【 နိုင်ငံတကာဆောင်းပါး 】 အမေရိကန်-တရုတ် ဆက်ဆံရေးအတွက် ရှေ့ခရီးလမ်းသစ်

【 နိုင်ငံတကာဆောင်းပါး 】 အမေရိကန်-တရုတ် ဆက်ဆံရေးအတွက် ရှေ့ခရီးလမ်းသစ်

၂၀၂၃ ခုနှစ် မေလတွင် ဟီရိုရှီးမားတွင် ပြုလုပ်သည့် G-7 ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပေကျင်းနှင့် ဆက်ဆံရေး တင်းမာမှုသည် မကြာမီ အရည်ပျော်သွားလိမ့်မည်ဟု မှတ်ချက်ပြုခဲ့သည်။

လေးလအကြာတွင် အမေရိကန်နှင့် တရုတ်တို့သည် မီးပုံးပျံဖြစ်ရပ်ကို အတိတ်မှာထားခဲ့ရန်နှင့် ၎င်းတို့၏ ခိုင်မာသော ဆက်ဆံရေး တည်ငြိမ်စေရန်အတွက် အရေးကြီးသော ပထမခြေလှမ်းများကို လုပ်ဆောင်ခဲ့ကြသည်။

ဆက်သွယ်ရေးလိုင်းများ ပြန်လည်ဖွင့်လှစ်ခြင်း၊ အပြန်အလှန်ဖလှယ်ခြင်း၊ အာမခံချက်ပေးခြင်း၊ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး တိုးတက်မှုကို မှတ်တမ်းတင်နိုင်ခဲ့သည်။ယခင်က နှစ်ဖက်တိုက်ပွဲအသွင်ဖြစ်ခဲ့သည့် ပို့ကုန်ထိန်းချုပ်ရေးကဲ့သို့သော နယ်ပယ်များတွင်ပင် တိုးတက်မှုရှိလာခဲ့သည်။

သို့သော် အပြန်အလှန် အကောက်ခွန်တိုးမြှင့်ခြင်းနှင့် အကြီးတန်းအဆင့် ကာကွယ်ရေးဖလှယ်မှုများတွင် စေ့စပ်ဆွေးနွေးမှုလို့ နောက်ကျ ကျန်နေသေးသည့် အဓိကကျသော နယ်ပယ်များမှာ ဆက်လက်ရှိနေသေးသည်။မကြာမီက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဝါရှင်တန်ခရီးစဉ်က တရုတ်-အမေရိကန် ဆက်ဆံရေးတွင် တိုးတက်ဖြစ်ထွန်းမှုအသစ်များရှိနေသည်ကို ပြနေသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ဆန်ဖရန်စစ္စကိုတွင် ပြုလုပ်မည်ဖြစ်သော အေပက် ထိပ်သီးအစည်းအဝေးတွင် ဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံမည့်ကိစ္စမှာ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေသော ကိစ္စဖြစ်သည်။ထိုတွေ့ဆုံမှုကြောင့် လက်ရှိ ကမ္ဘာတစ်လွှား မဆုတ်သာ မတိုးသာဖြစ်နေသည့် အကျပ်အတည်းများနှင့် မတည်မငြိမ်ဖြစ်ရပ်များကို အနည်းနှင့် အများဆိုသလို သက်ရောက်မည်ဟု ခန့်မှန်းထားသည်။

သို့သော် ထိုတွေ့ဆုံမှု ဖြစ်မြောက်ရန် ကြိုးစားနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဝါရှင်တန်ခရီးစဉ်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အပါအဝင် အမေရိကန် ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ဆန်ဖရန်စစ္စကို ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့သည်ဟု သိရသည်။အောက်တိုဘာ ၂၉ ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ရေးမှာ ချောမွေ့လွယ်ကူသည့် အလုပ်ဖြစ်လိမ့်မည်မဟုတ်ဆိုထားရာ အကောင်းဘက်ချည်း မှန်းဆလို့ မရနိုင်သော သဘောဖြစ်သည်။

ရှီနှင့် ဘိုင်ဒင် တွေ့ဆုံရေးနှင့်ပတ်သက်ပြီး တရုတ်အစိုးရဘက်က ပြီးခဲ့သည့်လကပင် ပြောခဲ့တာရှိသည်။ထိုသည်မှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ရေးသည် အမေရိကန်ပြည်ထောင်စုက ရိုးသားမှုအပြည့်အဝပြနိုင်မှုအပေါ် မူတည်ကြောင်း ဆိုထားခြင်းဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပခဲ့သော G-20 ထိပ်သီးဆွေးနွေးပွဲ၌ နောက်ဆုံးတစ်ကြိမ် တွေ့ဆုံခဲ့ဖူးသည်။ထို့နောက် တွေ့ဆုံခြင်းမရှိသည်မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။ထိုအတောအတွင်း ကမ္ဘာ့အခြေအနေက အပြောင်းလဲကြီး ပြောင်းလဲနေသည်။ဆိုသည်က ပို၍ကောင်းလာခြင်းမဟုတ်ဘဲ ပို၍ဆိုးလာခြင်းဖြစ်သည်။ထိုအခြေအနေကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်နိုင်ငံ၏ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံမှုမှာ ကမ္ဘာ့အတွက် အရေးပါလာနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ အမြင်အတွက် အမေရိကန်၏ မဟာဗျူဟာသည် တရုတ်နိုင်ငံကို ကမ္ဘာ့စီးပွားရေးမှ ဖယ်ထုတ်ထားရန်၊ သံတမန်နည်းအရ သီးခြားခွဲထုတ်ရန်၊ စစ်ရေးအရ ဝန်းရံထားပြီး ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုကို နည်းပညာအရ ဖိနှိပ်ရန် ရည်ရွယ်ထားသည်ဟု အမြင်ရှိသည်။အမေရိကန်က တရုတ်ကို အာရှနှင့် ပစိဖိတ်အပါအဝင် ကမ္ဘာတစ်ဝန်း စီးပွားရေးတိုးချဲ့ခြင်းမှာ သြဇာအာဏာချဲ့ထွင်လာသည်ဟု မြင်သည်။ထို့အတွက် တရုတ်ကိုထိန်းရန် မဟာဗျူဟာပြိုင်ဘက်အဖြစ် သတ်မှတ်ထားသည်။ထိုအခြေအနေတွင် တရုတ်ကြီးထွားလာမှုကို ကန့်သတ်ရန် အမေရိကန်နှင့် အနောက်အုပ်စုက ကြိုးစားလာခြင်းပင်ဖြစ်သည်။

အမေရိကန်နှင့် တရုတ်တို့သည် ၎င်းတို့၏ အကျိုးစီးပွားများ၊ ထိတွေ့ဆက်ဆံမှုဆိုင်ရာ စည်းကမ်းချက်များနှင့် ပြဿနာများတွင် ဆုံးဖြတ်ခြင်း၌ သဘောထားကွဲလွဲမှုများရှိသည်။အမေရိကန်ပြည်ထောင်စုသည် “စစ်အေးတိုက်ပွဲသစ်ကိုမရှာ၊ တရုတ်၏စနစ်ကို ပြောင်းလဲရန် မကြိုးစားဘဲ၊ ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံ၊ တရုတ်နှင့် ပဋိပက္ခကိုမရှာဟု ဆိုသော်လည်း  တရုတ်နှင့် ဆက်ဆံရေး ပြန်လည်ရှင်သန်ရေးတွင် ရှေ့တိုး နောက်ဆုတ်ခြင်းကို သတိထား လုပ်ကိုင်နေသည်။

တရုတ်သည် လက်ရှိနိုင်ငံတကာစည်းမျဉ်းကို ပြောင်းလဲရန် (သို့မဟုတ်) အမေရိကန်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် မကြိုးပမ်းဘဲ အမေရိကန်ကို စိန်ခေါ်ရန် (သို့မဟုတ်) နေရာကို ရွှေ့ပြောင်းရန် ရည်ရွယ်ချက်မရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြီးဖြစ်သည်။သို့သော် ယနေ့ တရုတ်၏ ဦးစားပေး စီးပွားရေးမိတ်ဖက် ဥရောပသမဂ္ဂက မော်စကိုသည် တရုတ်၏ အရေးအကြီးဆုံး ပထဝီဝင် နိုင်ငံရေးမဟာမိတ် ဖြစ်လာနေသည်ကို စိတ်မငြိမ်မသက်စွာဖြင့် ကြည့်ရှုသည်။

ထို့အတူ အမေရိကန်၏ တရုတ်ကို ထိန်းချုပ်ရန် ရည်ရွယ်သည့် Quad ၊ AUKUS နှင့် အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်၊ အမေရိကန်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံလုံးဆိုင်ရာ ပူးပေါင်းမှုများကို တရုတ်က ရင်တမမ ကြည့်နေရသည်။ထိုသည်များက ပကတိဖြစ်နေသည့် အခြေခံများဖြစ်သည်။ထိုသို့သော ဝိဝါဒကွဲပြားစရာများကို မဖြေရှင်းဘဲ အပေါ်ယံသဘောတူညီမှုများကိုသာယူပါက နှစ်နိုင်ငံဆက်ဆံရေးမှာ ပုံမှန်ပြန်ကောင်းလာဖို့ မလွယ်ကူချေ။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆီသို့ ဦးတည်သော တရုတ်-အမေရိကန် ဆက်ဆံရေးကို ထိန်းကျောင်းရန် လမ်းညွှန်မှုများကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နေချိန်တွင် အမေရိကန်ဘက်က ဖီတာနိုင်းလို ကိစ္စများကို တရုတ်အပေါ် အပြစ်တင်ခြင်း၊ နည်းပညာမြင့် ချစ်ပ်များ တင်ပို့ခြင်းကို ကန့်သတ်တားမြစ်ခြင်းမျိုးက တရုတ်ဘက်၏ ယုံကြည်မှုကို ပျက်ပြားစေနိုင်ပေသည်။

မကြာသေးမီက တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်ကိုကြည့်လျှင် သမ္မတနှစ်ဦးတွေ့ဆုံမှုကို တရုတ်ဘက်က မည်မျှအလေးထား ပြင်ဆင်နေသည်ကို မြင်ရမည်ဖြစ်သော်လည်း ထုတ်ပြန်ချက်တွင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ရေးမှာ ချောမွေ့လွယ်ကူသည့်အလုပ် ဖြစ်လိမ့်မည်မဟုတ်ဟု အလေးနက်ထားခြင်းနှင့် အမေရိကန်ပြည်ထောင်စုက ရိုးသားမှုအပြည့်အဝပြနိုင်မှုအပေါ် မူတည်ကြောင်း ကြိုတင်ပြောခဲ့မှုများကြောင့် တရုတ်ဘက်က တာဝန်ခံမှု၊ တာဝန်ယူမှုကို တောင်းဆိုထားခြင်းကို မြင်ရမည်ဖြစ်သည်။

ယခုအကြိမ် ခရီးစဉ်တွင် တရုတ်ပြည်သည် တရုတ်-အမေရိကန် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ “ပြုလုပ်ရမည့် ကိစ္စ ၅ ခု” ကို အလွန်ရှင်းလင်းပြတ်သားစွာ ဖော်ပြခဲ့ပါသည်။ယင်းကိစ္စ ၅ ခုမှာ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ သဘောတူညီချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်-အမေရိကန် နှစ်ဖက်ဆက်ဆံမှုကို တည်ငြိမ်စေရမည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေးလမ်းကြောင်းကို အဟန့်အတားမရှိအောင် ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း၊ သဘောကွဲလွဲမှုများ၊ ပဋိပက္ခများနှင့် အချင်းပွားမှုများကို စီမံထိန်းချုပ်ရမည်ဖြစ်ကြောင်း၊ အပြန်အလှန်အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးရမည်ဖြစ်ကြောင်း ပါဝင်ပါသည်။

တစ်ချိန်တည်းတွင် တရုတ်ပြည်သည် “တစ်ဖက်၏ မဟာဗျူဟာ ရည်ရွယ်ချက်ကို တစ်ဖက်က ပကတိအတိုင်း ရှုမြင်ခြင်း၊ တရုတ်-အမေရိကန် ပေါင်းသင်းဆက်ဆံရေးတွင် ယှဉ်ပြိုင်မှုကို မှန်ကန်စွာ ရှုမြင်ခြင်းနှင့် နိုင်ငံတော်လုံခြုံရေး ယေဘုယျ အယူအဆကို ရှင်းလင်းပြတ်သားအောင် သိရှိခြင်း” ဟူသော အချက် ၃ ချက်ကို တစ်ဆင့်တိုး အာရုံစိုက်ခဲ့သည်။ယင်းသည် တရုတ်ဘက်အနေနှင့် တရုတ်-အမေရိကန် ဆက်ဆံမှုကို ပုံမှန်ကောင်းမွန်သော လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရန် မည်သို့ ထိရောက်စွာ တွန်းအားပေးမည်နည်းဆိုသည်ကို ပိုမိုရှင်းလင်းပြတ်သားသော အသိအမြင်နှင့် စီမံကိန်းရှိခြင်းကို ပြသနေပါသည်။

အမေရိကန်ဘက်သည်လည်း ယင်းအပေါ် အပြုသဘောဆောင်သော ဖော်ပြချက်များကို ပြောကြားရာတွင် အမေရိကန်အနေနှင့် နှစ်နိုင်ငံ ဆက်ဆံမှု တည်ငြိမ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် မျှော်လင့်ကြောင်း အလေးထား ဖော်ပြခဲ့သည်။

အရေးအကြီးဆုံး အချက်မှာ တရုတ်ဘက်က လိုလားသော  အပြန်အလှန်လေးစားခြင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနှင့် အပြန်အလှန်အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ခြင်း မူများကို လက်တွေ့ဖော်ဆောင်ခြင်းဖြစ်သည်။

သို့ဖြစ်ရာ အမေရိကန်-တရုတ် ဆက်ဆံရေးအတွက် ရှေ့ခရီးလမ်းသစ်သည် အဆိုပါအချက် ၃ ချက်ကို အခြေခံမည်ဖြစ်ရာ မည်မျှရှေ့ဆက်နိုင်မည်ကို လာမည်ရက်သတ္တပတ်များတွင် မြင်တွေ့ရမည်ဖြစ်သည်။

လင်းသစ်အောင်