【 ဆောင်းပါး 】 တရုတ်ဈေးကွက်အကြိုက်ဖြစ်နေသည့် မြန်မာ့ပဲတီစိမ်း

【 ဆောင်းပါး 】 တရုတ်ဈေးကွက်အကြိုက်ဖြစ်နေသည့် မြန်မာ့ပဲတီစိမ်း

မြန်မာ့ပဲမျိုးစုံဈေးကွက်တွင် ပဲတီစိမ်းမှာလည်း နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးသည့် သီးနှံတစ်ခုအဖြစ် ပါဝင်လျက်ရှိသည်။

အဆိုပါပဲတီစိမ်းများကို အဓိကအားဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တရုတ်ဈေးကွက်သို့ တင်ပို့ခြင်းများရှိပြီး ရွှေလီနှင့် ဝမ်တိန်ဘက်မှ အဓိကအားဖြင့် နေ့စဉ် ပျမ်းမျှ ကုန်တင်ကား အစီးရေ ၃၀ ခန့် ပို့ဆောင်လေ့ရှိသည်။

မြန်မာနိုင်ငံမှ ပဲတီစိမ်းကို တင်ပို့ရာတွင် ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြင့်  ပြည်ပဈေးကွက်များသို့ အဓိကတင်ပို့လျက်ရှိပြီး အဓိကအားဖြင့် တရုတ်နိုင်ငံကို အများဆုံးတင်ပို့လျက်ရှိသည်။

မြန်မာနိုင်ငံသည် ပဲတီစိမ်း စိုက်ပျိုးမှုများသလို တင်ပို့မှုအပိုင်းတွင်လည်း အများဆုံးတင်ပို့နိုင်သည့် နိုင်ငံစာရင်းတွင် ပါဝင်လျက်ရှိသည်။လက်ရှိအချိန်တွင် မြန်မာ့ပဲတီစိမ်းဈေးနှုန်းများမှာ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဈေးပိုမိုရရှိနေသလို တင်ပို့မှုအပိုင်းတွင် ပိုမိုတင်ပို့နိုင်ခြင်းကြောင့် အလားအလာကောင်းများစွာရှိနေသည့် သီးနှံတစ်မျိုးအဖြစ် တည်ရှိနေလျက်ရှိသည်။

ပဲတီစိမ်းသည် မြန်မာနိုင်ငံ၏ အဓိက ပြည်ပပို့ကုန်အများဆုံး ၁၀ မျိုးစာရင်းတွင် ပါဝင်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိကာလအတွင်း တန်ချိန်ပေါင်း ၂၇၉,၉၂၉ တန်၊ အမေရိကန်ဒေါ်လာ ၁၈၉ ဒသမ ၈၂၅ သန်းဖိုး တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ရွှေလီနှင့် ဝမ်တိန်ဘက်မှ နေ့စဉ် ပျမ်းမျှ ကုန်တင်ကားအစီးရေ ၃၀ ခန့် တင်ပို့လျက်ရှိသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ တစ်လတည်းမှာပင် တရုတ်နိုင်ငံသို့ ပဲတီစိမ်း တန်ချိန် ၁၅၃၀ ကျော် တင်ပို့နိုင်ခဲ့သလို စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ စသည်ဖြင့် တင်ပို့နိုင်ခဲ့ပြီး အိမ်နီးချင်းဖြစ်သည့် ထိုင်းနိုင်ငံသို့လည်း တန်ချိန် ၇၀၀ လောက် တင်ပို့နိုင်ခဲ့သလို ယူအေအီးနိုင်ငံသို့ တန်ချိန် ၁၀၀ ခန့်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့လည်း တင်ပို့နိုင်ခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများ၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ပဲတီစိမ်းကို ပြည်ပတင်ပို့ရာတွင် ကုန်သွယ်ရေးနည်းလမ်းများဖြစ်သည့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြင့်  ပြည်ပဈေးကွက်များသို့ အဓိကတင်ပို့လျက်ရှိသည်။အဓိကအားဖြင့် တရုတ်နိုင်ငံသို့ ပဲတီစိမ်းများ အများဆုံးတင်ပို့နေပြီး ယခုနှစ်တွင် ယခင်နှစ် ကာလတူထက် ပိုမိုတင်ပို့နိုင်ခဲ့သလို ယခင်နှစ်ကထက် ဈေးနှုန်းလည်း ပိုမိုရရှိခဲ့သည်။

မြန်မာနိုင်ငံအောက်ပိုင်း ခရမ်း-သုံးခွဘက်မှ ထွက်ရှိသည့် ပဲတီစိမ်းများကို ယခင်က မန္တလေးမြို့မှတစ်ဆင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သော်လည်း ယခုအခါ နယ်စပ်ကုန်သွယ်မှု မူဝါဒအပြောင်းအလဲများကြောင့် ပဲတီစိမ်းဈေးကွက်မှာ ရန်ကုန်ပဲဈေးကွက်သို့ ပြောင်းရွှေ့လာပြီး တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ပဲတီစိမ်းကို တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း ဈေးကွက်အခြေအနေကိုကြည့်ကာ လုပ်ဆောင်ကြရခြင်းဖြစ်သည်။အပူပိုင်းဒေသ အာရှနိုင်ငံများတွင် ပဲတီစိမ်းကို စိုက်ပျိုးလေ့ရှိကြပြီး မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများ၌ စိုက်ပျိုးကြသည်။မိုးရေသောက် သီးနှံအဖြစ် မိုးဦး၊ မိုးလယ်ကာလတို့တွင် သီးသန့် (သို့) ဝါ၊ ပဲစင်းငုံတို့နှင့်အတူ သီးညှပ်အဖြစ် စိုက်ပျိုးလေ့ရှိကြသည်။

မြန်မာနိုင်ငံ အောက်ပိုင်းတွင်မူ မိုးစပါးအပြီး သီးထပ်စိုက်ပျိုးပြီး ရေသွင်းနိုင်သည့် ဒေသများတွင် မိုးကြိုသီးနှံအဖြစ် စိုက်ပျိုးထားကြသည်။

ပဲတီစိမ်းကို မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး တို့နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကြပြီး ၂၀၁၂-၂၀၁၃ ကာလအတွင်း မြန်မာနိုင်ငံရှိ ပဲတီစိမ်းစိုက်ဧရိယာမှာ ဧက ၂,၆၈၅,၅၂၁ နှင့် ထုတ်လုပ်မှုမှာ ၃၂,၃၆၇,၃၃၂ တင်း ထွက်ရှိခဲ့သည်။လက်ရှိတွင် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလအထိ မြန်မာနိုင်ငံမှ ပဲတီစိမ်း တန်ချိန် ၅၀,၀၀၀ ကျော်လောက်သာ ထွက်နေပြီး ယင်းအနက်တွင် တန်ချိန် ၂၀,၀၀၀ ကျော်မှာ တရုတ်သို့ တင်ပို့ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံသို့ တန်ချိန် ၁၄,၀၀၀ လောက် တင်ပို့လျက်ရှိသည်။စင်ကာပူနိုင်ငံကို တင်ပို့မှုမှာ တစ်ဆင့်တင်ပို့မှုများလည်းရှိကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ဆိုထားကြသည်။အိန္ဒိယနိုင်ငံကိုလည်း တိုက်ရိုက်တင်ပို့မှုအဖြစ် တန် ၁,၀၀၀ လောက် တင်ပို့ခဲ့ကြသလို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က မြန်မာ့ပဲတီစိမ်း တန်ချိန် ၁၀,၀၀၀ ကျော်ကို ဥရောပသမဂ္ဂနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပဲတီစိမ်းထွက်ရှိမှု၏ ၄၀ ရာခိုင်နှုန်းလောက်သာ တင်ပို့နေပြီး ဆက်လက်တင်ပို့မည့်အခြေအနေ ဖြစ်နေလျက်ရှိသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲတီစိမ်းတန်ချိန် ခြောက်သိန်း တင်ပို့ရန် မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများ၌ ဖော်ပြထားသည်။ထိုသို့တင်ပို့ရာတွင် ပဲတီစိမ်းတန်ချိန် တစ်သိန်းခွဲစီကို လေးကြိမ်ခွဲကာ တန်ချိန်ခြောက်သိန်း တင်ပို့ရန် လျာထားကြသည်။ပဲတီစိမ်းကို တရုတ်နိုင်ငံသာမကဘဲ အိန္ဒိယ၊ နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ ဂျာမနီ စသည့် နိုင်ငံများထံသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးများမှတစ်ဆင့် တင်ပို့လေ့ရှိသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ ကာလအတွင်းက ပြည်ပသို့ ပဲတီစိမ်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆၉ ဒသမ ၂၉၅ သန်းအထိ ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ယခုအခါ ပြည်ပပို့ကုန်ကုန်သည်များက အဝယ်လိုက်လာခြင်းကြောင့် ပဲတီစိမ်းဈေးမှာ အနည်းငယ်မြင့်တက်သွားသည်။အလားတူ မြေထောက်ပဲ၊ ပဲကြီး၊ ပဲထောပတ်၊ ပဲဇီးကွက်နှင့် နှမ်းနက်၊ မြေပဲဆန်တို့မှာ ဇန်နဝါရီလကုန်ပိုင်းရက်များလောက်တွင် ဈေးမြင့်တက်လာခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံအပါအဝင် ဥရောပနိုင်ငံများသို့ ပဲတီစိမ်းတင်ပို့မှုရှိပြီး ပဲအသစ်များ ထွက်ပေါ်နေခြင်းကြောင့် ပဲဈေးကွက်တွင် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။ရန်ကုန်ဈေးကွက်တွင်လည်း ပဲတီစိမ်း (ခရမ်းရွှေဝါ) ထိပ်စ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၂၁၄,၀၀၀ ကျော် ပေါက်ဈေးရှိပြီး ပဲတီစိမ်းအညာမှာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၉၀,၀၀၀ ပေါက်ဈေးရှိသလို တစ်ရက်အတွင်း တစ်အိတ်လျှင် ၅၀၀၀ ကျပ်ခန့် ဈေးမြင့်တက်လာခဲ့သည်။

ယခုလအတွင်း ပြည်ပသို့ ပဲတီစိမ်းများ တင်ပို့မှုရှိပြီး မြန်မာနိုင်ငံတစ်ဝန်းလုံး ပဲတီစိမ်းစိုက်ပျိုးသည့် ဒေသစုံမှ ပဲတီစိမ်းများ လှိုင်လှိုင်ထွက်ပေါ်ချိန်လည်းဖြစ်သည်။ဝယ်လိုအားမှာလည်း မြင့်တက်လာသလို ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စတင်ထွက်ပေါ်နေလျက်ရှိသည်။တရုတ်ဈေးကွက်မှလည်း ဝယ်လိုအားများ သိသာစွာတိုးလာပြီး ပြည်ပပို့ကုန် ဝယ်လက်များက ဈေးကွက်အတွင်း လိုက်လံဝယ်ယူမှုများရှိသလို ဈေးကွက်အကြိုက်ဖြစ်လာကာ အလားအလာကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်တော့မည့်အကြောင်း ရေးသားလိုက်ရပေသည်။

ဧပရယ်လ်
Photo Credit - Myanmar Digital News