【 ဆောင်းပါး 】 ရိုးရာသင်္ကြန်နှင့် ခရီးသွားဈေးကွက်

【 ဆောင်းပါး 】 ရိုးရာသင်္ကြန်နှင့် ခရီးသွားဈေးကွက်

မကြာမီ ကျရောက်တော့မည့် သင်္ကြန်ကာလအတွက် ပြည်တွင်း၊ ပြည်ပခရီးစဉ်များ အပြိုင်အဆိုင် ရောင်းချနေကြပြီဖြစ်သည်။
 
သင်္ကြန်ပွဲတော်သည် မြန်မာလူမျိုးများသာမကနိုင်ငံတကာခရီးသွားဧည့်သည်များကပါ နှစ်သက်ကြသော ပွဲတော်ဖြစ်သည်။
 
သင်္ကြန်ပွဲတော်သည် မြန်မာလူမျိုးတို့အတွက် ပျော်စရာအကောင်းဆုံး နှစ်သစ်ကူးပွဲတော်တစ်ခု အဖြစ် ရှေးဘုရင်မင်းများလက်ထက်ကတည်းက အထူးထင်ရှားခဲ့သည်။မည်သည့်ခေတ်တွင်မဆို သင်္ကြန်ပွဲတော်ကို  ပျော်ရွှင်စွာဖြင့် ဆင်နွှဲခဲ့ကြ သည်။
 
တစ်နှစ်တာအတွင်း ရက်ရှည်အလုပ်ပိတ်ရက် အများဆုံးပွဲတော် ဖြစ်သည့်အတွက် လူတိုင်းရင်ခုန်ကြသည်။မျှော်လင့်ကြသည်။အလုပ်ခွင်မှ ဝန်ထမ်းများသည် မိသားစုရှိရာ နေရပ်ဒေသသို့ ပြန်ကြသလို မိသားစု၊ မိတ်ဆွေ အစုအဝေးများနှင့် ပြည်တွင်း၊ ပြည်ပခရီးများ ထွက်ကြသည်။
 
သင်္ကြန်ကာလအတွင်းရွာသော မိုးကို သင်္ကြန်မိုးဟူ၍ အမည်ပေးကြပြီး သင်္ကြန်မိုးနှင့်အတူ တန်ခူးလမှာ ပွင့်လေ့ရှိသော ပိတောက်ပန်းသည် မဟာသင်္ကြန်ပွဲတော်နှင့် ယှဉ်တွဲနေသော နှစ်သစ်ကူးအထိမ်းအမှတ်ဖြစ်သည်။
 
ထူးခြားသည့်  ဂုဏ်အင်လက္ခဏာများနှင့် ပြည့်စုံသော သင်္ကြန်ပွဲတော်ကို ကိုဗစ်မတိုင် မီနှစ်များက ပြည်ပခရီးသွားဧည့်သည်များ တကူးတကလာရောက် ရေကစား ဆင်နွှဲကြသည်။ခရီးသွားလုပ် ငန်းများအနေဖြင့် ခရီးစဉ်ရောင်းချရာတွင် သင်္ကြန်ကာလအတွင်း လာရောက်လည်ပတ်လို့ရသည့် ခရီးစဉ်များလည်း ပါဝင်ခဲ့သည်။
 
အကြီးကျယ်ဆုံး အခမ်းနားဆုံး မြန်မာနှစ်သစ်ကူးပွဲတော်ကာလဖြစ်ပြီး အမြို့မြို့အနယ်နယ်ရှိ မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းများ၊ တေးဂီတဖျော်ဖြေမှုများဖြင့် အလွန်ပင်စည်ကားခဲ့သည်။လမ်းလျှောက်ပြီး တစ်ဦးနှင့် တစ်ဦး အပြန် အလှန်ရေပက်ခြင်းနှင့် ရေပက်မဏ္ဍပ်များတွင် ရေကစားခြင်းတို့ဖြင့် စည်ကားသည်။
 
သင်္ကြန်ကာလတွင် မုန့်လုံးရေပေါ်၊ သာကူ အစရှိသော မြန်မာ့ရိုးရာ အစားအစာများကို တောရောမြို့ပါမကျန် ကျွေးမွေးလှူဒါန်းကြသည်။အလှူဒါန၊ ပျော်ပွဲရွှင်ပွဲအများဆုံးကာလဟု ဆိုနိုင်သည်။
 
နှစ်ဟောင်းမှ အညစ်အကြေးများကို နှစ်သစ်ကိုပါမလာစေရန်နှင့် နှစ်သစ်တွင် ကောင်းမှုကုသိုလ်များဖြင့် အစပျိုးရန် အစရှိသော ရည်ရွယ်ချက်ဖြင့် ဥပုသ်သီလဆောက်တည်သူများ၊ အလှူကြီးအတန်းကြီး ပေးလှူသူတို့နှင့် အလွန်စည်ကားသော ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ဘာသာရေးပွဲတော်တစ်ခုလည်းဖြစ်သည်။
 
မြန်မာပြည်ထဲတွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများကလည်း ကိုယ်ပိုင်ရိုးရာဟန်ဖြင့် သင်္ကြန်ကာလကို ပျော်ရွှင်စွာ ဆင်နွှဲကြပြီး အထူးသဖြင့် ရခိုင်ရိုးရာသင်္ကြန်သည် အထူးစိတ်ဝင်စားဖွယ်ကောင်းသည်။မွန်တိုင်းရင်းသား တို့၏ ရိုးရာ သင်္ကြန်ထမင်းကလည်း နှစ်သက်စရာ အစားအစာတစ်မျိုးအဖြစ် ထင်ရှားပါသည်။
 
သို့ဖြစ်၍ ပူပြင်းသော နွေရာသီကာလတွင် ကျင်းပသော သင်္ကြန်ပွဲတော်နှင့် ရောင်စုံအလှတရားများကို မြန်မာပြည်ရောက် နိုင်ငံခြားသားများကလည်း စိတ်ဝင်တစားဖြင့် ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
 
ယခုနှစ် သင်္ကြန်ကာလတွင် ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် အစရှိသည့် ပြည်ပနိုင်ငံများသို့ သွားရောက် လည်ပတ်မည့်သူများ ယခင်နှစ်ထက် ပိုများသည်။ထိုင်းနိုင်ငံတွင် ကျင်းပသည့် သင်္ကြန်သည်လည်း မြန်မာနိုင်ငံကဲ့သို့ပင် ရိုးရာပွဲတော်တစ်ခုအဖြစ် အထူးစည်ကားစွာ ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ရရှိခဲ့ပြီဖြစ်သည်။
 
ယခုနှစ် သင်္ကြန်ကာလအတွင်း မြန်မာပြည်မှ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားကြမည့်သူများသလို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ မြို့များတွင် ကျင်းပသော သင်္ကြန်ပွဲတော်ကိုသွားရောက်လည်ပတ်မည့်သူများလည်းရှိသည်။
 
သင်္ကြန်ကာလနီးလာသည်နှင့်အမျှ ပြည်ပနိုင်ငံများသို့ အပန်းဖြေခရီးထွက်မည့်သူများလာ၍ လေယာဉ်လက်မှတ်များပင် ဝယ်မရတော့သည့် အခြေအနေများရှိနေသည်ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
 
မြန်မာနိုင်ငံတွင် ကိုဗစ်ကာလမတိုင်မီက နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များစွာ လာရောက်လည်ပတ်ခဲ့သဖြင့် ခရီးသွားလုပ်ငန်းကို တည်မှီ၍ အသက်မွေးသော စီးပွားရေးလုပ်ငန်းများစွာ အောင်မြင်ခဲ့သည်။
 
ခရီးသွားလုပ်ငန်းဈေးကွက်သည် မီးခိုးမထွက်သော လုပ်ငန်းဖြစ်ပြီး နိုင်ငံအတွက်လည်း နိုင်ငံခြားငွေများစွာ ရှာဖွေပေးနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည်။
 
၂၀၁၈-၂၀၁၉ ခုနှစ်ကတည်းက လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွားဧည့်သည်များတွင် တရုတ်ခရီးသွားဧည့်သည် အများဆုံးဖြစ်ခဲ့သည်။ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော တရုတ်ခရီးသွားဦးရေ ခြောက်သိန်းနီးပါးရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
 
ကိုဗစ်ကာလအတွင်း တစ်ကမ္ဘာလုံး ခရီးသွားလာလည်ပတ်မှုများ ရပ်ဆိုင်းခဲ့ပြီးနောက် ကိုဗစ်ကာလအလွန်တွင် နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်အားကောင်းလာခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် လေကြောင်းလိုင်း ပျံသန်းပြေးဆွဲမှုများ ပြန်လည်ရှိလာပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော တရုတ်ခရီးသွားဧည့်သည် ပြန်များလာသည်။ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်၏ အစပိုင်း ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင်ပင် တရုတ်ခရီးသွားများ လာရောက်လည်ပတ်မှု ပိုများလာကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
 
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ တိုင်းရင်းသားများကလည်း မြန်မာနိုင်ငံကဲ့သို့ပင် င်္သကြန်ပွဲတော်ကို နေရာများတိုးချဲ့၍ ကျင်းပလာကြပြီဖြစ်သည်။ယူနန်ပြည်နယ်၊ တယ်ဟုန်ခရိုင်ရှိ တိုင်လူမျိုး၊ ဂျိမ်းဖောလူမျိုးများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲတစ်ခုဖြစ်သည့် မန်စီမြို့တွင် ၂၀၂၃ ခုနှစ်က သင်္ကြန်ပွဲတော်ကို ခမ်းနားစည်ကားစွာ ကျင်းပခဲ့ကြသည်။
 
တရုတ်-မြန်မာနယ်စပ်၊ ယူနန်ပြည်နယ်ရှိ ရွှေလီ၊စစ်ဆောင်းပနား၊ တယ်ဟုန်၊ လင်ချန်း၊ ဖူအယ်နှင့်  ကူမင်းမြို့တို့တွင် သင်္ကြန်ပွဲတော် ကျင်းပကြပြီး ပျော်ရွှင်ဖွယ် တေးဂီတဖျော်ဖြေမှုများနှင့်အတူ ရိုးရာနဂါးလှေလှော်ပြိုင်ပွဲ၊ မီးပုံးပျံလွှတ်ပွဲ စသဖြင့် ပွဲများလည်း ပါဝင်ခဲ့သည်။
 
တရုတ်-မြန်မာ နယ်စပ်ရှိ ယူနန်ပြည်နယ်ဘက်မှ မြို့များတွင်  သင်္ကြန်ပွဲတော်ကျင်းပရာ၌ မြန်မာပြည်မှာကဲ့သို့ လေးရက်၊ ငါးရက်ကာလမဟုတ်ဘဲ ရက်ရှည်ကျင်းပကြသည်။တိုင် (ရှမ်း) တိုင်းရင်းသားလူမျိုးစုများ နေထိုင်သော လင်ချန်းမြို့တွင် ရေပက်ပွဲတော်ကို အထူးစည်ကားစွာ ကျင်းပလေ့ရှိကြသည်။သင်္ကြန်ပွဲတော် မကျင်းပမီကတည်းက ကြိုတင်ပြင်ဆင်မှုများဖြင့် ရင်ခုန်စရာကောင်းသော အချိန်ကာလကို စောင့်မျှော် ကြလေ့ရှိသည်။
 
ရိုးရာနှစ်သစ်ကူးပွဲတော် သင်္ကြန်ပွဲတော်၏ ပျော်ရွှင်စရာကောင်းသော အငွေ့အသက်များသည် နိုင်ငံတကာထိတိုင် ဆွဲဆောင်မှုကောင်းစွာ ပျော်ရွှင်မှုများ မျှဝေနိုင်သော ပွဲတော်ဖြစ်၍ တစ်ဖက်တွင် ခရီးသွားဈေးကွက်တစ်ခု ကောင်းကောင်းပုံဖော်နိုင်သည်။
 
သင်္ကြန်ကာလအနီးရောက်ပြီဆိုလျှင် ကားလိုင်းဝန်ဆောင်မှုလုပ်ငန်းများနှင့် လေကြောင်းလိုင်းဝန် ဆောင်မှုလုပ်ငန်းများ များစွာအလုပ်ဖြစ်သည်။တချို့က ရေကစားမဏ္ဍပ်၊ ဖျော်ဖြေပွဲရှိရာ ဝန်းကျင်တွင် စီးပွားရေးဈေးကွက်တစ်ခု ဖော်ဆောင်ကြသည်။
 
တရုတ်နှင့် မြန်မာနိုင်ငံသည် ကုန်သွယ်ရေး၊ စီးပွားရေးတို့ ချိတ်ဆက်နေသော နိုင်ငံဖြစ်သလို ယဉ်ကျေးမှုကလည်း အများစုတူညီကြသည်။ယူနန်ပြည်နယ်တွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားများနှင့် တူညီသောတိုင်းရင်းသားများစွာ နေထိုင်ကြပြီး နှစ်သစ်အခါသမယတွင် ကျင်းပသည့် အတာသင်္ကြန် ပွဲတော်လည်း တူညီကြသည်။
 
ယခုအခါတွင် တရုတ်နိုင်ငံရှိ မြို့များသို့ တိုက်ရိုက်အပြန်အလှန်သွားလာနိုင်သော လေကြောင်းလိုင်းများလည်း တိုးချဲ့ပျံသန်း ပြေးဆွဲနေပြီဖြစ်၍ နှစ်နိုင်ငံခရီးသွားလာမှုကို ပို၍အထောက်အကူပြုလျက်ရှိသည်။သို့ဖြစ်၍ မြန်မာပြည်မှ အပန်းဖြေခရီးထွက်လိုသူများက ယူနန်ပြည်နယ်အတွင်း ကျင်းပသော သင်္ကြန် ပွဲတော်ကို လွယ်လင့်တကူ  သွားရောက်လေ့လာ အပန်းဖြေနိုင်ပြီဖြစ်သည်။
 
ခရီးသွားခြင်းသည် လူရော စိတ်ပါ အပန်းဖြေခြင်း တစ်မျိုးဖြစ်၍ လူအများစုသည် ခရီးသွားလာခြင်းကို နှစ်သက်ကြသည်။တစ်နိုင်ငံမှတစ်နိုင်ငံသို့ လေ့လာရေး ခရီးများထွက်ကြသည်။ပြည်တွင်းမှာပင် ခရီးသွားအပန်းဖြေကြသလို တစ်နိုင်ငံမှ တစ်နိုင်ငံသို့ သွားရောက်လည်ပတ်၍ မတူညီသော လူမှုဘဝများကို လေ့လာကြသည်။
 
နိုင်ငံတစ်နိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၊  ဓလေ့ထုံတမ်းစဉ်လာ၊ ရိုးရာပွဲတော်များသည် ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းများအတွက် စွဲဆောင်စရာများဖြစ်ပါသည်။ထိုင်းနိုင်ငံသည် သင်္ကြန်ပွဲတော်ဖြင့် ခရီးသွားလုပ်ငန်း စီးပွားရေး ဈေးကွက်တစ်ခုကို ကောင်းစွာဖော်ဆောင်နိုင်သော နိုင်ငံဖြစ်သည်။အလားတူ ယူနန်ပြည် နယ်တွင် ကျင်းပသော တိုင်းရင်းသားများ၏ သင်္ကြန်ပွဲတော်သည်လည်း ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ စိတ်ဝင်စားသော ပွဲတော် တစ်ခုဖြစ်လာသည်။
 
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လိုလျှင် စက်မှုစီးပွားရေးကောင်းမှသာမဟုတ်ဘဲ ဒေသတွင်းခရီးသွားလုပ်ငန်းများကို ကောင်းစွာဖော်ဆောင်နိုင်ခြင်းကလည်း အထူးအရေးပါသော စီးပွားရေးဈေးကွက်ဖြစ်သည်။
 
မြန်မာနိုင်ငံသည် ရိုးရာအမွေအနှစ်ပေါများသောနိုင်ငံ၊ ဆယ့်နှစ်လရာသီပွဲတော်များစွာရှိသော နိုင်ငံ ဖြစ်သည်နှင့် အညီ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို အခြေပြု၍ ခရီးသွားလုပ်ငန်းဈေးကွက်ကောင်းများစွာ ဖော်ဆောင်နိုင်ဖို့ကိုပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများက မျှော်လင့်လျက်ရှိနေသည်။
 
အမွန်