【 ဆောင်းပါး 】 တရုတ်-မြန်မာ လေကြောင်းကုန်သွယ်ရေး

【 ဆောင်းပါး 】 တရုတ်-မြန်မာ လေကြောင်းကုန်သွယ်ရေး

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ပုံမှန်လမ်းကြောင်းဖြစ်သည့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုအပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း နယ်စပ်လမ်းကြောင်းတွေကပါ ကုန်သွယ်မှုပြုလုပ်လျက်ရှိပါတယ်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှုကို နိုင်ငံပေါင်းတစ်ရာကျော်နဲ့ ပြုလုပ်နေသလို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေလည်း အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို စတဲ့ နိုင်ငံတွေနဲ့ နှစ်စဉ်ကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်ပါတယ်။

နယ်စပ်ကုန်သွယ်ရေးနဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှု နှစ်ခုစလုံးကနေ ကုန်သွယ်မှုပြုလုပ်နေတဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ဘက်နိုင်ငံတွေအားလုံးထဲမှာ ကုန်သွယ်မှုပမာဏ အများဆုံးဖြစ်ပါတယ်။ထို့အတူ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှုပမာဏအများဆုံး ကုန်သွယ်မှုပြုလုပ်နေတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။

စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ နှစ်အလိုက် တရုတ်-မြန်မာ နှစ်နိုင်ငံကြား နည်းလမ်းနှစ်သွယ်ကနေ ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ သန်း ၁၂,၀၀၀ ကျော်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာသန်း ၉၈၀၀ ကျော်၊ ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်ကာမှာ ကန်ဒေါ်လာ သန်း ၄၃၀၀ ကျော်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ သန်း ၉၂၀၀ ကျော်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၁၁ လအတွင်းမှာ ကန်ဒေါ်လာ သန်း ၇၅၀၀ ကျော်ဖြင့် အသီးသီးကုန်သွယ်မှုပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီပမာဏကလည်း မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုပြုလုပ်နေကြတဲ့ ပြည်ပနိုင်ငံတွေထဲမှာ အများဆုံးဖြစ်တာကြောင့် တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံရဲ့ ကုန်သွယ်ရေးဟာ ပင်လယ်ရေကြောင်းအပြင် နယ်စပ်ကုန်သွယ်ရေးကလည်း အဓိကအရေးပါလှပါတယ်။

ပုံမှန်ကာလများတွင် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို မြန်မာဘက်ခြမ်းရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုင်တည်၊ ကျိုင်းတုံ စတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကတစ်ဆင့် ကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်ပါတယ်။

ဒီထဲမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကတော့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းမှာ အဓိကအရေးပါပြီး နှစ်နိုင်ငံကုန်သွယ်မှုကို အများဆုံးပြုလုပ်နေတဲ့ ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်က ကုန်သွယ်ရေးစခန်းတွေကတစ်ဆင့် ကုန်သွယ်မှုပမာဏဟာ ကိုဗစ်ကာလအတွင်းကစ၍ ကျဆင်းခဲ့ပြီး ကိုဗစ်အလွန်ကာလတွင် အရှိန်ပြန်ရလာခဲ့သော်လည်း လက်ရှိကာလမှာတော့ နယ်စပ်ဒေသ မြန်မာဘက်ခြမ်းက နယ်မြေအခြေအနေတွေကြောင့် ရပ်တန့်လုနီးပါးဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ကိုဗစ်အလွန်မှာ ပြန်လည်အရှိန်ရလာတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာလည်း ပြန်လည်လျော့နည်း ကျဆင်းသွားခဲ့ရခြင်းဖြစ်ပါတယ်။

အခုလိုမျိုး နယ်စပ်ဒေသအခြေနေတွေကြောင့် တရုတ်-မြန်မာ ကုန်သွယ်မှုကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေမဟုတ်ဘဲ တခြားသောနည်းလမ်းဖြစ်တဲ့ လေကြောင်းကနေ ကုန်သွယ်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကစပြီး မြန်မာအမျိုးသားလေကြောင်း၏ ရန်ကုန်-မန်စီ-ရန်ကုန် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များ (Cargo Flight) အား Boeing 737-800 Freighter လေ ယာဉ်ဖြင့် စတင်ပြေးဆွဲပေးနေပြီဖြစ်ပါတယ်။

အဲဒီကုန်ပစ္စည်းတင်လေယာဉ်ဟာ (၁) ပတ်ကို (၂) ကြိမ်နှုန်းဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းပြေးဆွဲပေးသွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်-မန်စီ-ရန်ကုန် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ် ပြေးဆွဲနေတဲ့ Boeing 737-800 Freighter လေယာဉ်ဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပြီး မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များဖြစ်သော ရန်ကုန်-ကူမင်း-ရန်ကုန်၊ ရန်ကုန်-ဘန်ကောက်-ရန်ကုန်၊ ရန်ကုန်-စင်ကာပူ-ရန်ကုန် cargo ခရီးစဉ်များတွင်လည်း ပုံမှန်ပျံသန်းပြေးဆွဲပေးလျက်ရှိပါတယ်။

အခု ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးအတွက် ရန်ကုန်ကနေ ပြေးဆွဲမယ့် မန်စီမြို့ဟာ တရုတ်ပြည်၏ အနောက်ဘက် ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲမှာ တည်ရှိတာဖြစ်ပြီး မြန်မာနိုင်ငံနဲ့လည်း နယ်မြေချင်းထိစပ်နေတဲ့ ဒေသဖြစ်ပါတယ်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်ရေး၊ ခရီးသွားလာရေးများ ပိုမိုအဆင်ပြေစေရန်အတွက် လေကြောင်းလိုင်းတွေကလည်း အရေးပါလာပါတယ်။ မန်စီမြို့ကလည်း တရုတ်နိုင်ငံမှ တောင်အာရှ၊ အရှေ့တောင်အာရှ လေကြောင်းသယ်ယူပို့ဆောင်ရေးများနှင့် ဆက်သွယ်သည့် အဓိကဗဟိုချက်မ မြို့ဖြစ်ပြီး မြန်မာ့လေကြောင်းကုမ္ပဏီမှ မန်စီမြို့ နိုင်ငံတကာလေကြောင်းခရီးစဉ် ဖွင့်လှစ်ခြင်းဖြင့် ဒေသများအကြား ခရီးသည်အသွားအလာ၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးတို့အား တစ်ဆင့်တိုးမြှင့်နိုင်ခြင်းဖြစ်ကာ တရုတ်-မြန်မာ နှစ်နိုင်ငံ လူမှုယဉ်ကျေးမှု ဆွေးနွေးဖလှယ်မှုအတွက် အရေးပါသော တိုးမြှင့်မှု ကဏ္ဍတစ်ခု ဖြစ်ပါတယ်။

ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်မှုက နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လျက်ရှိသလို နှစ်နိုင်ငံပြည်သူများကြား ကူးလူးဖလှယ်မှုများကိုလည်း တိုးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။

နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းကို လေကြောင်းလမ်းမှတစ်ဆင့် လုပ်ဆောင်မှုဟာ ကုန်ကျစရိတ် ပိုနိုင်ပေမယ့် စီးပွားရေးနဲ့ ကုန်သွယ်ရေးနယ်ပယ်တွေမှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံမြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

ခန့်မောင်