【 နိုင်ငံတကာဆောင်းပါး 】Adora Magic City နဲ့ သင်္ဘောတည်ဆောက်မှုမှာ ရှေ့တန်းရောက်လာတဲ့ တရုတ်

【 နိုင်ငံတကာဆောင်းပါး 】Adora Magic City နဲ့ သင်္ဘောတည်ဆောက်မှုမှာ ရှေ့တန်းရောက်လာတဲ့ တရုတ်

မကြာမီက နိုင်ငံတကာသတင်းများတွင် တရုတ်နိုင်ငံက တန်ချိန် တစ်သိန်း သုံးသောင်းကျော်ရှိသည့် ပင်လယ်ကူးအပျော်စီးသင်္ဘော Adora Magic City ကို ဇွန်လက ရေချစမ်းသပ်ခဲ့သည့် သတင်းများတွေ့ရသည်။ ထို့နောက်မကြာမီ ဇူလိုင်လတွင်  ဖင်လန်နိုင်ငံသင်္ဘောကျင်းတစ်ခုက တန်ချိန်နှစ်သိန်းခွဲကျော်ရှိ ကမ္ဘာ့အကြီးဆုံး အပျော်စီးသင်္ဘော Icon of Seas ကို အောင်မြင်စွာရေချစမ်းသပ်နိုင်ခဲ့သည်။  ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ် လာသည့် သတင်းများက ကိုဗစ်အလွန် ခရီးသွားလုပ်ငန်းအားကောင်းလာနိုင်မှုအတွက် ပြင်ဆင်နေမှုကိုမြင်ရသလို တန်ချိန်သိန်းချီသည့် ဧရာမသင်္ဘောတည်ဆောက်သည့်လုပ်ငန်းထဲ တရုတ်ပါဝင်လာသည်ကို မြင်လိုက်ရခြင်းဖြစ်သည်။  ဆိုသည်က တန်ချိန်သိန်းနှင့်ချီသည့် သင်္ဘောများ ရေချစမ်းသပ်နိုင်သည့် အရပ်ဘက်သင်္ဘောများ တည်ဆောက်မှုထဲ အာရှမှ သင်္ဘောကျင်းများ ပါလာသလို ထိုထဲတရုတ်ပါဝင်လာခြင်းကြောင့် ကမ္ဘာ့ဧရာမအပျော်စီးသင်္ဘောတည်ဆောက်ခြင်းလုပ်ငန်းထဲ ယခင်ထက်ပိုမိုယှဉ် ပြိုင်မှုပြင်းထန်လာတော့မည့် အရိပ်ယောင်ကိုမြင်လာရခြင်းဖြစ်သည်။

ယခုနှစ်ကုန်တွင် ပြီးစီးကာ တရုတ်နိုင်ငံပိုင်လုပ်ငန်းစုတစ်ခုဖြစ်သည့် CSSC Carnival သို့ အပ်နှံမည့် Adora Magic City အပျော်စီးသင်္ဘောကို Shanghai Waigaoqiao Shipbuilding Co., Ltd.မှ  ၂၀၁၉ခုနှစ် အောက်တိုဘာလတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအပျော်စီးသင်္ဘောမှာ အလျား ၃၂၃.၆ မီ တာနှင့် အကျယ် ၃၇.၂ မီတာရှိကာ သင်္ဘောတန်ချိန် ၁၃၅,၅၀၀ ရှိပြီး အမြင့်မှာ အထပ်၂၄ထပ် တိုက်စာ ရှိသည်။ ၎င်းအပျော်စီးသင်္ဘောကြီးပေါ်တွင် ခရီးသည်ဦးရေ ၆,၅၀၀ ကျော် တင်ဆောင်နိုင်ပြီး ယင်းသင်္ဘောပေါ်တွင် ဇိမ်ခံဟိုတယ်တစ်ခု၊ ရုပ်ရှင်ရုံများနှင့် ရေကူးကန်ဥယျာဉ်တစ်ခုလည်း ပါဝင်ကြောင်းသိရသည်။ ဇွန် ၆ ရက်က ရေချခြင်းလုပ်ငန်းပြီးစီးခဲ့သည့် Adora Magic City အပျော်စီးသင်္ဘောကြီးမှာ ယခု ဩဂုတ်လကုန်တွင် အတွင်းပိုင်းပြင်ဆင်ပြီးစီးမည်ဖြစ်မည်ကို တွေ့ရသည်။

အပျော်စီးခုတ်မောင်းနှုန်းတစ်နာရီလျှင် ၃၃ ကီလိုမီတာနှင့် အမြင့်ဆုံးအမြန်နှုန်း တစ်နာရီလျှင် ၄၂ ကီလိုမီတာထိခုတ်မောင်းနိုင်ပြီး  ပါဝါအတွက် ဒီဇယ်ဂျင်နရေတာ ငါးလုံးဖြင့် မောင်းနှင်ကာ လျှပ်စစ်တွန်းအားပေးစက် နှစ်လုံးဖြင့် သင်္ဘောကို မောင်းနှင်မည် ဧရာမသင်္ဘောကြီး၏ ပမာဏမှာ နည်းသည့်တည်ဆောက်မှုတော့မဟုတ်။ ပုံများနှင့် ရုပ်သံများတွင် အထပ်မြင့်များရှိသည့် ရပ်ကွက်ကြီးတစ်ခုစာရှိသည်။ ယခု တန်ချိန်တစ်သိန်းသုံးသောင်းကျော်ရှိ Adora Magic City အပျော်စီးသင်္ဘောကြီးကို တည်ဆောက်နိုင်မှုကြောင့် တရုတ်နိုင်ငံအဖို့ C919 ခရီးသည်တင်ဂျက်လေယာဉ်ကို ပျံသန်းပြေးဆွဲပြနိုင်ပြီးနောက် နိုင်ငံ၏သင်္ဘောတည်ဆောက်မှုနှင့် အဆင့်မြင့်ကုန်ထုတ်လုပ်မှုအတွက် အောင်မြင်မှုတစ်ခုကို ကမ္ဘာကိုချပြနိုင်သလို ဖြစ်ခဲ့သည်။      

ရှန်ဟိုင်းတွင် ရေချခဲ့သည့် Adora Magic City အပျော်စီးသင်္ဘောကြီးကို တည်ဆောက်ပြေးဆွဲမည့် CSSC Carnival အဖို့ ယင်းသင်္ဘောဖြင့် ရှန်ဟိုင်းကနေ ဂျပန်နဲ့ အရှေ့တောင်အာရှဒေသတွေဆီ ထိုမှ ပင်လယ်ရေကြောင်းပိုးလမ်းမတစ် လျှောက် အလယ်အလတ်နဲ့ ရှည်လျားတဲ့လမ်းကြောင်းကိုလည်း ပြေးဆွဲသွားမည်ဟု ဆိုထားသည်။ ထို့ကြောင့် အင်ဒို-ပစိဖိတ်ရေပြင်တွင် အဓိက ပြေးဆွဲမည့် Adora Magic City အပျော်စီးသင်္ဘောကြီးကြောင့် ဒေသတွင်း အပျော်စီး ခရီးသွားလုပ်ငန်းမှာ  ပိုအားကောင်းလာမည်ကိုမျှော်လင့်လို့ရနေပေသည်။

ထုတ်ပြန်ထားမှုအရဆိုလျှင် သင်္ဘောမှာ ၂၄ထပ်တိုက်အမြင့်ရှိပြီး ခရီးသည်နားနေခန်း၂၁၂၅ခန်း၊ အမှုထမ်းများအတွက် အခန်းပေါင်း ၇၀၀ နီးပါး၊ အများသုံးဧရိယာစတုရန်းမီတာ၄သောင်းကျော်တွင်စားသောက်ဆိုင်များ၊ပြဇာတ်ရုံ၊ ရေပေါ်ဥယျာဉ်၊Gymနှင့်ဘတ်စကက် ဘောကွင်းစသည့် အမျိုးအစားစုံလင်သည့် အပန်းဖြေ အဆောက်အုံအများအပြားတွဲဖက်ထားသည်။ထို့အပြင် ပင်လယ်ပေါ်ရှိ အကြီးဆုံးအခွန်လွတ်ဆိုင်နှင့် ကမ္ဘာ့ပထမဆုံး 5G အသုံးပြုနိုင်သည့် အပျော်စီးသင်္ဘောလည်း ဖြစ်ရာ Adora Magic City မှာ သင်္ဘောပိုင်းတည်ဆောက်မှု သာမကဘဲ စီးပွားရေးအရပါ ဦးတည်ထားခြင်းကိုတွေ့ရသည်။ထို့ကြောင့် Adora Magic City အပျော်စီးသင်္ဘောဖြင့် ကမ္ဘာ့အပျော်စီးသင်္ဘောစျေးကွက်အထိ ချဲ့ထွင်ရန် တရုတ်၏ ကြီးမားသော ခြေလှမ်းအဖြစ် သင်္ဘောတည်ဆောက်ရေးအသိုင်းအ၀ိုင်းက မြင်ထားကြသည်။ 

အပျော်စီးသင်္ဘောကြီးများသည် လေယာဉ်တင်သင်္ဘောများနှင့် LNG သင်္ဘောကြီးများနှင့်အတူ ကမ္ဘာလုံး ဆိုင်ရာသင်္ဘောတည်ဆောက်ရေးလုပ်ငန်း၏ "မကိုဋ်" များထဲတွင် ပါဝင်ပါသည်။ထိုသည်မှာ  တရုတ်သင်္ဘော တည်ဆောက်သူများအဖို့ ရယူရခြင်းမရှိသေးသော နောက်ဆုံးရတနာဖြစ်သည်။ Adora Magic City သည် တရုတ် နိုင်ငံ၏ ခေတ် မီကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကခြေလှမ်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ ကိုယ် ပိုင်ဆန်းသစ်တီထွင်မှုတွင် ခိုင်မာမှုကို သက်သေပြသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ကြီးမားသည့် သင်္ဘောတည်ဆောက်ရေးကို လက်စသတ်ကာ သက်ဆိုင်ရာ CSSC Carnival Cruise Shipping သို့ Adora Magic City ကို ပေးအပ်နိုင်ခြင်းသည် တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွင် အောင်မြင်မှုတစ်ခုဖြစ်ပြီး လစ်ဟာနေသည့် ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးခြင်းလည်းဖြစ်သည်။ မပေးအပ်ခင် ထိုသင်္ဘောကို ပင်လယ်ရေကြောင်း စမ်းသပ်မှု နှစ်ကြိမ်ပြုလုပ်မည်ဖြစ်ပြီး ယခုနှစ်ကုန်တွင် အပ်နှံပြီးပါက ၂၀၂၄ ခုနှစ်တွင် စတင်ပြေးဆွဲမည်ဖြစ်သည်။ ထိုသို့အပ်နှံပြီးပါက တရုတ်နိုင်ငံသည် ဂျာမနီ၊ ပြင်သစ်၊ အီတလီနှင့် ဖင်လန်တို့ပြီးလျှင် အပျော်စီးသင်္ဘောကြီးများတည်ဆောက်နိုင်သည့် ကမ္ဘာ့ပဉ္စမမြောက်နိုင်ငံဖြစ်လာမည်ဖြစ်သည်။ သို့ရာတွင် ယခုသင်္ဘောသစ်သည် နည်းပညာ၊ လိုက်ဖက်ညီမှုနှင့် မောင်းနှင်နိုင်မှုကို အခြေကျရန်အတွက် ပင်လယ်ပြင်တွင် လေးနှစ်မှ ငါးနှစ်ကြာ ပြေးဆွဲမှုလိုအပ်ဦးမည်ဖြစ်သည်။

အခြားနိုင်ငံများ၏သင်္ဘောတည်ဆောက်မှုဖွံ့ဖြိုးမှုသမိုင်းကြောင်းနှင့် ယှဉ်ကြည့်ပါက တရုတ်၏ သင်္ဘောတည်ဆောက်မှုတိုးတက်မှုမှာ  အံ့အားသင့်ဖွယ်မြန်ဆန်လှသည်။ သို့ရာတွင် ယခုတည်ဆောက်မှုတွင် ဒီဇိုင်းပိုင်း၌ Fincantieri နှင့် ပူးပေါင်းဆောင်ရွက်ထားရသဖြင့် လိုအပ်မှုများရှိနေရာ ဂျာမနီနှင့် အီတလီတို့ကဲ့သို့ အပျော်စီးသင်္ဘောတည်ဆောက်သူများနှင့် နှိုင်းယှဉ်လျှင်မူ ကွာဟချက်များရှိနေဦးမည်ဖြစ်သည်။

CCYIA နှင့် Shanghai Academy of Social Sciences တို့၏ အစီရင်ခံစာအရ သင်္ဘောအသစ်များနှင့် ဆက်စပ်ပြုပြင်ခြင်းလုပ်ငန်းများပါဝင်သည့်  အပျော်စီးသင်္ဘောလုပ်ငန်းမှ ၂၀၃၅ ခုနှစ်တွင် တရုတ်စီးပွားရေး အတွက် ယွမ်ငွေ ၅၅၀ ဘီလီယံ (ဒေါ်လာ ၇၇.၅ ဘီလီယံ) ပံ့ပိုးပေးနိုင်မည်ဟု ခန့်မှန်းထားရာ ထိုကဏ္ဍတွင် တရုတ်ဘက်က မည်မျှမျှော်လင့်ထားသည်ကို မြင်ရမည်ဖြစ်သည်။

Adora Magic Cityသင်္ဘောကြီးအောင်မြင်စွာတည်ဆောက်နိုင်ခြင်းမှာ တရုတ်နိုင်ငံအတွက် ကြီးမားသော သင်္ဘောတစ်ခုတည်ဆောက်နိုင်သည်ဆိုသည်ထက် ပိုသည်။ အထူးသဖြင့် နည်းပညာတွင် မိမိကိုယ်မိမိ မှီခိုအားထားရန် တွန်းအားပေးမှုအောက်တွင် သီးပွင့်လာသော ရလဒ်တစ်ခုဖြစ်ရာ သတိထားဖွယ်ဖြစ်ခဲ့သည်။ ၂၀၂၂ခုနှစ် တွင် ထိုတွန်းအားပေးမှု၏အသီးအပွင့်များဖြစ်သည့် ပထမဆုံးသော စီးပွားဖြစ် ခရီးသည်တင်လေယာဉ်ကြီး C919 ၊ CSSC၏ ကွန်တိန်နာ ၂၄,၀၀၀ တင်ဆောင်နိုင်သည့် ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောတို့ထွက်ပေါ်လာခဲ့သည်။ ယခုနှစ်တွင် တန်ချိန် တစ်သိန်းသုံးသောင်းကျော် အပျော်စီးသင်္ဘောလည်းအောင်မြင်စွာတည်ဆောက်နိုင်ခဲ့ရာ တရုတ်နိုင်ငံ၏ လျင်မြန်စွာတိုးတက်နေသော သင်္ဘောတည်ဆောက်ရေး လုပ်ငန်းအတွက် Adora Magic City သင်္ဘောမှာ မှတ်တိုင်သစ်တစ်ခုဖြစ်လေသည်။

လက်ရှိရေချခဲ့သည့် ကမ္ဘာ့အကြီးဆုံး အပျော်စီးသင်္ဘော  Icon of Seas ၏ အရှည်က ၃၆၅ မီတာ၊ Adora Magic City အပျော်စီးသင်္ဘောကြီး၏ အရှည်က ၃၂၃.၆ မီတာဖြစ်ရာ ကွာခြားမှုက မီတာ ၄၀ ကျော် ရှိသည်။ တန်ချိန်မှာ  တစ်သိန်းကျော်လောက်ကွာသော်လည်း မကြာခင်နှစ်များတွင် ကမ္ဘာ့အကြီးဆုံး အပျော်စီးသင်္ဘောဆိုတာ တရုတ်ဘက်မှာ ထွက်ပေါ်လာနိုင်ဖို့ များသည်။ ထိုသို့ တန်ချိန် သိန်းနှင့်ချီကာ သင်္ဘောကြီးများတည်ဆောက်နိုင်မှုသည့် တရုတ်၏သင်္ဘောတည်ဆောက်ခြင်းနှင့် ရေကြောင်းဆိုင်ရာတွင်မည်မျှ တိုးတက်နေပြီ၊ ယခင်ရေကြောင်းဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်တွင် ရှေ့ရောက်နေသည့် အနောက်နိုင်ငံများကို မှီရုံမျှမက ကျော်တက်ရန် အခြေခံကောင်းများရနေပြီဆိုသည်ကို တရုတ်ဘက်ကကမ္ဘာ့သို့ ပြသလိုက်ခြင်းပင်ဖြစ်သည်။

 လင်းသစ်အောင်