【 နိုင်ငံတကာဆောင်းပါး 】 အခြေခံကုန်ပစ္စည်း ဈေးကွက်များအပေါ် သက်ရောက်လာနိုင်သည့် ပင်လယ်နီပြဿနာ

【 နိုင်ငံတကာဆောင်းပါး 】 အခြေခံကုန်ပစ္စည်း ဈေးကွက်များအပေါ် သက်ရောက်လာနိုင်သည့် ပင်လယ်နီပြဿနာ

မကြာသေးမီကပင် ပင်လယ်နီအတွင်းရှိ ကုန်သွယ်သင်္ဘောများ တိုက်ခိုက်ခံရမှုမှာ ပိုမိုပြင်းထန်လာခဲ့ပြီး အမေရိကန်နှင့် ဗြိတိန်ဘက်မှလည်း ယီမင်ရှိ ဟူသီအဖွဲ့များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထိုတင်းမာမှုများကြောင့် ကုန်ပစ္စည်းစီးဆင်းမှု ထိခိုက်နိုင်ပြီး သင်္ဘောများသည် အာဖရိကတောင်ပိုင်းမှ ပို၍ သွားလာနိုင်ဖွယ်ဖြစ်သည်။ထို့ကြောင့် ထောက်ပံ့ရေးအတွက် အန္တရာယ်များ ပိုများလာပြီး အခြေခံကုန်ပစ္စည်း ဈေးကွက်များတွင် စွမ်းအင်ဈေးကွက်သည် အထိခိုက်ဆုံးဖြစ်လာမည်ဖြစ်သည်။  

ပင်လယ်နီဒေသအတွင်း၌ ရေနံထုတ်လုပ်မှုမှာ များပြားသောကြောင့် ပင်လယ်နီမှ ရေနံစီးဆင်းမှုသည် အရေးပါသည်။ကမ္ဘာ့ပင်လယ်ရေနံ ၁၂ ရာခိုင်နှုန်းကို ပင်လယ်နီမှ ဖြတ်သန်းကုန်သွယ်ရခြင်းဖြစ်သည်။ရုရှား၏ ယူကရိန်းကျူးကျော်စစ်အပြီးတွင် ဥရောပသမဂ္ဂက ရုရှားထံမှ ရေနံရယူခြင်းကို ပိတ်ပင်ထားသောကြောင့် ရုရှားသင်္ဘောများသည် အိန္ဒိယနှင့် တရုတ်အပါအဝင် အချို့သော အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ပင်လယ်နီလမ်းကြောင်းမှ ပိုမိုသွားရောက်လာသည်။ဥရောပသည်လည်း ရုရှားမှ ရေနံတင်ပို့မှုကို ကန့်သတ်အပြီးတွင် ထိုလမ်းကြောင်းမှပင် အာရှနှင့် အရှေ့အလယ်ပိုင်းများထံမှ တင်ပို့လာခြင်းများ ရှိနေခြင်းဖြစ်သည်။   

များစွာသော ကုန်တင်ပို့သူများက ပင်လယ်နီလမ်းကြောင်းမှ မသွားဘဲ အခြားသောလမ်းကြောင်းကို ရွေးချယ်မည်ဟု ကြေညာခဲ့ကြသည်။ဒီဇင်ဘာလအတွင်း၌ ပင်လယ်နီလမ်းကြောင်းသည် အနည်းငယ် တောင့်ခံနိုင်ခဲ့သော်လည်း ဇန်နဝါရီလ၌ အမေရိကန်နှင့် ဗြိတိန်တို့က ယီမင်တွင် လေကြောင်းတိုက်ခိုက်မှုအပြီး ဒေသတွင်း တင်းမာမှုများကြောင့် သင်္ဘောများသည် အခြားသောလမ်းကြောင်းမှ ပတ်သွားရပြီး သွားရချိန် ပိုကြာမြင့်သောကြောင့် ပင်လယ်နီလမ်းကြောင်းမှလာသည့် ရေနံများအပေါ် မှီခိုနေရသည့် အချို့နိုင်ငံများအပေါ် ဖိအားဖြစ်လာနိုင်သည်။အထူးသဖြင့် အိန္ဒိယသည် ပင်လယ်နီမှလာသည့် ရုရှားရေနံများကို မှီခိုနေရခြင်းဖြစ်သည်။

လက်ရှိတွင်မူ ရေနံကုန်သွယ်မှုသည် အချိန်ပိုကြာမြင့်သည်ကလွဲ၍ ရေနံလုံးဝမတင်ပို့နိုင်မည့် အတားအဆီး မရှိသေးသောကြောင့် တင်းမာမှု ဆက်လက်ပျံ့နှံ့နှုန်းကို စောင့်ကြည့်ရမည်ဖြစ်သည်။ဟော်မုဇ်ပင်လယ်ကွေ့အထိ ပဋိပက္ခပျံ့နှံ့မှု ရှိ၊ မရှိကို အဓိကထား ကြည့်ရမည်ဖြစ်သည်။အကယ်၍ ဟော်မုဇ်ပင်လယ်ကွေ့အထိ သက်ရောက်လာပါက ဆော်ဒီအာရေးဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စုကသာ ပိုက်လိုင်းတင်ပို့မှုဖြင့် ရှောင်လွဲနိုင်စွမ်းရှိပြီး ကျန်တင်ပို့မှုများအတွက်မူ ဟော်မုဇ်ပင်လယ်ကွေ့ကသာ တစ်ခုတည်းသော ရွေးချယ်စရာဖြစ်သည်။  

ပင်လယ်နီမှတစ်ဆင့် LNG ဓာတ်ငွေ့စီးဆင်းမှုသည်လည်း မြင့်တက်လာပြီး ကမ္ဘာလုံးဆိုင်ရာ LNG ကုန်သွယ်မှု၏ ၈ ရာခိုင်နှုန်းရှိသည်။ LNG များသည် ပင်လယ်နီလမ်းကြောင်းမှတစ်ဆင့် အာရှသို့ သွားသကဲ့သို့ ဥရောပသည်လည်း ရုရှားရေနံကို ပိတ်ပင်ထားသောကြောင့် LNG ဓာတ်ငွေ့အပေါ် ပို၍ မှီခိုလာရသည်။ကာတာသည် ဥရောပသို့ LNG ဓာတ်ငွေ့ အကြီးမားဆုံး တင်ပို့သူဖြစ်ပြီး ပင်လယ်နီနှင့် ဆူးအက်တူးမြောင်းတို့မှတစ်ဆင့် ကုန်သွယ်ခြင်းဖြစ်သည်။

LNG ဓာတ်ငွေ့ တင်ပို့သော သင်္ဘောများသည် မကြာသေးခင်က တိုက်ခိုက်မှုများကို ရှောင်နိုင်ခဲ့သည်ဆိုသော်လည်း အဓိကအားဖြင့် အမေရိကန် LNG သင်္ဘောများအပါအဝင် ပို့ဆောင်သူအများစုသည် ပင်လယ်နီလမ်းကြောင်းကို ရှောင်ရှားလာကြပြီး ကာတာဘက်ကလည်း ထိုလမ်းကြောင်းကို ရှောင်ရှားလာနိုင်ဖွယ်ရှိသည်။

လတ်တလောတွင်မူ ပို့ဆောင်ချိန် ကြာမြင့်မှုရှိနိုင်ပြီး တင်ပို့သူပစ်မှတ်ကို ပြောင်းလဲလိုက်နိုင်သည်။အာရှဒေသသို့ ပုံမှန်တင်ပို့နေသည့် အမေရိကန်ဘက်မှ ဥရောပကို ပြောင်းလဲကာ တင်ပို့ပြီး ဥရောပသို့ တင်ပို့နေကျ ကာတာက အာရှကို တင်ပို့ခြင်းဖြင့် လမ်းကြောင်းပြောင်းလိုက်နိုင်သည်။အဓိကအချက်မှာ အခြားသွားစရာလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ပင်လယ်ကွေ့ကို ထိခိုက်လာပါကမူ ပြဿနာဖြစ်မည်ဖြစ်သည်။  

သတ္တုများကို တင်ဆောင်လာသည့် သင်္ဘောများအတွက်မူ ပင်လယ်နီပြဿနာက အကြီးမားဆုံး သက်ရောက်မှုဖြစ်သည်။သတ္တုတင်ပို့ရသော သင်္ဘောများသည် ကွန်တိန်နာများဖြင့်ဖြစ်သောကြောင့် လမ်းကြောင်းပြောင်းလိုက်ခြင်းသည် သယ်ယူပို့ဆောင်စရိတ်ကို ပို၍ကျသင့်စေပြီး အချိန်လည်း ပိုကြာမြင့်စေမည်ဖြစ်သည်။ဒီဇင်ဘာလအလယ်ပိုင်းကတည်းက ဆူးအက်တူးမြောင်းကို အသုံးပြုနေသည့် ကွန်တိန်နာတင်သင်္ဘော ၈၀ ရာခိုင်နှုန်းသည် လမ်းကြောင်းပြောင်းလဲခဲ့ရပြီး ဇန်နဝါရီလအရောက်တွင်မူ ၉၀ ရာခိုင်နှုန်းက လမ်းကြောင်းပြောင်းလဲခဲ့ရသည်။ထိုသို့လမ်းကြောင်းပြောင်းလဲခြင်းများသည် အချိန်ပိုကြာမြင့်ကာ စရိတ်ကြီးမားစေသောကြောင့် အဆုံးသတ်၌ ရောင်းချမည့် ဈေးနှုန်းသည် မြင့်တက်လာမည်ဖြစ်သည်။

အထူးအလူမီနီယံများသည် ဒီဇင်ဘာအစောပိုင်းမှ စတင်ပြီး ၁၀ မှ ၁၅ ရာခိုင်နှုန်း ဈေးမြင့်တက်လာသည်ကို တွေ့ရသည်။ဥရောပသည် အလူမီနီယံသွင်းကုန်များကို များစွာမှီခိုနေရပြီး ဒေသတွင်းထုတ်လုပ်မှုသည် အနိမ့်ဆုံး ရောက်ရှိနေချိန်ဖြစ်သည်။

ပင်လယ်နီပြဿနာကြောင့် အထိအခိုက်အနည်းဆုံးမှာမူ စိုက်ပျိုးရေးဆိုင်ရာ ကုန်စီးဆင်းမှုဖြစ်သည်။သို့သော်လည်း အမေရိကန်မှ ဂျုံ၊ ပြောင်းများသည် ဆူးအက်တူးမြောင်းမှတစ်ဆင့် အာရှသို့သွားရာတွင် အချိန်ပိုကြာမြင့်သည်ကို တွေ့ရသည်။ယခုအခါတွင် ပင်လယ်နီပြဿနာကြောင့် ဆူးအက်တူးမြောင်းကိုပါ ရှောင်ရှားရလျှင် ပို၍အချိန်ကြာမြင့်မည်ဖြစ်သည်။  

ထို့အပြင် ပင်လယ်နီအတွင်း၌ ကွန်တိန်နာသင်္ဘောများသည် လမ်းကြောင်းကို ရှောင်ရှားကြသောကြောင့် ကွန်တိန်နာနှင့် ပို့ရသော သကြားတင်ပို့မှုသည်လည်း အခက်အခဲဖြစ်လာမည်ဖြစ်ကာ များစွာသော အာရှနိုင်ငံများ၏ ပြည်တွင်းဈေးကွက်တွင် အကျပ်အတည်းဖြစ်လာနိုင်သည်။သကြားသာမက အခြားသော ကွန်တိန်နာဖြင့် ပို့ရသည့် စိုက်ပျိုးရေးထုတ်ကုန်များတွင် အဟန့်အတားဖြစ်လာမည် ဖြစ်သည်။

ထို့အပြင် ပို့ဆောင်ချိန် နှောင့်နှေးပါက လယ်သမားများအတွက်လည်း ဒီဇယ်ဈေးနှင့် ဓာတ်မြေသြဇာဈေးများ မြင့်တက်ပြီး အရင်းအနှီးကြီးလာနိုင်မည်လည်းဖြစ်သည်။

NaYoe
Ref - bne IntelliNews - ING: What the Red Sea crisis could mean for commodity markets