【 ဆောင်းပါး 】 တရုတ်နှစ်သစ်ကူးမျှော် မြန်မာ့စီးပွားရေး

【 ဆောင်းပါး 】 တရုတ်နှစ်သစ်ကူးမျှော် မြန်မာ့စီးပွားရေး

ကိုဗစ်ကာလမှလွဲ၍ ပုံမှန်အားဖြင့် တရုတ်နှစ်သစ်ကူးကာလတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ အရောင်းသွက်သကဲ့သို့ ပြည်တွင်းမှာလည်း နှစ်ကူးကာလ အရောင်းအဝယ်များကောင်းကြသည်။စားသောက်ကုန်မှအစ အဝတ်အထည်၊ အသုံးအဆောင်၊ လူသုံးကုန်ပစ္စည်းများ ရောင်းအားကောင်းသည့် ကာလဖြစ်သည်။  

မြန်မာနိုင်ငံတွင် တရုတ်နှစ်သစ်ကူးကာလ အရောင်းအဝယ်ဈေးကွက် အခြေအနေသည် ပြည်တွင်းရှိ ထင်ရှားသော ပွဲတော်ရက်များအတွင်း အရောင်းအဝယ်ဈေးကွက်များကဲ့သို့ အရေးပါလျက်ရှိသည်။

နွေဦးပွဲတော်ဟု လူသိများသော တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပသည့် ရိုးရာအားလပ်ရက်သည် တရုတ်နိုင်ငံ၏ အရေးကြီးသော ပွဲတော်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတော်တော်များမှာလည်း ကျင်းပကြသည်။ယခုနှစ်သည် နဂါးနှစ်ဖြစ်သည်။နဂါးနှစ်သည် တရုတ်ရာသီခွင်တွင် အမြတ်ဆုံးနှစ်များထဲမှ တစ်ခုဖြစ်သည်ဟု သတ်မှတ်ကြသည်။

တရုတ်နှစ်သစ်ကူးပွဲတော် ရက်ကာလတွင် သစ်သီးဝလံများ အရောင်းအဝယ်သွက်ကြသည်။လိမ္မော်သီးနှင့် နာနတ်သီးသည် တရုတ်နှစ်သစ်ကူးအချိန်ကာလတွင် မိသားစုတိုင်း၌ မပါမဖြစ်သော အသီးအနှံဖြစ်သည်။ထို့အတူ အနီရောင်မီးပုံးများနှင့် အနီရောင်စာရွက်လေးများသည် မရှိမဖြစ်သော အစိတ်အပိုင်းများဖြစ်သည်။အနီရောင် အဝတ်အစားများ၊ မီးဗန်းများ၊ ချိုချဉ် ၈ မျိုးပါသော ရိုးရာမုန့်ဘူးလေးများသည် တရုတ်နှစ်သစ်ကူး၏ အရေးပါသော အစိတ်အပိုင်းများဖြစ်သည်။ထို့အပြင် ငါးနှင့်ပြုလုပ်ထားသည့် ဖက်ထုတ်ကလည်း နှစ်သစ်ကူး အကြိုနေ့တွင် မိသားစုအတူစားသုံးကြသည့် အစားအစာဖြစ်သည်။

ရန်ကုန်မြို့မှာဆိုလျှင် လသာမြို့နယ်နှင့် လမ်းမတော်မြို့နယ်တို့တွင် မြန်မာပြည်ဖွား တရုတ်လူမျိုးများ အများစုနေထိုင်ကြပြီး လသာမြို့နယ်ရှိ တရုတ်တန်းတွင် ဇန်နဝါရီလကတည်းက နှစ်သစ်ကူးကာလအသုံးပြုမည့် ရိုးရာအလှဆင်ပစ္စည်းများ၊ အသုံးအဆောင်များ၊ အနီရောင်စာတန်းလေးများ၊ ‌ရောင်စုံမီးလုံးများ၊ စုံစုံညီညီဖြင့် ရောင်းချနေကြပြီဖြစ်သည်။

ထိုကဲ့သို့ပင် တရုတ်နှစ်သစ်ကူးကာလတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးများ အဓိကချိတ်ဆက်သည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံမှ ဖရဲ၊သခွား၊ သစ်သီးများ အစရှိသည့် လယ်ယာထွက်ကုန်များ အများဆုံးတင်ပို့ရသည့် အချိန်အခါဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြည်တွင်းမှ သစ်သီးဝလံများအား တရုတ်နိုင်ငံဘက်မှ ဝယ်လိုအား ပြန်လည်မြင့်တက်လာကြောင်း သိရသည်။ဇန်နဝါရီ ပထမပတ်အတွင်း ဖရဲ၊သခွား (သခွားမွှေး) ငှက်ပျောသစ်သီးဝလံများကို ကျိုင်းတုံ၊ လွယ်ဂျယ်၊ ကံပိုင်တည် နယ်စပ်ဂိတ်တို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တန်ချိန် ၃၅,၀၀၀ ခန့်အထိ တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ထို့အပြင် ဇန်နဝါရီလ၏ ပထမပတ်အတွင်းမှာပင် ရေထွက်ကုန်များကို နယ်စပ်ကုန်သွယ်‌ရေးလမ်းကြောင်းမှ တန်ချိန် ၇၇၈၀ နှင့် ပင်လယ်ရေကြောင်းနှင့် လေကြောင်းမှ နိုင်ငံပေါင်း ၂၀ သို့ တန်ချိန် ၃၀၃၇  တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုရှိ ပုစွန်မွေးမြူရေးကန်များမှ မွေးမြူထုတ်လုပ်သည့် ပုစွန်များကို တရုတ်၊ ဂျပန်ဈေးကွက်များသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် ပုံမှန်အားဖြင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်က ကုန်သွယ်မှုအများဆုံး ဆောင်ရွက်ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှစ၍ မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများသည် တိုက်ပွဲများကြောင့် ယာယီပိတ်ထားခဲ့ရပြီး ကျိုင်းတုံ-မိုင်းလားနှင့် ဗန်းမော်-လွယ်ဂျယ် နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် မြန်မာ့သစ်သီးဝလံများကို အများစုတင်ပို့ကြောင်း သိရသည်။ထိုသို့တင်ပို့ရာတွင် ခရီးလမ်းကြောင်း ရှည်လျားခြင်းနှင့် ကုန်ကျစရိတ်များခြင်းများကြောင့် ဖရဲ၊ သခွား တင်ပို့မှုများ ယခင်နှစ်များကကဲ့သို့ ကားအစီးရေများစွာ တင်ပို့နိုင်ခြင်းမရှိကြောင်း ကုန်သည်အချို့ထံမှ သိရသည်။ဖရဲ၊ သခွားမွှေး စိုက်ပျိုးရောင်းချသူများသည် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် တရုတ်ဈေးကွက်ကို အဓိကထားခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်းဖြင့် ပြည်ပတင်ပို့မှုက အနည်းငယ်သာရှိသည်။

ကျန်သည့် ကုန်သွယ်ရေးစခန်းများ၌ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲ၊ တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ သခွားမွှေး၊ ပဲတီစိမ်း၊ ပဲနီကြာ၊ မြေထောက်ပဲ စသည်တို့နှင့် ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှလည်း တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ မြေပဲဆံ၊ ဆန်၊ ငရုတ်သီး၊ ရွှေဖရုံသီးအစရှိသည့် လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိကြောင်း သိရသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပို့ကုန် ၁၇ ဒေါ်လာသန်းနှင့် သွင်း ၂ ဒသမ ၅ ဒေါ်လာသန်း ဆောင်ရွက်ရန် ကုန်သွယ်မှု လျာထားချက်များရှိခဲ့ပြီး  ပြည့်မှီခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ သိရသည်။

တရုတ်နှစ်သစ်ကူးကာလတွင် တရုတ်နိုင်ငံသို့ ဖရဲ၊ သခွားမွှေး အများဆုံးတင်ပို့ရလေ့ရှိပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ဝမ်တိန်နယ်စပ်ဂိတ်မှတစ်ဆင့် ယွမ် ၂၈ ဒသမ ၆၉၇ သန်း တန်ဖိုးရှိ တန်ချိန်လေးသောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ စိုက်ပျိုးရေးလယ်ယာထွက်ကုန်အများစုသည် တရုတ်နိုင်ငံဈေးကွက်နှင့် ထိုင်းနိုင်ငံဈေးကွက်ကို အဓိကမှီခိုအားထားကြရသည်ဖြစ်သည်။ကိုဗစ်ကာလအပြီး ပြောင်းလဲလာသော ကုန်သွယ်မှုပုံစံများကို သတိထားဖို့လည်း လိုအပ်ကြောင်း ဖရဲ၊သခွား ကုန်သည်အချို့က ပြောသည်။

နှစ်သစ်ကူးကာလအတွက် တရုတ်နိုင်ငံမှ လာအိုနိုင်ငံမှလည်း ဖရဲသီးများ ကုန်ကျစရိတ်သက်သာစွာဖြင့် တင်သွင်းနေသဖြင့် မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် သတင်းအချက်အလက်နှင့် ပကတိအခြေအနေများကိုလည်း စုဆောင်းသင့်ကြောင်း ကုန်သည်အချို့က အသိပေးထားသည်။

ပုံမှန်အားဖြင့် ပွဲတော်ရက်နီးလာချိန်တွင် တရုတ်ဈေးကွက်အတွင်း ဝယ်လိုအားမြင့်တက်ပြီး ဈေးကောင်းရလေ့ရှိသော်လည်း ၂၀၂၄ ခုနှစ်၊ တရုတ်နှစ်သစ်ကူးကာလကတော့  ဈေးကွက်အခြေအနေက မှန်းဆ၍မရကြောင်း သိရသည်။တရုတ်နိုင်ငံမှ မြန်မာ့ဖရဲသီးဝယ်လိုအား မြင့်တက်လာနိုင်ခြေလည်းရှိကြောင်း ကုန်သည်များထံမှ သိရသည်။

တရုတ်နိုင်ငံ၏ ဝယ်လိုအားဈေးကွက်သည် ၁၉၉၀ ကျော် နှစ်ကာလများကတည်းပင် ကမ္ဘာတစ်ဝန်းမှ အားထားရသော နိုင်ငံဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်နိုင်ငံအဖြစ် တည်ရှိနေသော မြန်မာနိုင်ငံတွင်လည်း တရုတ်နှစ်ကူးကာလရောက်ပြီဆိုသည်နှင့် တစ်နှစ်ထက် တစ်နှစ် ရောင်းအားကောင်းမည့် အခြေအနေများကိုသာ မျှော်လင့်ကြလျက်ရှိပါသည်။

အမွန်