【 နိုင်ငံတကာဆောင်းပါး 】 BRICS နှင့် အနောက်ကမ္ဘာ၏ စိုးရိမ်မှု

 နိုင်ငံတကာဆောင်းပါး  BRICS နှင့် အနောက်ကမ္ဘာ၏ စိုးရိမ်မှု

ယခုရက်ပိုင်းအတွင်း ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးပေါ် နိုင်ငံတကာက အာရုံစိုက်နေကြသည်။

ထိုအစည်းအဝေးကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်တွင် သုံးရက်ကြာကျင်းပမည်ဖြစ်သည်။ဩဂုတ်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပမည့် ထိုအစည်းအဝေးသို့ BRICS အဖွဲ့ဝင် ဘရာဇီး၊ ရုရှား၊အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့မှ ထိပ်တန်းခေါင်းဆောင်များအပြင် အဖွဲ့ဝင်အဖြစ်လျှောက်ထားသောအခြားနိုင်ငံများလည်း တက်ရောက်ကြမည်ဖြစ်သည်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့အတွက် ကိုယ်စားပြုသော BRICS အသင်းသည် စတင်တည်ထောင်ချိန်မှစ၍ ထွန်းသစ်စနိုင်ငံများ၏ စုပေါင်းစီးပွားရေး၊ နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရှေ့တန်းကို တင်ခဲ့သည်။ယခုအစည်းအဝေးတွင် အလှည့်အပြောင်းအဖြစ် အမေရိကန်ဒေါ်လာ ကြီးစိုးနေမှုကို အစား ထိုးရန်အားထုတ်လာမည်ဟု ခန့်မှန်းထားသလို အဖွဲ့ဝင်သစ်အဖြစ် လျှောက်ထားမှုများကို လက်ခံဖွယ်လည်းရှိနေသည်ကိုတွေ့ရသည်။

လက်ခံကျင်းပမည့် တောင်အာဖရိကနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး Naledi Pandor က ယင်းထိပ်သီးအစည်းအဝေးသို့ နိုင်ငံပေါင်း (၃၄) နိုင်ငံက ပါဝင်တက်ရောက်ရန် အတည်ပြုခဲ့ကြောင်းပြောခဲ့ပြီး အစည်းအဝေးတွင် BRICS အဖွဲ့ကို ထပ်မံတိုးချဲ့ရန် နှင့် အမေရိကန်ဒေါ်လာလွှမ်းမိုးမှုများကို စိန်ခေါ်နိုင်ရန်အတွက် BRICS အဖွဲ့ငွေကြေးကို လုပ်ဆောင်ရန် အာရုံစိုက်သွားမည်ဟု ပြောခဲ့သည်။

ယနေ့ ကမ္ဘာ့စီးပွားရေးမှာ နာလန်ထူရန် ခက်ခဲနေပြီး ယူကရိန်းသို့ ရုရှားကျူးကျော်မှုနောက်ပိုင်း အမေရိကန်၏ပိတ်ဆို့မှုကြောင့် ကမ္ဘာ့စီးပွားရေးတွင် အချို့နိုင်ငံများအတွက် အခက်အခဲများဖြစ်ပေါ်ခဲ့သည်။အထူးသဖြင့် အမေရိကန်ဒေါ်လာ ကြီးစိုးမှုကြောင့်ဖြစ်ရာ ထိုသည်ကို လျှော့ချရန် ကမ္ဘာ့စီးပွားရေးနိုင်ငံအချို့ကကြိုးစားလာသည်။အထူးသဖြင့် အမေရိကန်မဟုတ်သော မဟာမိတ်များကြားတွင် ဒေါ်လာနှင့် အခြားရွေးချယ်စရာများကိုရှာဖွေရန်မှာ အစဉ်တစိုက် တွန်းအားပေးခဲ့ကြသည်။

ယခုလ အစောပိုင်း အိန္ဒိယ၏ နိုင်ငံခြားရေး၀န်ကြီးမှ ငွေကြေးသည် “နိုင်ငံတော်အတွက် အလွန်အရေးပါသောပြဿနာတစ်ရပ်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

တောင်အာဖရိက ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးက ဘုံငွေကြေးစနစ်သည် ဘဏ်လုပ်ငန်းသမဂ္ဂ၊ ဘဏ္ဍာရေးသမဂ္ဂနှင့်မက်ခရိုစီးပွားရေး လိုအပ်ကြောင်း ထောက်ပြခဲ့သည်။နိုင်ငံရေးကြောင့် စီးပွားရေးမတည်ငြိမ်မှု၊ စီးပွားရေးကြောင့်နိုင်ငံရေးမတည်ငြိမ်မှု စသည့် လုံးလည်ချာလည်လိုက်နေသည့်ကာလတွင် တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများကြောင့်ဖြစ်လာသည့် အခက်အခဲကိုရှောင်လွှဲရန် အမေရိကန်မဟုတ်သော မဟာမိတ်များကြားတွင် နောက်ထပ်ရွေးချယ်စရာမှာ ယနေ့ခေတ်ကာလတွင် အရေးတကြီးဖြစ်လာသည်။ထိုသို့ရှာကြံခြင်းက အနောက်ကမ္ဘာအတွက်စီးပွားရေး၊ ပထဝီဝင်နိုင်ငံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များတွင် အမျိုးမျိုးသော စိုးရိမ်ပူပန်မှုများနှင့် သဘောထားအမြင်များကို ဖြစ်ပေါ်စေခဲ့သည်။မကြာသေးမီနှစ်များအတွင်း ထွန်းသစ်စစျေးကွက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် BRICS နိုင်ငံများတွင် ပါဝင်လို သည့် ပြင်းပြသောဆန္ဒများကို ပိုမိုဖော်ပြလာကြသည်။ထိုသို့သော နိုင်ငံများထဲတွင် အနောက်နိုင်ငံများနှင့် နီးကပ်သောဆက်ဆံရေးရှိသည့် နိုင်ငံအချို့လည်း ပါဝင်လာလေရာသဖြင့် အနောက်နိုင်ငံများအတွက် ဂရုပြုစရာဖြစ်လာသလို BRICS အဖွဲ့ အားကောင်းလာမှုသည့် အမေရိကန်ဦးဆောင်သော အနောက်ကမ္ဘာ့အတွက် စိုးရိမ်စရာ အခင်းအကျင်းဖြစ်လာသည်။

၂၀၂၂ ခုနှစ်မှစ၍ အာဂျင်တီးနား၊ ဗင်နီဇွဲလား၊ အယ်လ်ဂျီးရီးယား၊ နိုင်ဂျီးရီးယား၊ အီသီယိုးပီးယား၊ အီဂျစ်၊ဆော်ဒီအာရေဗျ၊ အီရန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဘီလာရုစ် စသည့် နိုင်ငံ ၂၀ ကျော်သည် BRICS ၏ တရားဝင် အဖွဲ့ဝင်နိုင်ငံဖြစ်လာရန် လျှောက်ထားကြသည်။ထို့အပြင် မက္ကဆီကို၊ ထိုင်း၊ ကာဇက်စတန် စသည့် နိုင်ငံများသည်လည်း “BRICS+” ပုံစံ (သို့မဟုတ်) BRICS ပြင်ပနှင့်ချိတ်ဆက်လှုပ်ရှားမှုများ မူဘောင်အောက်တွင်ရှိ ပူးပေါင်းဆောင်ရွက်မှုများ၌ အကြိမ်ပေါင်းများစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ထိုနိုင်ငံများကိုကြည့်လျှင် BRICS အဖွဲ့၏ အရေးပါလာမှုကို မြင်နိုင်မည်ဖြစ်သည်။

လက်ရှိတွင် ကမ္ဘာ့ဂျီဒီပီရဲ့ (၃၁.၅) ရာခိုင်နှုန်း အထိ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက စသည့်နိုင်ငံ ၅ နိုင်ငံက ကိုယ်စားပြုသည့် BRICS နိုင်ငံတွေရဲ့ ဂျီဒီပီစုစုပေါင်းရှိနေပြီး ၂၀၃၀ တွင် (၅၀) ရာခိုင်နှုန်းအထိရှိလာမည်ဟု ခန့်မှန်းထားရာ အဖွဲ့ဝင်အဖြစ် မျှော်မှန်းထားသော နိုင်ငံများအနေဖြင့် ကြီးမားသော စီးပွားရေးအုပ်စုထဲပါဝင်ခွင့်က မက်လောက်စရာ အခွင့်အလမ်းဖြစ်သည်။

ယခုအစည်းအဝေးတွင် လျှောက်ထားသည့် နိုင်ငံများကိုပါ အတည်ပြုခဲ့ပါက BRICS နိုင်ငံများ၏ ကမ္ဘာ့စီးပွားရေးတွင် ကိုယ်စားပြုမှုမှာ အတော်ကို ကြီးမားဖွယ်ရှိမည်ဖြစ်သည်။

လွန်ခဲ့သည့်နှစ်က ပေကျင်း၌ကျင်းပသော ၁၄ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတွင် နိုင်ငံအသီးသီးမှခေါင်းဆောင်များသည် အစုအဖွဲ့၏ အဖွဲ့ဝင်အဖြစ် တိုးမြှင့်ရန် သဘောတူညီခဲ့ကြရာ ယခုအစည်းအဝေးတွင်နိုင်ငံတကာအာရုံစိုက်နေသည့် အဖွဲ့ဝင်သစ်တိုးခြင်းမှာ ဖြစ်လာနိုင်ဖွယ်ရှိနေသည်။

BRICS နိုင်ငံများသည် စီးပွားရေးအရ ကြီးထွားလာသည်နှင့်အမျှ နိုင်ငံတကာကုန်သွယ်မှုနှင့် ဘဏ္ဍာရေးစနစ်များတွင်လည်း အားကောင်းလာမည်ဖြစ်သည်။ယင်းကြောင့် ထွန်းသစ်စနိုင်ငံများ၏ စီးပွားရေးကို ပိုမိုကောင်းမွန်စွာကိုယ်စားပြုနိုင်မည်ဖြစ်သည်။ထိုသို့သောအခြေအနေများကြောင့်  နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ်တို့ကဲ့သို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများကို ပြန်လည်ဖွဲ့စည်းရန် BRICS အဖွဲ့ဝင်နိုင်ငံများက တောင်းဆိုခဲ့မှုများရှိခဲ့သည်။အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တွင် BRICS ငါးနိုင်ငံ၏ စုစုပေါင်းဝေစုနှင့် ကမ္ဘာ့ဘဏ်တွင် BRICS ၏ မဲပေးပိုင်ခွင့်မှာ ၁၄ ရာခိုင်နှုန်းခန့် အသီးသီးရှိသည်။သို့ရာတွင် အစဉ်အလာအားဖြင့် အနောက်နိုင်ငံများက ထိုကမ္ဘာ့အစီအစဉ်များကို သတ်မှတ်ရာတွင် လွှမ်းမိုးထားရာ BRICS သည် ထွန်းသစ်စနိုင်ငံများအတွက် ထိုသို့သောအဖွဲ့များနေရာတွင် အစားထိုးစရာဖြစ်လာသည်။

BRICS တိုးတက်မှုသည် ကမ္ဘာ့ပါဝါချိန်ခွင်လျှာကို ပြောင်းလဲစေပြီး ကုန်သွယ်မှု၊ စစ်ရေးနှင့် နည်းပညာကဲ့သို့သော နယ်ပယ်များတွင် ပြိုင်ဆိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးလာစေသည်။

BRICS နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတကာ နိုင်ငံရေးနှင့် စီးပွားရေးစနစ်တွင် ဩဇာကြီးမားသော ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးယန္တရား ဖြစ်လာခဲ့သည်။

ကုလသမဂ္ဂ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ G20 အဖွဲ့ စသည့် ကမ္ဘာလုံးဆိုင်ရာ အဓိကကျသော ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးယန္တရားများတွင် BRICS ဩဇာလွှမ်းမိုးမှု များ တစ်နေ့ထက်တစ်နေ့ မြင့်မားလာခဲ့သည်။

သို့ဖြစ်ရာ တောင်အာဖရိကတွင် ကျင်းပသော BRICS ထိပ်သီးအစည်းအဝေးမှာ ကမ္ဘာ့စီးပွားရေးနှင့်နိုင်ငံတကာအကျပ်အတည်းအတွက် အဖြေတစ်ခုထွက်လာမည်ဟု မျှော်လင့်ထားမှုလည်းရှိသည်။

ယခုအစည်းအဝေးသို့ ရှားသမ္မတ ဗလာဒီမာ ပူတင်မှအပ ကျန် BRICS နိုင်ငံလေးနိုင်ငံမှ ခေါင်းဆောင်များထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့်အပြင် အာဖရိကနှင့် ကမ္ဘာလုံးဆိုင်ရာတောင်ဘက်ခြမ်းမှခေါင်းဆောင်၆၇ ဦးလည်း တက်ရောက်ရန် ဖိတ်ကြားထားရာ ယူကရိန်းကျူး ကျော်စစ်နောက်ပိုင်း နိုင်ငံအများဆုံးမှခေါင်းဆောင်များ လူကိုယ်တိုင်တက်ရောက်ကြသည့် အစည်းအဝေးဖြစ်သည်။

ယခုအစည်းအဝေးတွင် နိုင်ငံပေါင်း ၂၀ ကျော်၏ အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမှုနှင့် အလုံးစုံသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်ဦးမော့လာမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုတို့ကိုလည်း အဓိကထားဆွေးနွေးဖွယ်ရှိနေသည်ဟု ဆိုသည်။သို့ဖြစ်ရာ ယခုအစည်းအဝေးတွင် အဖွဲ့ဝင်အဖြစ်ဝင်ရန် စိတ်ဝင်စားမှုမြင့်တက်လာခြင်းသည် G-7 နှင့် G-20 ကဲ့သို့သော အနောက်အုပ်စုကြီးစိုးသော အလွတ်သဘောအုပ်ချုပ်မှုဆိုင်ရာအဖွဲ့အစည်းများအတွက် BRICS မှာ တရားဝင်စိန်ခေါ်သူဖြစ်လာသည့် လက္ခဏာအဖြစ် အနောက်နိုင်ငံများက ရှုမြင်ကြမည်ဖြစ်သည်။

သို့သော် ထွန်းသစ်စနိုင်ငံများအတွက် BRICS ကို အနောက်နိုင်ငံများနှင့် ကွဲပြားစွာ တိုးတက်မှုအခွင့်အလမ်းတစ်ခုအဖြင့် မြင်နေရာ ထိုသည်ကပင် အနောက်ကမ္ဘာ့ကို စိုးရိမ်စိတ်ဖြစ်စေခြင်းပင်ဖြစ်လေသည်။

လင်းသစ်အောင်