့် နှစ်ဘက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်ခြင်း မူ ၃ ခုကို အခြေခံသည့် အမေရိကန်ပြည်ထောင်စုနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အဆင်သင့်ရှိကြောင်း ရှီ အလေးထား ပြောသည်။

“လက်ရှိအခြေအနေအရ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုသည် ဘုံအကျိုးစီးပွားများကို မျှဝေရမည်ဖြစ်ကြောင်း” ဘာလီအစည်းအဝေးတွင် ရှီ ပြောကြားခဲ့သည်။

တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့၏ ဘုံအကျိုးစီးပွားများသည် သဘောထားကွဲလွဲမှုများထက် လွန်စွာပိုမိုများပြားကြောင်း တရုတ်နိုင်ငံက ယုံကြည်ပြီး တရုတ်နှင့် အမေရိကန်ပြည်ထောင်စုများ၏ အောင်မြင်မှုအသီးသီးသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ စိန်ခေါ်မှုမဟုတ်ဘဲ အခွင့်အလမ်းသာဖြစ်ကြောင်း ရှီ ပြောသည်။

ငြိမ်းချမ်းရေးနှင့် အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသည်ဟု ယူဆသောကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံအကျိုးစီးပွားနှင့် ကမ္ဘာအတွက်ဟု ယူဆသည်။

ယခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်-အမေရိကန် ဆက်ဆံရေးသည် အလှည့်အပြောင်းများခဲ့သည်။တရုတ်အကျိုးစီးပွားကို ထိခိုက်စေသည့် အမေရိကန်ပြောဆိုမှုများနှင့် လုပ်ရပ်များသည် နှစ်နိုင်ငံသမ္မတများ ပြောဆိုခဲ့သည့် လမ်းကြောင်းမှ နက်နက်ရှိုင်းရှိုင်း သွေဖီနေသည်။

ယခုနှစ် ဇွန်လမှ စတင်ပြီး နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်၊ ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယဲလင်နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျီနာ ရိုင်မွန်ဒိုအပါအဝင် အမေရိကန်အဆင့်မြင့်အရာရှိများ တရုတ်သို့ တစ်ဦးပြီး တစ်ဦး သွားရောက်လည်ပတ်ကြသည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အထူးသံတမန် ရှီး ကျန်ဝှာနှင့် အမေရိကန် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အထူးသံတမန် ဂျွန်ကယ်ရီတို့အကြား ကယ်လီဖိုးနီးယားမှ ဆွေးနွေးပွဲများသည် အပြုသဘောဆောင်သော ရလဒ်များဖြစ်လာသည်။

နှစ်နိုင်ငံအကြားတွင် စီးပွားရေးနှင့် ဘဏ္ဍာရေး အလုပ်အဖွဲ့များနှင့် အခြားဖလှယ်ရေး ယန္တရားများလည်း ရှိနေသည်။

အောက်တိုဘာလကုန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ကာ ဘိုင်ဒင်နှင့် တွေ့ဆုံသလို အမေရိကန် နိုင်ငံရေး၊ သေနင်္ဂဗျူဟာနှင့် စီးပွားရေးအသိုက်အဝန်း ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသည်။

နိုင်ငံတော်ကောင်စီ ဒု-ဝန်ကြီးချုပ်နှင့် တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ဦးဆောင်ပုဂ္ဂိုလ် ဟာလီဖန်းသည် အမေရိကန်ပြည်ထောင်စုသို့ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း သွားရောက်ခဲ့သည်။

ပထမဆုံးအကြိမ်အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မကြာသေးမီက ပြီးဆုံးသွားသည့် တရုတ်နိုင်ငံတကာသွင်းကုန် (CIIE) ပြပွဲသို့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့သည်။အဆင့်မြင့် ထိတွေ့ဆက်ဆံမှုများ တိုးတက်လာနေပြီး နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်လာသည့် အပြုသဘောဆောင်သည့် လက္ခဏာများ တွေ့လာရသည်။

တရုတ်-အမေရိကန် ဆက်ဆံရေး အခြေခံအုတ်မြစ်သည် ပြည်သူများတွင် အခြေခံသည်။အမေရိကန်ပြည်ထောင်စုမှ တရုတ်သို့ လာရောက်သည့် လုပ်ငန်းရှင်များမှသည် Bond with Kuliang ၂၀၂၃ ခုနှစ် တရုတ်-အမေရိကန် ပြည်သူချင်း ချစ်ကြည်မှု ဖိုရမ်အထိ၊ အမေရိကန် U.S. Flying Tigers ကိုယ်စားလှယ်အဖွဲ့ တရုတ်သို့ လာရောက်လည်ပတ်ခြင်းမှသည် ပဉ္စမအကြိမ်မြောက် တရုတ်-အမေရိကန် ညီအမမြို့တော်များညီလာခံကို အောင်မြင်စွာ ကျင်းပခြင်းအထိ တရုတ်နှင့် အမေရိကန်ပြည်သူများသည် ချစ်ကြည်ရင်းနှီးမှုနှင့် နက်ရှိုင်းသော ခင်မင်မှု ပြသခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အရှိန်အဟုန် မြှင့်တင်ခဲ့သည်။

အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုသည် အင်အားကြီးမားသည့် မောင်းနှင်အားဖြစ်ကြောင်းနှင့် ပြည်သူချင်း ဖလှယ်မှု အုတ်မြစ်သည် နက်ရှိုင်းကြောင်း အချက်အလက်များက ပြသနေသည်။ဆက်သွယ်ရေးကို လမ်းဖွင့်ထားရန်နှင့် ဖလှယ်မှုမြှင့်တင်ရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်မှုအတွက် သော့ချက်ဖြစ်သည်။

အီဂျစ် နိုင်ငံခြားရေးရာကောင်စီဝင် ဟီဘာ ဂါမယ်က တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခြင်းနှင့် တင်းမာမှု လျှော့ချခြင်းသည် ကမ္ဘာ့အကျပ်အတည်းများစွာကို စံချိန်တင် လျော့ကျစေမည်ဟု ပြောသည်။

“နှစ်နိုင်ငံလုံးနဲ့ ကမ္ဘာကို အကျိုးပြုမယ့် ဘုံရည်မှန်းချက်အတွက် နှစ်နိုင်ငံ ဆုံစည်းနိုင်မယ့် လမ်းကြောင်းရှာဖို့ ပေကျင်းက အဆင်သင့်ပဲ” ဟု ဂါမယ် ပြောသည်။

           ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့ရေး

လွန်ခဲ့သောနှစ်က ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် ကျင်းပသည့် ၂၉ ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များအစည်းအဝေးတွင် ရှီက ဘုံအနာဂတ်ရှိသော အာရှ-ပစိဖိတ် လူမှုအသိုက်အဝန်း တည်ဆောက်ရေးကို တောင်းဆိုသည်။

ထိုကဲ့သို့သော တောင်းဆိုမှုနှင့်အညီ ဒေသတွင်း အရေးပါသော စီးပွားရေးဖြစ်သည့် တရုတ်နိုင်ငံသည် APEC အစီအစဉ်များတွင် တက်ကြွစွာ ပါဝင်နေသည်။ရှီသည် စစ်မှန်သော နိုင်ငံစုံဝါဒနှင့် ပွင့်လင်းသော ဒေသဆိုင်ရာဝါဒကို ဦးစားပေးကြောင်း ရှီက အကြိမ်ကြိမ်ပြောကြားပြီး ခေတ်၏ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်သည့် တရုတ်၏ အသိပညာကို ကမ်းလှမ်းကာ နိုင်ငံတကာအသိုက်အဝန်းအတွက် ယုံကြည်မှုများ ထည့်သွင်းပေးခဲ့သည်။

တရုတ်နိုင်ငံ၏ အတွေးအခေါ်နှင့် ဖြေရှင်းချက်များကို APEC အဖွဲ့ဝင်များက ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုကြသည်။ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းမှတစ်ဆင့် တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ်ဒေသ ဘုံတိုးတက်မှုအတွက် ခွန်အားများကို စုစည်းထားပေးသည်။

အထက်ပါအစီအစဉ်၏ တရုတ်-အင်ဒိုနီးရှား ပူးပေါင်းဆောင်ရွက်မှု သင်္ကေတဖြစ်သော ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းသည် အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှတွင် ပထမဆုံး မြန်နှုန်းမြင့် ရထားလမ်းဖြစ်သည်။

အာရှ-ပစိဖိတ်ဒေသတွင် ရပ်ဝန်းနှင့် ပိုးလမ်းအစီအစဉ်၏ အခြားအဓိကစီမံကိန်းတစ်ခုမှာ တရုတ်-လာအို ရထားလမ်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ပြီးနောက် လာအိုကို ကုန်းတွင်းပိတ် နိုင်ငံအဖြစ်မှာ အင်ဒိုချိုင်းနားကျွန်းဆွယ်၏ ကုန်းတွင်းဆက်သွယ်ရေးအချက်အခြာ ဖြစ်လာစေသည်။

အစိမ်းရောင်တိုးတက်မှုသည် ဒေသတွင်း ဦးစားပေးဖြစ်သည်။တရုတ်-ပစိဖိတ်နိုင်ငံများ ရာသီဥတုပြောင်းလဲမှု အရေးယူဆောင်ရွက်ရေး ပူးပေါင်းဆောင်ရွက်မှုဌာနနှင့် သီရိဒုံဆယ်တွင် တရုတ်နှင့် ထိုင်းနိုင်ငံက တည်ဆောက်သည့် ရေပေါ်ဆိုလာစွမ်းအင်ထုတ်လုပ်ရေး စီမံကိန်းအပါအဝင် စွမ်းအင်ထိန်းသိမ်းရေးနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး စီမံကိန်းများ ဒေသအတွင်း အများအပြားရှိလာသည်။

“အင်အားတောင့်တင်းပြီး ချစ်ကြည်ရင်းနှီးတဲ့ တရုတ်နိုင်ငံဟာ ဒေသတွင်းနဲ့ ကမ္ဘာမှာ အပြုသဘောဆောင်တဲ့ သြဇာလွှမ်းမိုးမှုကိုဖြစ်စေပြီး အငယ်စား၊ အလတ်စား နိုင်ငံတွေကို ဘုံဖွံ့ဖြိုးတိုးတက်မှုရရှိဖို့ ကူညီမှာဖြစ်တယ်” ဟု စင်္ကာပူဝန်ကြီးချုပ် လီရှန်လောင်း ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ပက်ဒ်ဂျဒ်ဂျာရန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး တွဲဘက်ပါမောက္ခ တူကူး ရီဇက်ယာက အာရှ-ပစိဖိတ်ဒေသတွင် တရုတ်က လုပ်ဆောင်နေသည့် အပြန်အလှန် အကျိုးရှိသော စီမံကိန်းများသည် ဘုံကြွယ်ဝချမ်းသာမှုအတွက် တရုတ်က လုပ်ဆောင်နေကြောင်း ခိုင်မာသည့် အထောက်အထားဖြစ်သည်။

          ကမ္ဘာ့ချမ်းသာကြွယ်ဝမှု မြှင့်တင်ရေး

တရုတ်နိုင်ငံသည် ပိုမိုတံခါးဖွင့်ခြင်းဖြင့် ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ကမ္ဘာ့ကျန်အစိတ်အပိုင်းများသို့ မျှဝေနေသည်။တတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သည် ပါဝင်ဆောင်ရွက်သည့် နိုင်ငံများအကြား အဆင့်မြင့်ရပ်ဝန်းနှင့် ပိုးလမ်း ပူးပေါင်းဆောင်ရွက်မှု၏ လှပသော ရုပ်ပုံလွှာကို သရုပ်ဖော်ခဲ့သည်။ ၆ ကြိမ်မြောက် CIIE သည် ကမ္ဘာတစ်ဝှမ်းမှ ပါဝင်ပြသသူ စံချိန်တင် ပိုမိုများပြားအောင် လုပ်ဆောင်နိုင်ခဲ့သည်။

အရည်အသွေးမြင့် တိုးတက်မှုနှင့် အဆင့်မြင့် တံခါးဖွင့်ခြင်းကို ဗဟိုပြုပြီး တရုတ်နိုင်ငံ ခေတ်မီရေးနှင့်ပတ်သက်သည့် ၎င်း၏ သီးခြားနည်းလမ်းကို ဦးဆောင်နေပြီး ကမ္ဘာ့တိုးတက်ရေးအတွက် မျှဝေမှု လုပ်နေသည်။ထိုသို့လုပ်ဆောင်ရာတွင် ငြိမ်းချမ်းသော တိုးတက်မှု၊ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံသာယာဝပြောရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

“ကျနော်တို့ လုပ်ဆောင်နေတဲ့ ခေတ်မီရေးက တရုတ်တစ်နိုင်ငံတည်းအတွက် မဟုတ်ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေအားလုံးနဲ့ ကျနော်တို့ အားထုတ်မှုအတွက် ဖြစ်တယ်” ဟု ရှီက လွန်ခဲ့သောလက ပေကျင်းတွင် ကျင်းပသည့် BRI ညီလာခံတွင် ပြောသည်။

ကမ္ဘာသည် ယခုလအတွင်း နောက်ထပ် သံတမန်ရေးအခမ်းအနားများ ကျင်းပရန် ရှိနေသည်။လာမည့် တရုတ်-အမေရိကန် ထိပ်သီးဆွေးနွေးပွဲနှင့် APEC ထိပ်သီးအစည်းအဝေးသည် တရုတ်နိုင်ငံတိုးတက်မှုဇာတ်လမ်းကို ပိုမိုနားလည်စေပြီး တရုတ်ခေတ်မီရေး အားထုတ်မှုဖြင့် တိုးတက်မှုများကို မောင်းနှင်အားဖြစ်စေသည်။

အထူးသဖြင့် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် အာရှ-ပစိဖိတ်နှင့် ကမ္ဘာအတွက် ဆက်ဆံရေးလမ်းကြောင်းမှန်ကို ပြန်လည်ရောက်မည်ဟု ကျယ်ကျယ်ပြန့်ပြန့်မျှော်လင့်ကြသည်။

“အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်နိုင်ငံလုံးကို တောင့်တင်းကြံ့ခိုင်စေပြီး ကမ္ဘာအတွက် အကျိုးရှိတယ်” ဟု ကိုလံဘီယာတက္ကသိုလ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဌာန ဒါရိုက်တာ စီးပွားရေးပါမောက္ခ ဂျက်ဖရီ ရှက်ဖ် ပြောသည်။ “အဲဒါမှန်ကန်ပြီး တကယ်ဖြစ်နိုင်တယ်” ဟု သူပြောသည်။

ထွန်းသစ်စ ကမ္ဘာ့တောင်ပိုင်းကို ချန်ထားခဲ့မည် မဟုတ်ပေ။လာမည့် APEC  အစည်းအဝေးတွင် တရုတ်နိုင်ငံသည် အဓိကကျသော နိုင်ငံတစ်နိုင်ငံအနေဖြင့် ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး ထွန်းသစ်စ ဈေးကွက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပိုမိုကောင်းစွာ ကိုယ်စားပြုနိုင်ရေးနှင့် ကမ္ဘာ့ရေးရာများတွင် ပိုမိုပြောရေးဆိုခွင့်ရရေးနှင့် ကမ္ဘာ့အုပ်ချုပ်ရေးစနစ် တိုးတက်ရေး တွန်းအားပေးသည်။

တရုတ်-ဘရာဇီး သုတေသနနှင့် စီးပွားရေးဌာန ဒါရိုက်တာ ရိုနီ လင်းစ်က တရုတ်နိုင်ငံသည် ပိုမိုအရေးပါသော အဆိုပြုချက်များကို ကယ်လီဖိုနီးယားတွင် အဆိုပြုမည်ဟု မျှော်လင့်ကြောင်း ပြောသည်။

ထိုအဆိုပြုချက်များသည် အာရှ-ပစိဖိတ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ပွင့်လင်း အားလုံးအကျုံးဝင်ရေးကို တည်ဆောက်ပြီး ကမ္ဘာ့ရေရှည်တိုးတက်မှုအတွက် အာရှ-ပစိဖိတ် အကျိုးဆောင်မှုဖြစ်ကြောင်း လင်းစ် ပြောသည်။

စိုးနိုင်ထွန်း
Ref - Xinhua | Xi's APEC trip to pilot China-U.S. ties, contribute to regional, global development