【 ဆောင်းပါး 】 ပြည်ပစျေးကွက်အခွင့်အလမ်း အားကောင်းလာသည့် ငါးရှဉ့်

【 ဆောင်းပါး 】 ပြည်ပစျေးကွက်အခွင့်အလမ်း အားကောင်းလာသည့် ငါးရှဉ့်

မြန်မာ့ရေထွက်ကုန်ပစ္စည်း စျေးကွက်အတွင်းတွင် ငါးရှဉ့်မှာလည်း ပြည်ပစျေးကွက်တွင် စျေးကွက်ဝင်နေပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေပေးသည့် ထွက်ကုန်အဖြစ် ပါဝင်နေလျက်ရှိသည်။
 
အခြားသော ရေထွက်ကုန်ပစ္စည်းများကဲ့သို့ ပြည်တွင်းစားသုံးမှု သိပ်မရှိဘဲ ပြည်ပစျေးကွက် ဝယ်လိုအားဖြင့်သာ စျေးကွက်ရပ်တည်မှုရှိသည့် အခြေအနေမျိုးလည်းဖြစ်သည်။
 
မြန်မာနိုင်ငံတွင် ရေထွက်ကုန်ပစ္စည်းများကို ပြည်ပစျေးကွက်များသို့ တင်ပို့ကြရာတွင် ငါး၊ ပုစွန်များနည်းတူ ငါးရှဉ့်မှာ စျေးကွက်တစ်ရပ်အဖြစ်ရှိနေပြီး အဓိကအားဖြင့် တရုတ်စျေးကွက်အတွင်းသို့ တင်ပို့ကြခြင်းလည်းဖြစ်သည်။ 
 
ပြည်တွင်းစားသုံးမှု နည်းပါးခဲ့သည့် ငါးရှဥ့်မှာ အိမ်နီးချင်း တရုတ်စျေးကွက်တွင် စျေးကွက်အခိုင်အမာရရှိနေသည့် မြန်မာ့ရေထွက်ကုန်တစ်မျိုးလည်းဖြစ်သလို တစ်ကီလိုလျှင် မြန်မာငွေကျပ် ၁၀,၀၀၀ ကျော်အထိ စျေးရရှိလေ့ရှိသည်။သာမန်အားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း “ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် သဘာ၀မှရသော ငါးရှဉ့်များကို တရုတ်နိုင်ငံစျေးကွက်သို့ အဓိကထားကာ တင်ပို့နေကြခြင်းဖြစ်သည်။
 
မြန်မာနိုင်ငံမှ ပြည်ပစျေးကွက်သို့ နှစ်စဉ်ပျမ်းမျှ ငါးရှဉ့် တန်ချိန် ၁၂,၀ဝဝ ခန့် တင်ပို့လေ့ရှိသော်လည်း တစ်ဖြည်းဖြည်းဖြင့် ဖမ်းဆီးရရှိလာသော ငါးရှဉ့်ပမာဏမှာ လျော့နည်းလာခြင်းကြောင့် တန်ချိန် ၇၀ဝဝ ဝန်းကျင်ခန့်သာ တင်ပို့နိုင်သော အခြေအနေသို့ ရောက်လာခဲ့သည်။ထို့ကြောင့် စျေးရရှိမှုမြင့်မားကာ ဝယ်လိုအား စျေးကွက် အခိုင်အမာရနေခြင်းကြောင့်လည်း ယခုနောက်ပိုင်းတွင် ငါးရှဉ့်ကို မွေးမြူ၍ တင်ပို့ခြင်းများလည်းရှိလာခဲ့သည်။
 
ပြီးခဲ့သောကာလက ကိုဗစ်ကြောင့် နယ်စပ်ဂိတ်များပိတ်ထားစဉ် ငါးရှဉ့်တင်ပို့၍မရဘဲ ငါးရှဉ့်ကုန်သည်များအတွက် အခက်အခဲများကြုံခဲ့သော်လည်း နောက်ပိုင်းတွင် အခြေအနေကောင်းများ ရရှိလာခဲ့သည်။တရုတ်နှစ်သစ်ကူးအမီ ငါးရှဉ့်များမှာ စျေးကွက်၏ ဝယ်လိုအားကောင်းသော အခြေအနေမျိုး ပိုင်ဆိုင်ရလေ့ရှိပြီး နှစ်စဉ် တရုတ်နှစ်သစ်ကူးအမီ စျေးကွက်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးအတွက် ငါးရှဉ့်လုပ်ငန်းရှင်များက လုပ်ဆောင်လျက်ရှိသည်။
 
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်က ငါးရှဉ့် တန်ချိန် ၆၉၈၄ ဒသမ ၃၅၀ တန်သာ ပြည်ပတင်ပို့နိုင်၍ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၁၂၇ သန်းသာ ရရှိခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ ဇွန်လမှ ဒီဇင်ဘာလအထိ ခြောက်လကျော်ကာလအတွင်း တရုတ်နိုင်ငံသို့ ငါးရှဉ့် တန်ချိန်ပေါင်း ၉၀၃၇ ဒသမ ၉၂ တန် တင်ပို့နိုင်ခဲ့ကာ တရုတ်ယွမ်ငွေ ၂၂၂,၃၂၈,၂၄၆ ဒသမ ၃၂ ယွမ် ရရှိခဲ့ကြသည်။
 
ထိုသို့တင်ပို့ရာတွင် ပြည်တွင်းရှိ ရေထွက်ကုမ္ပဏီများနှင့် တရုတ်နိုင်ငံဘက်မှ ကုမ္ပဏီများကြား ကုမ္ပဏီအချင်းချင်း ချိတ်ဆက်မှုများဖြင့် တရားဝင်တင်ပို့ခြင်းလည်းဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးအပြင် ပင်လယ်ရေကြောင်းမှ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းဖြင့်လည်း တင်ပို့လုပ်ကိုင်ခြင်းများရှိကြသည်။
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ရှစ်လခွဲကာလအတွင်း ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၀,၁၃၉ ဒသမ ၇၉၁ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၁,၅၀၉ ဒသမ ၃၃၂ သန်းရှိခဲ့ပြီး၊ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၁,၆၄၉ ဒသမ ၁၂၃ သန်းအထိ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများ၌ ဖော်ပြထားသည်။
 
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဧပြီလမှ မတ် ၃၁ ရက်အထိကာလအတွင်းတွင် မြန်မာနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၉၂၅ ဘီလီယံရှိပြီး ယခင်နှစ်ကာလတူက အမေရိကန်ဒေါ် လာ ၃၀  ဒသမ ၃၅၁ ဘီလီယံရှိခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ကာလတူထက် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၇၃ ဘီလီယံအထိ ပိုမိုဆောင်ရွက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
 
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဧပြီလမှ နိုဝင်ဘာလအထိကာလအတွင်း ရေထွက်ကုန်ပစ္စည်းများ တင်ပို့မှုမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စာရင်းများအရ ပုံမှန် ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၄၉ ဒသမ ၆၄၇ သန်း၊ နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၁၉၁ ဒသမ ၁၇၄ သန်း၊ စုစုပေါင်း အမေရိကန် ၄၄၀ ဒသမ ၈၂၁ သန်း ရရှိထားသည်။
 
မြန်မာနိုင်ငံမှ ပြည်ပတင်ပို့သည့် ရေထွက်ကုန်ပစ္စည်းများအနက်တွင် ငါးရှဉ့်တင်ပို့မှုမှ နှစ်စဉ် ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိရန် မျှော်မှန်းကာ လုပ်ဆောင်လေ့ရှိကြပြီး နှစ်စဉ်လျာထားချက်ထက် ကျော်လွန်သော အခြေအနေမျိုး ကြုံခဲ့ရသည်။ပြည်ပစျေးကွက်၏ လိုအပ်ချက်အပေါ် ပြည့်မီအောင် တင်ပို့နေလျက်ရှိသလို စျေးကွက်အဝယ်ဆွဲမှု မြင့်မားခြင်းကြောင့် အရွယ်အစားသေးငယ်သော ငါးရှဉ့်များ တင်ပို့ခြင်းများ မပြုစေရန် ငါးလုပ် ငန်းဦးစီးဌာနမှ ဦးဆောင်၍ လုပ်ဆောင်လာခဲ့ကြသည်။
 
ပြည်ပတင်ပို့မည့် ရေထွက်ကုန်ပစ္စည်းဒိုင်ကြီးများတွင် အရွယ်အစားသေးငယ်သော ငါးရှဉ့်များမပါစေရန် ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ ငါးရှဉ့်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများပူးပေါင်း၍ ၃ စင်တီမီတာ ဆန်ကာများဖြင့်တိုက်ပြီး လုံးပတ် ၃ စင်တီမီတာနှင့်အောက် အရွယ်အစားရှိသည့် ငါးရှဉ့်များကို သဘာ၀သို့ ပြန်လွှတ်ခြင်းဖြင့် လုပ်ဆောင်လျက်ရှိသည်။
 
မြန်မာနိုင်ငံအတွင်း ငါးရှဉ့်များကို သဘာ၀မှ ရေရှည်စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေးနှင့် မျိုးသုဉ်းပျောက်ကွယ်ခြင်း မရှိစေရေးအတွက် ရည်ရွယ်ချက်များဖြင့် ငါးလုပ်ငန်းဦးစီးဌာနက ငါးရှဉ့်များဖမ်းဆီးရာတွင် လျှပ်စစ်ရှော့ခ်တိုက်၍ ဖမ်းဆီးခြင်း၊ အဆိပ်အတောက်ဖြစ်စေသော ဓာတုဗေဒပစ္စည်းများနှင့် အန္တရာယ်ဖြစ်စေသည့် ပစ္စည်းများကို အသုံးပြု၍ ဖမ်းဆီးခြင်းများမပြုလုပ်ရန် ပြီးခဲ့သော ၂၀၀၅ ခုနှစ်လောက်ကတည်းက ထုတ်ပြန်ထားပြီးလည်းဖြစ်သည်။
 
ထို့အပြင် ပြည်ပတင်ပို့ရန်အတွက် ပို့ကုန်ဝယ်လက်များက ငါးရှဉ့်များကို ဝယ်ယူစုဆောင်းရာတွင်လည်း ဝယ်ယူစုဆောင်းခွင့် လိုင်စင်မရှိဘဲမလုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံငါးရှဉ့်လုပ်ငန်းရှင်များအသင်းက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းများလည်းရှိခဲ့သည်။ပြည်ပစျေးကွက်သို့ နယ်စပ်ကုန်သွယ်ရေးမှ ငါးရှဉ့်များ တင်ပို့ရာတွင်လည်း လမ်းတွင် သေဆုံးခြင်းများ မရှိစေရန် ရေလဲလှယ်နိုင်မည့် ရေလှယ်ရုံများကို ဖွင့်လှစ်ကာ လုပ်ဆောင်ခဲ့ကြသည်။
 
ငါးရှဉ့်ကို နောက်ပိုင်းတွင် တရုတ်စျေးကွက်သာမက ထိုင်းအပါအဝင် အခြားသော ပြည်ပနိုင်ငံများကလည်း ဝယ်ယူရန် ကမ်းလှမ်းမှုများရှိလာခြင်းကြောင့် စျေးကွက်ဝယ်လိုအားလိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်ရန် မွေးမြူထုတ်လုပ်သည့်ကဏ္ဍကိုလည်း အလေးထားလုပ်ဆောင်လျက်ရှိသည်။
 
ငါးရှဉ့်များကို မွေးမြူကာ ပြည်ပတင်ပို့ခြင်းဖြင့် ယခင်ထက် ဝင်ငွေပိုမိုရရှိစေခဲ့ပြီး စျေးကွက်အတွင်း အရွယ်အစားနှင့် အရည်အသွေးကောင်းသော ငါးရှဉ့်များကို ရရှိစေခဲ့ကြောင်း မြန်မာနိုင်ငံငါးရှဉ့်လုပ်ငန်းရှင်များအသင်းမှ အကြီးအကဲတစ်ဦးက ဆိုထားသည်။
 
ငါးရှဉ့်မွေးမြူရာတွင် ကွန်ကရစ်ကန်ဖြင့် မွေးမြူခြင်း၊ မြေကြီးကန်ဖြင့် မွေးမြူခြင်း၊ ခြင်ထောင်ဖြင့် မွေးမြူခြင်း စသည်ဖြင့် မွေးမြူသောနည်းလမ်း သုံးမျိုးရှိပြီး ခြင်ထောင်ဖြင့် မွေးမြူခြင်းမှာ အကောင်းဆုံးသော မွေးမြူသည့်စနစ်လည်း ဖြစ်ကြောင်း အကြံပြုထားခြင်းများရှိသလို အစာအားဖြင့်လည်း လယ်အတွင်းကျရောက်သည့် ခရုများကို ကျွေးရသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းအတွက်လည်း တစ်ဖက်မှ အထောက်အကူပြုစေခဲ့သည်။
 
အာရှတွင် ငါးရှဉ့်မျိုးရင်း ရှစ်မျိုးရှိပြီး ယင်းအနက်တွင် မြန်မာနိုင်ငံမှ နှစ်မျိုးပါဝင်လျက်ရှိသည်။လက်ရှိ သဘာဝ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ လယ်ကွင်းများမှ ဖမ်းဆီးရရှိသော ငါးရှဉ့်များမှာ ငါးရှဉ့်နီနှင့် ရှဉ့်မည်းမျိုးတို့ ဖြစ်ကြပြီး ၎င်းတို့ကို ရန်ကုန်နှင့် မန္တလေးမြို့တို့မှတစ်ဆင့် တရုတ်နိုင်ငံရှိ စျေးကွက်အတွင်းသို့ တင်ပို့ခြင်းလည်းဖြစ်သလို လူကြိုက်များ၍ ရောင်းတန်းဝင်သည့် ရေထွက်ပို့ကုန်လည်း ဖြစ်ခဲ့သည်။လက်ရှိ မွေးမြူကြသည့်အခါတွင်လည်း စျေးကွက်ဝင်သည့် ယင်းငါးရှဉ့်မျိုးများကို မွေးမြူနေကြခြင်းလည်း ဖြစ်သည်။
 
ငါးရှဉ့်မွေးမြူရေးနှင့်ပတ်သက်၍ လိုအပ်သောနည်းပညာများကို မြန်မာနိုင်ငံငါးရှဉ့်လုပ်ငန်းရှင်များအသင်းမှ အကူအညီပေးခြင်းများရှိသလို ခေတ်မီနည်းပညာများဖြင့် မွေးမြူနိုင်ရေးအတွက်ကိုလည်း ပြည်ပပညာရှင်များ အကူအညီဖြင့် အသင်းမှ လုပ်ဆောင်ပေးခြင်းများလည်းရှိခဲ့သည်။ထို့ကြောင့်ပင် ခဲတံချောင်းအရွယ် ငါးရှဉ့် များကို စတင်စမ်းသပ် မွေးမြူကြသည့်အခါ မွေးမြူပြီး သုံးလခွဲအကြာကာလအတွင်းတွင် ဈေးကွက်အတွင်း ရောင်းတမ်းဝင်လာသည့် အရွယ်အစားမျိုး ရရှိလာစေခဲ့သည်။
 
ငါးရှဉ့်မွေးမြူခြင်းအတွက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ရေလုပ်ငန်းဆိုင်ရာပညာရှင်များက ဗီယက်နမ်တွင် ကွင်းဆင်းလေ့လာပြီး စမ်းသပ်ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်တွင် စမ်းသပ်သားဖောက်မှု အောင်မြင်ခဲ့ သည်။ထို့နောက်တွင် မြန်မာနိုင်ငံအတွင်းသို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ယင်းလုပ်ငန်းများရပ်နားခဲ့ရပြီး ယခုနောက်ပိုင်းတွင် ယင်းနည်းစနစ်ကို တောင်သူများထံသို့ ဖြန့်ဖြူးပေးခြင်းများဖြင့် လုပ်ဆောင်လျက်ရှိသည်။
 
လက်ရှိတွင်လည်း စျေးကွက်အဝယ်ဆွဲမှုများရှိနေပြီး မကြာခင်ရောက်ရှိလာတော့မည့် တရုတ်နှစ်သစ်ကူးအတွက် ယခုထက် ပိုမို၍ အဝယ်ဆွဲမည်ဟု ခန့်မှန်းထားကြသည်။မြန်မာနိုင်ငံ၏ ရေထွက်ကုန်ပစ္စည်းစျေးကွက်တွင် ၄၅ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းကြားလောက်အထိ တင်ပို့နေရသော တရုတ်စျေးကွက်မှာ လက်ရှိတွင် စျေးကွက်ဝယ်လိုအားကောင်းနေခြင်းကြောင့် ငါးရှဉ့်တင်ပို့မှုလုပ်ငန်းများအတွက် အလားအလာကောင်းများရှိလာကြောင်းကို ရေးသားလိုက်ရပေသည်။
 
ဧပရယ်လ်