【 ဆောင်းပါး 】 ဆယ်နှစ်အတွင်း တရုတ်-မြန်မာ ကုန်သွယ်ရေး

【 ဆောင်းပါး 】 ဆယ်နှစ်အတွင်း တရုတ်-မြန်မာ ကုန်သွယ်ရေး

မြန်မာနိုင်ငံအနေနဲ့ အခုနောက်ပိုင်းနှစ်တွေမှာ ပြည်ပနိုင်ငံပေါင်း ၁၅၀ ကျော်နဲ့ နှစ်စဉ်ကုန်သွယ်မှုပြုလုပ်နေတာဖြစ်ပါတယ်။အဲဒီနိုင်ငံတွေထဲမှာ အများစုကတော့ ပြည်တွင်းကနေ ပို့ကုန်တင်ပို့တာနဲ့ ပြည်တွင်းကို သွင်းကုန်ပြန်လည်တင်သွင်းတာတွေ လုပ်ဆောင်နေတာဖြစ်ပြီး ပို့ကုန်သီးသန့်တင်ပို့တဲ့ နိုင်ငံတွေရှိသလို သွင်းကုန်ပဲ တင်သွင်းတဲ့ နိုင်ငံအချို့လည်း ပါဝင်ပါတယ်။

ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်မှုပြုလုပ်တဲ့အခါမှာ ပုံမှန်လမ်းကြောင်းဖြစ်တဲ့ ရေလမ်းကြောင်းကနေ ကုန်သွယ်မှုပြုလုပ်နေသလို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို စတဲ့ နိုင်ငံတွေနဲ့ကတော့ ရေကြောင်းအပြင်၊နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကပါ ကုန်သွယ်မှုပြုလုပ်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ကုန်သွယ်ဘက်နိုင်ငံပေါင်း ၁၅၀ ကျော်ထဲမှာ အဓိကကုန်သွယ်ဘက်နိုင်ငံတွေကတော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယအပြင် စင်ကာပူ၊ ဂျပန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ တောင်ကိုရီးယားနိုင်ငံတွေဖြစ်ကြပြီး ဒီထဲမှာ တရုတ်နိုင်ငံကတော့ ကုန်သွယ်မှုအများဆုံးနိုင်ငံဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်ကာလအတွင်းမှာလည်း မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုပြုလုပ်ထားတဲ့ နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံကတော့ ပမာဏအများဆုံးဖြစ်ပါတယ်။

စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်စာရင်းတွေမှာလည်း ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ကနေ လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်ဘက် နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံနဲ့ အများဆုံးကုန်သွယ်မှုပြုလုပ်ထားတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဘက်နိုင်ငံဖြစ်တဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုပြုလုပ်ထားတဲ့ ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ကစပြီး နှစ်စဉ်ကုန်သွယ်မှုပမာဏတန်ဖိုးဟာ ကန်ဒေါ်လာ သန်း ၇၀၀၀ ကျော်မှာ ရှိခဲ့ပါတယ်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ် မတိုင်ခင်ကတော့ နှစ်နိုင်ငံရဲ့ နှစ်စဉ်ကုန်သွယ်မှု တန်ဖိုးဟာ ကန်ဒေါ်လာ သန်း ၅၀၀၀ ဝန်းကျင်သာ ရှိခဲ့တာဖြစ်ပါတယ်။

စီးပွားကူးသန်းရဲ့ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေမှာ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ကစပြီး တရုတ်-မြန်မာ နှစ်နိုင်ငံကြား နှစ်စဉ်ကုန်သွယ်မှုတန်ဖိုးဟာ ဆက်တိုက်တိုးလာတာ တွေ့ရပါတယ်။တရုတ်-မြန်မာ နှစ်နိုင်ငံကြား နှစ်အလိုက်ကုန်သွယ်မှုအနေနဲ့ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း ၇၀၀၀ ကျော်၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း ၉၇၀၀ ကျော်၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ဒေါ်လာသန်း ၁၀၉၉၀ ကျော်၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း ၁၀၈၀၀ ကျော်၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း ၁၁၇၀၀ ကျော်၊ ၂၀၁၈ မီနီဘတ်ဂျက်ကာလမှာ ဒေါ်လာသန်း  ၆၀၀၀ ကျော် ရှိခဲ့ပါတယ်။

ထို့အတူ ၂၀၁၈-၁၉ဘဏ္ဍာနှစ်မှာလည်း ဒေါ်လာသန်း ၁၁၄၀၀ နီးပါး ၊ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း ၁၂၁၀၀ ကျော် ၊ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း  ၉၈၀၀ ကျော်၊ ၂၀၂၁-၂၂ မီနီဘတ်ဂျက်ကာလမှာ ဒေါ်လာ သန်း ၄၃၀၀ ကျော် နဲ့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ ဒေါ်လာသန်း  ၉၃၀၀ နီးပါး ရှိခဲ့ပါတယ်။

အခုလက်ရှိ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်ရဲ့ နိုဝင်ဘာလထိ ၈ လအတွင်း ကုန်သွယ်မှုကိန်းဂဏန်းတွေအရ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးဟာလည်း ဒေါ်လာ ၅၅၆၇ သန်းကျော်ရှိပါတယ်။

အဲဒီကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံနဲ့ အဓိကကုန်သွယ်ဘက် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်မှုကဏ္ဍရဲ့ ပမာဏအများဆုံးကာလဟာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်နဲ့ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တို့ပဲဖြစ်ပါတယ်။

၂၀၁၉-၂၀ ဘဏ္ဍာနှစ်ကတော့ တရုတ်-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးဟာ ဒေါ်လာ သန်း ၁၂၁၀၀ ကျော်အထိ စံချိန်တင်ခဲ့တဲ့ ပမာဏဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကုန်သွယ်မှုအချက်အလက်တွေအရ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံနှင့် ဒေသပေါင်း ၂၀၀ ကျော် နှင့် ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ကုန်သွယ်မှုပမာဏတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၆,၇၃၂ သန်းခန့် ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုတန်ဖိုးကလည်း တခြားသော ကုန်သွယ်နိုင်ငံတွေနဲ့ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးရဲ့ သုံးပုံတစ်ပုံခန့်ရှိခဲ့တာဖြစ်ပါတယ်။သို့ရာတွင် ကိုဗစ်ကာလနဲ့အတူ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေနေတွေကြားမှာ တရုတ်-မြန်မာ နှစ်နိုင်ငံကြားက ကုန်သွယ်မှုကိန်းဂဏန်းတွေရဲ့ တန်ဖိုးဟာ လျော့နည်းကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။

၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း ၁၂၁၀၀ ကျော်ဖြင့် နှစ်နိုင်ငံကုန်သွယ်မှုရဲ့ အမြင့်ဆုံးကိန်းဂဏန်းကို ရောက်ရှိခဲ့ရာကနေ  ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း  ၉၈၀၀ ကျော်သာရှိခဲ့တာကြောင့် ဒေါ်လာ သန်း  ၂၃၀၀ လျော့နည်းကျဆင်းခဲ့သလို၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း  ၉၃၀၀ ကျော်သာရှိခဲ့တာကြောင့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်က ကုန်သွယ်မှုတန်ဖိုးထက် ကန်ဒေါ်လာ သန်း ၂၈၀၀ အထိ လျော့နည်းကျဆင်းခဲ့တာ တွေ့ရပါတယ်။

မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ ပင်လယ်ရေကြောင်းကနေ ကုန်သွယ်မှုပြုလုပ်နေသလို နယ်စပ်ကုန်သွယ်ရေးစခန်း ၅ ခုကနေလည်း ကုန်သွယ်မှုပြုလုပ်နေတာဖြစ်ပါတယ်။နယ်စပ်လမ်းကြောင်းကနေ ကုန်သွယ်မှုပမာဏဟာ ကိုဗစ်ကာလအတွင်းကစလို့ ပုံမှန်ထက်လျော့နည်းကျဆင်းခဲ့ရာ အခု ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပြန်လည်ဦးမော့လာမယ့်အခြေအနေရှိခဲ့သော်လည်း လက်ရှိကြုံတွေ့နေရတဲ့ နယ်စပ်ဒေသက မတည်ငြိမ်မှု အခြေအနေတွေကြောင့် ယခုနှစ်မှာလည်း နယ်စပ်ကုန်သွယ်မှုတန်ဖိုးက ကိုဗစ်မတိုင်ခင်ကာ လတုန်းကလို ပြန်ဖြစ်လာဖို့ မလွယ်သေးပါဘူး။

အလားတူပဲ ပင်လယ်ရေကြောင်းကနေ ကုန်သွယ်မှုတန်ဖိုးဟာလည်း ကိုဗစ်ကာလမတိုင်ခင်တုန်းက အခြေအနေကို ပြန်မရောက်သေးဘူးဆိုတာကို နှစ်နိုင်ငံကုန်သွယ်မှု ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

ဒါကြောင့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်က တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး ဒေါ်လာ သန်း ၁၂၁၀၀ ကျော် အထိ စံချိန်တင်ခဲ့တဲ့အခြေအနေကို ပြန်ရောက်ဖို့အတွက် လိုအပ်ချက်များစွာ ရှိနေပါသေးတယ်။

ခန့်မောင်