【 ‌ဆောင်းပါး 】 ချုံချင့်၊ ဖူကျိုးနဲ့ ချစ်ကြည်ရေးမြို့တော်ဖြစ်လာမည့် ရန်ကုန်

【 ‌ဆောင်းပါး 】 ချုံချင့်၊ ဖူကျိုးနဲ့ ချစ်ကြည်ရေးမြို့တော်ဖြစ်လာမည့် ရန်ကုန်

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကြားတွင် နှစ်နိုင်ငံရင်းနှီးချစ်ကြည်မှုများသာမက အထင်ကရမြို့များကို ချစ်ကြည်ရေးမြို့တော်အဖြစ် ထူထောင်ခြင်းများဖြင့် လုပ်ဆောင်လာလျက်ရှိသည်။

နှစ်နိုင်ငံကြားတွင် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လာခြင်းနှင့်အတူ ချစ်ကြည်ရေးမြို့တော် အစီအစဉ်များအဖြစ် ပြုလုပ်ကာ နှစ်နိုင်ငံကြားတွင် ပိုမိုခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများကို တည်ဆောက်လာကြခြင်းလည်းဖြစ်သည်။

လတ်တလောတွင်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ချုံချင့်နှင့် ဖူကျိုးမြို့တို့ကို ချစ်ကြည်ရေးမြို့တော်အဖြစ် တည်ထောင်နိုင်ရေးအတွက် နှစ်နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိသူများ ဆွေးနွေးနေလျက်ရှိသည်။

ချုံချင့်မြို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်နယ်အဆင့်ရှိသော မြူနီစီပယ်အုပ်ချုပ်ရေး မြို့တော်ဖြစ်ပြီး တရုတ်နိုင်ငံ အနောက်ပိုင်း၊ စီချွမ်ပြည်နယ်တွင်တည်ရှိ၍ ရှေးနှစ်ပေါင်း ၄၀၀၀ ကျော်ကပင် ပေါ်ထွန်းခဲ့သော မြို့ဟောင်းတစ်ခုလည်းဖြစ်ခဲ့သည်။ ၁၉၃၆ ခုနှစ်မှ ၁၉၃၈ ခုနှစ်အတွင်း ဖောက်လုပ်ပြီးစီးခဲ့သော တရုတ်-မြန်မာလမ်းမကြီးမှာ ယင်းမြို့မှ ကူမင်းမြို့ကိုဖြတ်၍ မြန်မာနိုင်ငံနှင့် ဆက်သွယ်ထားသော မော်တော်ကားလမ်းမကြီးလည်း ဖြစ်ခဲ့သလို လက်ရှိတွင် စီးပွားရေးဖွံ့ဖြိုးသည့် မြို့လည်းဖြစ်သည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက အဆိုပါ ချုံချင့်မြို့၌ ကျင်းပသည့် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲ နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် (2023 Sichuan-Chongqing & Mekong Countries Sub-National Cooperation Forum) သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြူနီစီပယ်အစိုးရ၊ နိုင်ငံခြားရေးရာဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ သွားရောက်ခဲ့ကြဖူးသည်။

ဖူကျိုးမြို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဖူကျန့်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး ဖူကျိုးမြို့ (Fuzhou) နှင့် ကျန့်ကျိုးမြို့ (Jianzhou) နှစ်ခုတို့၏ အမည်များကို ပေါင်းစပ်၍ ဖူကျန့်ဟူသောအမည်ကို ‘ထန်’ မင်းဆက်ခေတ် (Tang Dynasty) က ခေါ်ဝေါ်လာခဲ့ကြောင်း မှတ်တမ်းများ၌ ဖော်ပြထားသည်။

ဖူကျိုးမြို့တွင် ကမ္ဘာ့ပထမဆုံး ၁၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော ဧရာမကမ်းလွန်လေတာဘိုင်ကြီး တည်ရှိပြီး ခေတ်မီတိုးတက်သည့် မြို့တော်တစ်ခုလည်းဖြစ်သည်။ ၁၉၉၃ ခုနှစ်က တရုတ်နိုင်ငံ၊ ဖူးကျန့်ပြည်နယ်၊ ဖူကျိုးမြို့၊ ပါတီကော်မတီ၊ အတွင်းရေးမှူး တာဝန်ထမ်းဆောင်သော ရှီကျင့်ဖျင်က “လာမည့် နှစ် ၂၀ တွင် ဖူကျိုးမြို့၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ကြံဆချက်” ကို ဦးဆောင်ရေးဆွဲ ချမှတ်ကာ လမ်းညွှန်ခဲ့ဖူးသည်။

လာမည့် သုံးနှစ်၊ ရှစ်နှစ်နှင့် နှစ် ၂၀ အတွင်း ဖူကျိုးမြို့၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ၊ ခြေလှမ်းပြင်ဆင်မှုများနှင့် အဓိကလုပ်ငန်းများကို စည်းစနစ်ကျကျ စီမံပြင်ဆင်ပြီး ဖူကျိုးမြို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထွေထွေလုပ်ငန်းစဉ်၊ လမ်းညွှန်ချက်နှင့် နည်းလမ်းများကို ချမှတ်ခဲ့ကြသည်။

“၃၈၂၀”မဟာဗျူဟာမြောက် လုပ်ငန်းအစီအစဉ်ပါ အတွေးအခေါ်နှင့် ကြံဆချက်သည် ယခုအထိတိုင် အလွန်အရေးကြီးသည့် လမ်းညွှန်ရေးဆိုင်ရာ အနက်အဓိပ္ပါယ်အဖြစ် တည်ရှိနေလျက်ရှိသည်။

ရန်ကုန်မြို့နှင့် ချုံချင့်၊ ဖူကျိုးတို့ကြားတွင် ချစ်ကြည်ရေးမြို့တော် တည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေးကို ပြည်တွင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေပြီး လိုအပ်သည့် အစီအစဉ်များဖြင့် ပြင်ဆင်ညှိနှိုင်းကာ လုပ်ဆောင်လျက်ရှိသည်။

ထို့အပြင် ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ်အတွင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ယူနန်ပြည်နယ်အစိုးရတို့အကြား ညီအစ်မ တိုင်း/ပြည်နယ်အဖြစ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ယူနန်ပြည်နယ်အစိုးရ၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးတို့မှ လက်မှတ်ရေးထိုးခဲ့ကြသေးသည်။

ထိုနားလည်မှုစာချွန်လွှာတွင် တန်းတူညီမျှမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမှုဟူသော သဘောတူညီမှု မူဘောင်များအရ ချစ်ခင်ရင်းနှီးစွာ ကူးလူဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ညီအစ်မ တိုင်း/ပြည်နယ် နှစ်ခုအကြား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း စသည့် နယ်ပယ်များတွင် ကူးလူဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့်ဆောင်ရွက်သွားကြရန် ဖော်ပြခဲ့ကြသလို အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

ယခုအခါတွင် ရန်ကုန်မြို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယန်ကျိုးမြို့၊ ကူမင်းမြို့၊ နန်နင်းမြို့များနှင့် Sister Cities ချစ်ကြည်ရေး ညီအစ်မမြို့တော်များအဖြစ် ထူထောင်ထားရှိပြီးလည်းဖြစ်သည်။ယန်ကျိုးမြို့နှင့်လည်း ၁၉၉၇ ခုနှစ် ဇူလိုင်လ ၈ ရက်က ချစ်ကြည်ရေး ညီအစ်မမြို့တော်အဖြစ် ထူထောင်ခဲ့ကြသလို ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် ကူမင်းမြို့နှင့်လည်းကောင်း၊ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်တွင် နန်နင်းမြို့နှင့်လည်းကောင်း ချစ်ကြည်ရေး ညီအစ်မမြို့တော် Sister Cities များအဖြစ် ထူထောင်ကာ ဘက်စုံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများမှာလည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာသလို စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်မှုများလည်း များပြားလာခဲ့သည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများအနက် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၄၂၃) ခုရှိပြီး ပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၂၅၆၁ ဒသမ ၈၄၇ သန်း ရှိလာခဲ့သည်။အဆိုပါကာလအတွင်းတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းအရေအတွက်မှာ (၆၁၆) ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၁၉၄၈ ဒသမ ၅၃၈ သန်း ရှိလာခဲ့သလို ဆက်လက်၍လည်း ယခုထက် ပိုမို၍ ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ရန် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများက ဖိတ်ခေါ်ထားလျက်ရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ရေမြေချင်းထိစပ်နေသလို ကြမ္မာတူ အသိုက်ဝန်းတစ်ခုကို ထူထောင်လျက်ရှိရာ ယခုလို အထင်ကရမြို့တော်များအကြားတွင် ချစ်ကြည်ရေးမြို့တော်များအဖြစ် ထူထောင်နိုင်ခြင်းမှာ စီးပွားရေးတိုးတက်စေမှုကို အထောက်အကူပြုရုံသာမကဘဲ တရုတ်-မြန်မာ နှစ်နိုင်ငံကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအတွက် များစွာတိုးတက်ခိုင်မာကာ ချစ်ကြည်ရင်းနှီးမှုကို တိုးတက်စေရေး အထောက်အကူပြုစေမည်ဟုလည်း ရေးသားဖော်ပြလိုက်ပါသည်။

ဧပရယ်လ်