【 နိုင်ငံတကာဆောင်းပါး 】 ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေသစ်နှင့် အမေရိကန်

【 နိုင်ငံတကာဆောင်းပါး 】 ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေသစ်နှင့် အမေရိကန်

ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေသစ်သည် ယခုနှစ် မတ်လ ၂၃ ရက်ကစပြီး ဟောင်ကောင်တွင် စတင်အသက်ဝင်လာခဲ့ပြီဖြစ်သည်။

နိုင်ငံတော်လျှို့ဝှက်ချက်ခိုးယူမှု၊ သူလျှိုလုပ်မှုနှင့် ပြည်ပစွက်ဖက်မှုအပါအဝင် နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ဖြစ်စေသည့် လုပ်ရပ်များကို တားမြစ်ထားသည့် ယင်းဥပဒေကို ဟောင်ကောင်ဥပဒေပြုကောင်စီက တညီတညွတ်တည်း အတည်ပြုပြီးနောက် စတင်အသက်ဝင်လာခဲ့ရာ ထိုဥပဒေကို ဝေဖန်မှုများသည် ဟောင်ကောင်ဒေသတွင်းနှင့် တရုတ်ပြည်မထက် အနောက်နိုင်ငံများဘက်မှ ဝေဖန်မှုမှာ ပိုမိုကျယ်ကျယ်ပြန်ပြန့် ဖြစ်နေခဲ့သည်။

သို့သော် ဟောင်ကောင်အစိုးရက ယခုအသက်ဝင်လာသည့် အမျိုးသားလုံခြုံရေးဥပဒေသစ်သည် အမျိုးသားလုံခြုံရေးကို အကာအကွယ်ပေးခြင်းကြောင့် ကောင်းမွန်သည့် စီးပွားရေးပတ်ဝန်းကျင်တစ်ရပ်ကို ဖြစ်ပေါ်စေမည်ဟု ယုံကြည်နေသလို ဒေသတွင်းကလည်း ထိုသို့ယူဆထားကြသည်။

ထိုဥပဒေ၏ သမိုင်းကြောင်းသည် လွန်ခဲ့သည့် လေးနှစ်က ၂၀၁၉ ခုနှစ်က စခဲ့သည်။ထိုစဉ်က ပြင်းထန်သော ဆန္ဒပြမှုများကြောင့် ဟောင်ကောင်စီးပွားရေး ရက်ရှည်ရပ်ဆိုင်းကာ ပြိုလဲမှုမတတ်ဖြစ်ခဲ့သည်။စီးပွားရေးကို အာရုံစိုက်သည့် ကမ္ဘာ့စီးပွားရေးနိုင်ငံကြီးအတွက် ကမ္ဘာ့ဘဏ္ဍာရေးအချက်အချာ ဟောင်ကောင်၏ စီးပွားရေးလည်ပတ်မှုမှာ အရေးကြီးရာ ထိုအချက်ကို အကာအကွယ်ပေးရန် ထိုစဉ်က တရုတ်ပြည်မတွင် ဟောင်ကောင်ဆိုင်ရာ နိုင်ငံတော်လုံခြုံမှုဥပဒေ ပြဌာန်းခဲ့ကြသည်။

၂၀၂၀ ခုနှစ်က ကျင်းပခဲ့သည့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် NPC အစည်းအဝေးတွင် ဟောင်ကောင်ဆိုင်ရာ နိုင်ငံတော်လုံခြုံမှု ဥပဒေပြုရေး ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။ထိုဥပဒေကို နိုင်ငံအသီးသီးမှ အစိုးရအရာရှိများနှင့် ပညာရှင်များက ထောက်ခံအားပေးသည်ဟု ထိုစဉ်က တရုတ်အစိုးရပိုင် China Media Group သတင်းဌာနက ဖော်ပြခဲ့သည်။

ထိုသတင်းဖော်ပြချက်တွင် ဟောင်ကောင်ရေးရာသည် တရုတ်ပြည်တွင်းရေးပင်ဖြစ်ကြောင်း၊ ယင်းဥပဒေပြုရေး ဆုံးဖြတ်ချက်သည် ဟောင်ကောင်ဒေသတွင် ဖြစ်ပွားသည့် နိုင်ငံတော်လုံခြုံမှုထိခိုက်သော လုပ်ရပ်များကို ဥပဒေအရ ကြိုတင်ကာကွယ်ရေးနှင့် အရေးယူရေးအတွက် အကျိုးရှိမည့်အပြင် တရုတ်နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်မှုကို ကာကွယ်စောင့်ရှောက်ရန်၊ ဖွံ့ဖြိုးရေးအကျိုးစီးပွားကို ထိန်းသိမ်းရန် အရေးကြီးသည့် ဆောင်ရွက်ချက်တစ်ရပ်ဖြစ်သဖြင့် ယင်းဥပဒေသည် ဟောင်ကောင်သူ၊ ဟောင်ကောင်သားများ၏ လုံခြုံမှုကို အာမခံပေးလိမ့်မည်ဟု ဖော်ပြခဲ့သည်။

ထိုစဉ်က  အဆိုပါဥပဒေကို ဟောင်ကောင်အလွှာပေါင်းစုံမှ လူ ၂ ဒသမ ၉၂ သန်းကျော်က အင်တာနက်နှင့် လမ်းဘေးဂိတ်များမှတစ်ဆင့် လက်မှတ်ရေးထိုး ထောက်ခံခဲ့ကြသည်။

ထိုသို့ ပြည်မတွင် ဥပဒေပြုရန် ဆုံးဖြတ်ပြီးနောက် လေးနှစ်အကြာ ယခုနှစ် မတ် ၁၉ ရက်တွင် ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေသစ်ကို ဟောင်ကောင်လွှတ်တော်က အတည်ပြုခဲ့သည်။ Article 23 ဟု ရည်ညွှန်းပြောသော ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေသစ်တွင် အမျိုးသားလုံခြုံရေးဆိုင်ရာ ရာဇဝတ်မှု အမျိုးအစား ၅ ခုကို အဓိကဖော်ပြထားသည်။ထိုထဲတွင် နိုင်ငံခြားသားများ၊ နိုင်ငံခြားအဖွဲ့အစည်းများနှင့် အဆက်အဆံလုပ်သည့် နေရာများတွင် တရားမဝင် ရည်ရွယ်ချက်များ၊ မလျော်ကန်သည့် နည်းလမ်းများဖြစ်နေပါက ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်ရသည့် အချက်နှင့် နိုင်ငံတော်သစ္စာဖောက်မှုနှင့် ဆူပူအုံကြွမှုကဲ့သို့ ပြစ်မှုများအား  ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့် အချက်များ ပါဝင်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေးမီက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ထိုထုတ်ပြန်ချက်တွင် ယင်းဥပဒေသည် အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်၏ အကျိုးစီးပွားများကို အန္တရာယ်ပေးနိုင်သည့် အလားအလာရှိနေပြီး ဟောင်ကောင်တာဝန်ရှိသူတွေအပေါ် အမေရိကန်ပြည်ဝင်ခွင့် ကန့်သတ်သွားမယ်လို့ ဖော်ပြခဲ့သည်။ထို့ပြင် ဟောင်ကောင်အား ဦးစားပေးကုန်သွယ်မှု အဆင့်အတန်းကို ရုပ်သိမ်းရန်လည်းပါသည်။ထိုသို့ ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေသစ်ကို အမေရိကန်က မတရားသဖြင့် ရှုတ်ချဝေဖန်ခြင်းနှင့် သားပုပ်လေလွင့် စွပ်စွဲပြောဆိုခြင်းများကို တရုတ်ဘက် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း မတ် ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး ကြေညာချက်တွင် အမေရိကန်အနေဖြင့် တရုတ်၏ အချုပ်အခြာအာဏာကို လေးစားမှုရှိရန်နှင့် မိမိတို့၏ ပြည်တွင်းရေးတွင် ကြားဝင်နှောင့်ယှက်မှုများကို ချက်ချင်းရပ်တန့်ရန် ပြောခဲ့သည်။

သံရုံးတာဝန်ရှိသူတစ်ဦးက မီဒီယာကို ဖြေကြားရာတွင် ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ အထူးအုပ်ချုပ်ရေးဒေသဖြစ်ပြီး ဟောင်ကောင်ရေးရာသည် တရုတ်ပြည်တွင်းရေးဖြစ်၍ မည့်သည့်နိုင်ငံမှ ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ပြောကြားခဲ့သည်။၎င်းက အမေရိကန်ဘက်သည် အဖြစ်မှန်များကို လျစ်လျူရှုပြီး ဟောင်ကောင်ရေးရာများတွင် ဝင်ရောက်စွက်ဖက်ပြောဆိုကာ တရုတ်ဗဟိုအစိုးရနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အစိုးရအပေါ် အကြောင်းမဲ့ ပြစ်တင်ရှုတ်ချ၍ ဟောင်ကောင်ဆိုင်ရာ နိုင်ငံတော်လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေကို ထပ်ခါတလဲလဲ သားပုပ်လေလွင့် ပြောဆိုခဲ့ကြောင်း၊ အမေရိကန်ဘက်သည် ဟောင်ကောင်အပေါ် အကြောင်းမဲ့သက်သက် တစ်ဖက်သတ် အရေးယူပိတ်ဆို့ရန်နှင့် သက်ဆိုင်ရာ တာဝန်လုပ်ငန်းများ ထမ်းဆောင်သည့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ဝန်ထမ်းများကို အရေးယူရန် ကြံစည်နေကြောင်း၊ တရုတ်ဘက်သည် ယင်းအပေါ် ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ အမေရိကန်ဘက်အား ဟောင်ကောင်ရေးရာနှင့် တရုတ်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုများကို ချက်ချင်းရပ်စဲရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ယေဘုယျကြည့်ပါက တစ်နိုင်ငံ စနစ်နှစ်မျိုးအောက်ရှိ ဟောင်ကောင်အတွက် အသေးစား အခြေခံဥပဒေသဖွယ်ဖြစ်သည့် ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေသည် လိုအပ်နေသည်။မြို့တော်အား ပြည်မမှ အမျိုးသားလုံခြုံရေး ဥပဒေတစ်ရပ်လို ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် လိုအပ်သည်။အဆိုပါဥပဒေသည် စီးပွားရေးသာယာဝပြောရေးကို ဦးတည်သည့် ခေတ်သစ်ကို ဖော်ဆောင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရာတွင် အဓိကကျသော အုတ်မြစ်ဖြစ်သည်။ပေကျင်းနှင့် ဟောင်ကောင်အစိုးရများက အဆိုပါဥပဒေသည် တည်ငြိမ်မှုကို ပြန်လည်ရရှိစေသည်ဟုဆိုသည်။

အမျိုးသားလုံခြုံရေးကို အကာအကွယ်ပေးသည့် ဥပဒေကြမ်းတွင် အဆိုပြုထားသည့်အတိုင်း ဥပဒေသစ်သည် အစိုးရ၏ အုပ်ချုပ်မှုဆိုင်ရာ စိန်ခေါ်မှုများ၊ နိုင်ငံတော်ပုန်ကန်မှုနှင့် သောင်းကျန်းမှုတို့ကို တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့် အာဏာကို တိုးချဲ့ထားသည်။ဥပဒေတွင် သူလျှိုလုပ်မှုအတွက် အနှစ် ၂၀ အထိနှင့် နိုင်ငံတော်လျှို့ဝှက်ချက်များကို ဥပဒေမဲ့ ထုတ်ဖော်မှုအတွက် ပြင်းထန်သော ထောင်ဒဏ်များ ပါဝင်သည်။အချို့သော ပြဋ္ဌာန်းချက်များသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာ၌မဆို ကျူးလွန်သည့် လုပ်ရပ်များအတွက် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုများကို ခွင့်ပြုထားသည်။

ထိုဥပဒေသည် လေဆိပ်ကို သိမ်းပိုက်ပြီး မီးရထားဘူတာများကို ဖျက်ဆီးသည့် ၂၀၁၉ ခုနှစ်ကဲ့သို့ အများပြည်သူကို ထိခိုက်စေခဲ့သည့် ဆန္ဒပြမှုများကို တားဆီးနိုင်သည်။ထို့ပြင် စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းအချက်အလက် ယိုစီးမှုကိုလည်း ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

ထို့ပြင် ယခုဥပဒေသည် သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဧပြီလ ၂ ရက်က ဖုန်းခေါ်ဆိုမှုအတွင်း နောက်ဆုံးဥပဒေပြု ပြဋ္ဌာန်းခဲ့ခြင်းနှင့်ပတ်သက်ပြီး ပြောဆိုမှုရှိခဲ့သည်။

ရှီက ဘိုင်ဒင်အား အဆိုပါဥပဒေသည် ဟောင်ကောင်ပြည်သူတွေရဲ့ သုခချမ်းသာနဲ့ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်ပြီး ယင်းဥပဒေသည် အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တာဝန်တစ်ရပ်ဖြစ်ကြောင်း ပြောခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နိုင်ငံတကာအမြင်တွင်မူ ထိုဥပဒေအပေါ် အနောက်နိုင်ငံများ၏ ကန့်ကွက်နေမှုသည် ၎င်းတို့အကျိုးစီးပွားအပေါ် အခြေခံနေပြီး ဟောင်ကောင်သားများအပေါ် အနည်းငယ်သာ ထည့်သွင်းစဉ်းစားမှု ပေါ်လွင်နေသည်။သို့သော် ဥပဒေတစ်ရပ်၏ သက်ရောက်မှုကို သိရန်မှာ နှစ်အနည်းငယ် အချိန်ယူရန်လိုသည်ကို သတိပြုရန် မေ့နေကြသည်ဟုလည်း ဆိုသည်။

ယခုဥပဒေသည် ဟောင်ကောင်၏ တရားဥပဒေစိုးမိုးမှုနှင့် ရာဇဝတ်မှုကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းနိုင်မည်က သေချာကြောင်းကို မည်သည်ကမှ စောဒကမတက်သည်မှာလည်း ထူးဆန်းမှုဖြစ်သည်။

ထို့ကြောင့်လည်း လက်ရှိဟောင်ကောင်ဒေသခံများက ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေသစ်ကို လက်ခံကြခြင်း ဖြစ်ပေလိမ့်မည်။

စိုးငြိမ်း