【 ဆောင်းပါး 】 တရုတ်ရင်းနှီးမြုပ်နှံမှု တိုးလာသော မြန်မာ့အထည်ချုပ်လုပ်ငန်း

【 ဆောင်းပါး 】 တရုတ်ရင်းနှီးမြုပ်နှံမှု တိုးလာသော မြန်မာ့အထည်ချုပ်လုပ်ငန်း

အထည်ချုပ်လုပ်ငန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

အထည်ချုပ်ကဏ္ဍမှ ပြည်ပတင်ပို့မှုတွင် CMP စနစ်ဖြင့် ဆောင်ရွက်ခြင်းက အများဆုံးဖြစ်ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ပြည်ပတင်ပို့မှု ၅ ဒသမ ၃ ဘီလီယံ တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် ပြည်တွင်းအထည်ချုပ်ကဏ္ဍမှ ဂျပန်၊ ပိုလန်၊ စပိန်၊ ဂျာမဏီ၊ ကိုရီးယား၊ ယူကေ၊ နယ်သာလန်၊ အီတလီ၊ ပြင်သစ်၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံ အစရှိသည့် နိုင်ငံပေါင်း ၈၀ ဈေးကွက်များသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အထည်ချုပ် CMP စနစ် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၁ ဘီလီယံရရှိထားပြီး ယခင်နှစ်ထက် ပို့ကုန်တင်ပို့မှု တိုးတက်လာခဲ့သည်ဟု အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ကုန်သည်စက်မှုအသင်းချုပ်အသင်းနှင့် တွေ့ဆုံအစည်းအဝေးတွင် ပြောကြားခဲ့သည်။  

ပြည်တွင်း၌ အလုပ်အကိုင်အများဆုံးပေးနေသည့် အထည်ချုပ်စက်ရုံများသည် နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုများက အများဆုံးဖြစ်ပြီး တရုတ်အထည်ချုပ်စက်ရုံ ၅၀ ရာခိုင်နှုန်းကျော်၊ ကိုရီးယားအထည်ချုပ် စက်ရုံ ၁၀ ရာ ခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ကုန်ကြမ်းပိုင်းတွင် သွင်းကုန်ကိုသာ အဓိကအားထားနေရပြီး အထည်တင်ပို့သူများတွင် စက်ရုံကြီးများက နိုင်ငံခြားသားပိုင် (သို့မဟုတ်) ပြည်တွင်းနှင့် ပြည်ပကုမ္ပဏီများ ပူတွဲသဘောတူညီချက်ဖြင့် လုပ်ကိုင်နေကြခြင်းဖြစ်သည်။မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံအများစုသည် တရုတ်၊ တရုတ်တိုင်ပေ (ထိုင်ဝမ်) ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများရှိ စက်ရုံများ၏ ရုံးခွဲများဖြစ်သည်။

ညှပ်-ချုပ်-ထုပ် (CMP) စနစ်ဖြင့်လုပ်ကိုင်သည့် ပြည်တွင်း အထည်ချုပ်စက်ရုံများသည် ၂၀၀၇ ခုနှစ်တွင် စက်ရုံ ၁၅၄ ရုံရှိရာမှ ၂၀၂၀ ခုနှစ်တွင် ၇၂၀ အထိ တိုးမြင့်လာကြောင်း အထည်ချုပ်လုပ်ငန်းများအသင်း၏ ကိုဗစ်အစီရင်ခံစာ ထုတ်ပြန်ချက်မှ သိရသည်။လက်ရှိတွင် CMP စက်ရုံနှင့် CMP တစ်ဆင့်ခံစက်ရုံ စုစုပေါင်း (၇၈၈) ရုံရှိကြောင်း သိရသည်။ပြည်ပမှ အထည်လိပ် ကုန်ကြမ်းတင်သွင်းရာတွင် တရုတ်နိုင်ငံမှ ၉၀ ရာခိုင်နှုန်းကျော် တင်သွင်းနေခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် CMP အထည်ချုပ်လုပ်ငန်းများထဲရှိ ရင်းနှီးမြုပ်နှံမှုအသစ်များတွင် တရုတ်၊ ထိုင်း၊ တောင်ကိုရီးယားနိုင်ငံတို့ ထပ်တိုးမှုရှိပြီး  တရုတ်နိုင်ငံမှ အများဆုံးဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍ၌ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရာတွင် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၅၀,၀၀၀ ခန့် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Ouyang Daobing ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် မြန်မာအထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ၌ ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ရန်ကုန် မြို့ရှိ  Yangon Convention Center (YCC) တွင် ကျင်းပခဲ့သည့် မြန်မာအထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ အထည်အလိပ် ပို့ကုန်သွင်းကုန် ကုန်သည်များအသင်းနှင့် ကျဲ့ကျန်းပြည်နယ် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနတို့ ပူးတွဲကျင်းပခဲ့သည်။ယင်းကုန်စည်ပြပွဲကို ဒီဇင်ဘာ ၈ ရ က်မှ ၁၀ ရက်နေ့အထိ ကျင်းပခဲ့ကြသည်။အဆိုပါပြပွဲ ကျင်းပနိုင်ခဲ့ခြင်းမှာ တရုတ်-မြန်မာ အထည်အလိပ်လုပ်ငန်းများတွင် ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုအတွက် ပလက်ဖောင်းတစ်ခုဖြစ်သည်ဟု တရုတ်သံရုံးမှ စီးပွားရေးသံမှူးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အထည်ချုပ်လုပ်ငန်းတွင် နှစ်ပေါင်းများစွာကတည်းက ကမ္ဘာတစ်ဝန်းတွင် ဦးဆောင်နေသည့် နိုင်ငံဖြစ်သည်။ကမ္ဘာတစ်ဝန်းရှိ အထည်အလိပ်များ အများဆုံးထုတ်လုပ်တင်ပို့ရောင်းချသည့် နိုင်ငံများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။တရုတ်နိုင်ငံသည် အထည်ချုပ်လုပ်ငန်းများတွင် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများဖြင့် လူသိများသည်။

မြန်မာနိုင်ငံ၏ အထည်ချုပ်ဈေးကွက်သည် နိုင်ငံတကာနှင့်ယှဉ်လျှင် အလုပ်သမားစရိတ်သက်သာသော နိုင်ငံစာရင်းတွင် ပါဝင်နေသလို လူ့စွမ်းအားအရင်းအမြစ်များလည်း ပေါများသည်။

ကိုဗစ်ကာလက CMP အထည်ချုပ်လုပ်ငန်းများပေါ် ရိုက်ခတ်မှု ပြင်းထန်ခဲ့ပြီး အထည်ချုပ်လုပ်ငန်း ၇၀၀ ကျော် လုပ်ငန်းပိတ်သိမ်းခဲ့ရကြောင်း သိရသည်။ ယခုအချိန်တွင် အထည်ချုပ်ကဏ္ဍ၌ တရုတ်အပါအဝင် ပြည်ပရင်းနှီးမြုပ်နှံလိုသူများ၏ အာရုံစိုက်မှုကို ပြန်လည်ရရှိခဲ့သည်။

အထည်ချုပ်လုပ်ငန်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများ၏ အထူးအားထားရာ လုပ်ငန်းတစ်ခုဖြစ်သည်။မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းတွင် အလုပ်သမားများ၏ ပြဿနာများနှင့် သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်ခြင်းတို့ဖြင့် စိန်ခေါ်မှုများတော့ရှိနေသည်။ထို့ကြောင့်ပင် ရပ်ဆိုင်းသွားသော အထည်ချုပ်လုပ်ငန်းများလည်းရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ အထည်ချုပ်လုပ်ငန်းအစီရင်ခံစာ (၂၀၂၃) တွင် မြန်မာ့အထည်ချုပ်လုပ်ငန်းများကဏ္ဍ၌ ပဋိပက္ခများ၊ ထောက်ပံ့ပို့ဆောင်ရေးစရိတ်ကြီးမြင့်ခြင်း၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း ကန့်သတ်ချက်များအပါအဝင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများသည် လုပ်ငန်းများကို ကုန်ကျစရိတ်မြင့်တက်စေသည့်အတွက် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို လျော့ကျစေသည်ဟု ဖော်ပြထားသည်။

မြန်မာ့အထည်ချုပ်လုပ်ငန်းများ၏ ၉၆ ရာခိုင်နှုန်းခန့်မှာ လက်ခစား (CMP) စနစ်ဖြင့်သာ လုပ်ကိုင်နေကြခြင်းဖြစ်ပြီး FOB စနစ်ကို ကူးပြောင်းနိုင်ခြင်း မရှိသေးကြောင်း ကမ္ဘာ့ဘဏ်၏ ၂၀၂၃ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ရေရှည်အတွက် ကိုယ်တိုင်ထုတ်လုပ်တင်ပို့မှုစနစ် (FOB) သို့ သွားရောက်နိုင်ဖို့အတွက် အထည်ချုပ်နည်းပညာရှင်များ၊ ချည်မျှင်နှင့် အထည်အလိပ်အင်ဂျင်နီယာများအတွက် အဆင့်မြင့်နည်းပညာများ လိုအပ်ချက်ရှိနေသည်။  

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အထည်ချုပ်လုပ်ငန်းနယ်ပယ် လိုအပ်ချက်များအတွက် နည်းပညာသင်တန်းများပေးနေပြီး တရုတ်နိုင်ငံမှ ပညာရှင်များနှင့်လည်း စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် နည်းပညာအကူအညီများရရှိရေးကို ဆွေးနွေးဆောင်ရွက်နေသည်ဟု အဆိုပါအသင်းမှ သိရသည်။

အမျိုးမျိုးသောအခြေအနေအရ မြန်မာ့အထည်ချုပ်လုပ်ငန်းများသည် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများ တိုးတက်လာသော်လည်း တစ်ဖက်တွင် စိန်ခေါ်မှုအခက်အခဲများ ရှိနေဆဲဖြစ်ပါသည်။

အမွန်