【 ပြည်တွင်း 】ရုပ်ရှင်ရုံတွေမှာ သုံးလကျော်တဲ့အထိ ရုံလျှံတဲ့အထိကြုံမလာသေးဟုဆို

【 ပြည်တွင်း 】ရုပ်ရှင်ရုံတွေမှာ သုံးလကျော်တဲ့အထိ ရုံလျှံတဲ့အထိကြုံမလာသေးဟုဆို

ပြည်တွင်းမှာ ရုပ်ရှင်ရုံတွေကို ဖွင့်လှစ်ခဲ့ရာမှာ သုံးလကျော်ကြာမြင့်လာသလို ရုံပြည့်လျှံတဲ့ အခြေအနေမျိုးပြသရတာ မရှိသေးဘူးလို့ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ကိုင်သူတွေနဲ့ ရုံပိုင်ရှင်တွေဆီက သိရပါတယ်။

အဆိုပါ ရုပ်ရှင်ရုံတွေကို နှစ်နှစ်ကျော်ပိတ်ထားရာမှ လွန်ခဲ့တဲ့  ဧပြီ ၁၇ ရက်က စတင်ဖွင့်လှစ်ခဲ့ပေမယ့် မေလကုန်ပိုင်းလောက်မှာ လာကြည့်သူအထိုက်အလျောက်ရှိသော်လည်း လက်ရှိကာလမှာ ရုံးပိတ်ရက်လောက်သာ ကြည့်သူအချို့ရှိပြီး အခြားရက်တွေမှာ ကြည့်သူမရှိသလောက် ဖြစ်လာတယ်လို့ ဆိုကြပါတယ်။

“ဟိုတုန်းကလိုမျိုး လာကြည့်တဲ့သူတွေအများကြီးနဲ့ လက်မှတ်မရလို့ ပြန်သွားရတာမျိုးတွေ အဲ့လိုအခြေအနေကို သတိရမိပါတယ်”လို့လည်း ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ကိုင်သူတစ်ဦးက ဆိုပါတယ်။ ယခုနောက်ပိုင်းမှာ ရုံးပိတ်ရက်တွေမှာ ပြသတဲ့ပွဲတွေအတွင်း ကြည့်သူအနည်းကျဉ်းရှိပေမယ့် လက်မှတ်အစောင် ၅၀ ဝန်းကျင်လောက်သာ အများဆုံး ရောင်းချ ရဖူးတဲ့ အခြေအနေတွေကို ကြုံလာရကြောင်း၊ ယခုနောက်ပိုင်း လျှပ်စစ်မီးများ အလှည့်ကျပေးတာမျိုးမဟုတ်တော့တဲ့ အတွက် မီးစက်ဆီဖိုးသက်သာပေမယ့် ဝန်ထမ်းလခများအပါအဝင် အထွေထွေကုန်ကျစရိတ်တွေကလည်း မြင့်တက်နေဆဲ ဖြစ်နေတယ်လို့ သိရပါတယ်။

“ဘယ့်နှယ့်ဗျာ အခုလိုအချိန်အခါ ရုပ်ရှင်ကြည့်ဖို့ မဖြစ်နိုင်သေးဘူးလေ၊ အရင်တုန်းကတော့ အခါကြီးရက်ကြီး ပိတ်ရက်လေး ဘာလေးတွေမှာ ကလေးတွေကို လိုက်ပြဖူးတယ်၊ အခုကတော့ ကိုယ့်စားဖို့တောင်အနိုင်နိုင် ရုန်းနေရတယ်၊ တစ်ရက်ဆိုင်မဖွင့်ဖြစ်ရင် တစ်ရက်အိမ်စရိတ်က သိသာတယ်လေ၊ နောက်တစ်ခုက ဟိုနေရာမှာဘာဖြစ်လိုက် ဒီနေရာမှာ ဘာဖြစ်လိုက်နဲ့ဆိုတော့ ကြောက်တယ်ဗျာ၊ ဒါအမှန်ပြောတာ၊ အဲ့ဒါကြောင့်လည်း ဘယ်ကိုမှမသွားဖြစ်သေးဘူး၊ စိတ်အပန်း ပြေအောင်တော့ YouTube ကနေ ဗီဒီယိုတွေကြည့်တယ်လေ”လို့လည်း ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှ ကုန်စုံဆိုင် ဖွင့်ထားသူတစ်ဦးက ပြောပါတယ်။

ထိုရုပ်ရှင်ရုံတွေမှာ ကိုဗစ်မတိုင်ခင်ကာလက ရုံပြည့်လျှံတဲ့အထိ ပြသရခဲ့တဲ့အပြင် ပရိသတ်တွေ တောင်းဆိုအကြံပြုမှုကြောင့်လည်း ရုံတင်ဇာတ်ကားကို နှစ်ပတ်ဆက်တိုက်မပြောင်းဘဲ တင်ကာ ပြသခဲ့ဖူးတဲ့အထိ အခြေအနေတွေကို ကြုံခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်၊ ဇူလိုင် ၂၈