【 ဆောင်းပါး 】 လျှပ်စစ်ကား အသုံးပြုလာသည့် ကမ္ဘာ့ရပ်ဝန်း

【 ဆောင်းပါး 】 လျှပ်စစ်ကား အသုံးပြုလာသည့် ကမ္ဘာ့ရပ်ဝန်း

ကမ္ဘာတစ်ဝန်းတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနှင့် ရုပ်ကြွင်းလောင်စာများကို လျှော့ချသုံးစွဲရန် အားထားလာကြပြီးနောက် ကာဗွန်ထုတ်လုပ်မှု လျှော့ချနိုင်မည့် နည်းလမ်းများကို အသုံးပြုလာကြသည်။

ကာဗွန်လျှော့ချ သုံးစွဲလာကြသည့် များစွာသော အကြောင်းအရာတို့ထဲ၌ ကမ္ဘာတစ်ဝန်း၌ လျှပ်စစ်ကားများ အသုံးပြုလာခြင်းကလည်းက တစ်စိတ်တစ်ပိုင်း ပါဝင်လာသည်။

ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများ၌ လောင်စာစွမ်းအင်ဖြစ်သည့် ဓာတ်ဆီ၊ ဒီဇယ်၊ ဓာတ်ငွေ့များကို အသုံးမပြုရသော လျှပ်စစ်ကားများကို သုံးစွဲမှုများလာသည်။ လျှပ်စစ်ကားများသည် ကမ္ဘာတစ်ဝှမ်းတွင် ရေပန်းစားလာခဲ့ပြီး နိုင်ငံအများအပြားသည် လျှပ်စစ်ကားအသုံးပြုမှုကို မြှင့်တင်ရန် မူဝါဒများကို ချမှတ်ခဲ့ကြသည်။အချို့သောနိုင်ငံများသည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနှင့် ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုနေရမှုကို လျှော့ချရန်အတွက် လျှပ်စစ်ကား (EVs) သို့ ကူးပြောင်းရန် သိသာထင်ရှားစွာ တွန်းအားပေး ဆောင်ရွက်လာသည်။  

လျှပ်စစ်ကား (EVs) များသည် ကာဗွန်မိုနောက်ဆိုဒ် (CO)၊ နိုက်ထရိုဂျင်အောက်ဆိုဒ် (NOx) အမှုန်အမွှားများကဲ့သို့ အန္တရာယ်ရှိသော လေထုညစ်ညမ်းမှုကို မထုတ်လွှတ်နိုင်ကြောင်း သိရသည်။အထူးသဖြင့် လေထုအရည်အသွေး ပြဿနာရှိသော မြို့ပြများတွင် အကျိုးရှိသည်ဟု သဘာဝပတ်ဝန်းကျင်ပညာရှင်များက သုံးသပ်ကြသည်။

လျှပ်စစ်ကားများသည် အိပ်ဇောပိုက်မှ မီးခိုးမထွက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အလွန်အရေးပါလာသည်။နော်ဝေ၊ တရုတ်၊ နယ်သာလန်၊ ဂျာမဏီ၊ ပြင်သစ်၊ UK ၊ US ၊ ကနေဒါ၊ ဆွီဒင်၊ တောင်ကိုရီယား အစရှိသော နိုင်ငံများတွင် လျှပ်စစ်ကား (EVs) များ အသုံးပြုခြင်းကို ဝန်ဆောင်မှုအမျိုးမျိုးဖြင့် ပံ့ပိုးအားပေးနေသည်။

နော်ဝေနိုင်ငံတွင် လျှပ်စစ်ကားများအတွက် သွင်းကုန် အခွန်ကင်းလွတ်ခွင့်တို့ လျှော့ချပေးထားပြီး ၎င်းနိုင်ငံ၏ ကားရောင်းချမှုတွင် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်နေသည်။

တရုတ်နိုင်ငံကတော့ ကမ္ဘာပေါ်တွင် လျှပ်စစ်ကားများအတွက် အကြီးဆုံးဈေးကွက်ဖြစ်သည်။တရုတ်အစိုးရမှ လျှပ်စစ်ကား ထုတ်လုပ်မှုများကို ပံ့ပိုးမှုပေးခြင်း၊ အခွန်လျှော့ပေါ့ခြင်းများ၊ လိုင်စင်နံပါတ်ပြားမူဝါဒများနှင့် စွဲမတ်စရာကောင်းသော ဝန်ဆောင်မှုများစွာပေး၍ လျှပ်စစ်ကားများ အသုံးပြုမှုကို မြှင့်တင်ပေးထားသည်။

အလားတူ နယ်သာလန်၊ ဂျာမဏီ၊ ပြင်သစ်နိုင်ငံများတွင်လည်း လျှပ်စစ်ကားများ အသုံးပြုရန်အတွက် အခွန်လျှော့ပေါ့ခြင်းများပေးထားပြီး အင်္ဂလန်နိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် ဓာတ်ဆီနှင့် ဒီဇယ်ကားသစ်များ ရောင်းချမှုကို ရပ်တန့်ရန် ကတိပြုထားသည်။သို့ဖြစ်၍ လျှပ်စစ်ကား ဝယ်ယူသူများအတွက် ထောက်ပံ့ငွေများနှင့် ဝန်ဆောင်မှုများ ပေးထားသည့်အပြင် နိုင်ငံတစ်ဝန်း၌ အားသွင်းသည့် Charging Station အခြေခံအဆောက်အဦများကို ကျယ်ကျယ်ပြန်ပြန့် ဆောင်ရွက်ထားသည်။

အမေရိကန်၊ ကနေဒါ၊ ဆွီဒင်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင်လည်း လျှပ်စစ်ကားအသုံးပြုမှု ပိုများလာပြီး အသုံးပြုသူများအတွက် အထူးအခွင့်အရေးများ ပေးထားသည်။ အခြားသောနိုင်ငံအများအပြား၌လည်း လျှပ်စစ်ကားများအသုံးပြုမှုကို အားပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချရန် ခြေလှမ်းများ စတင်နေကြသည်။

နည်းပညာတိုးတက်လာမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများ ပိုမိုထင်ရှားလာသည်နှင့်အမျှ လျှပ်စစ်အသုံးပြု မော်တော်ယာဉ်များကို လူကြိုက်များလာခဲ့သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ကား (EV) များကို စတင်အသုံးပြုနေကြသော်လည်း သဟဇာတ မဖြစ်သေးသည့် အခြေအနေတွင်ရှိနေသည်။ပြည်တွင်းရှိ မော်တော်ယာဉ်တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံမှ လျှပ်စစ်ကားများကို အများဆုံးတင်သွင်းကြသည်။  ပြည်တွင်း၌ လျှပ်စစ်ကားအသုံးပြုမည့်ဈေးကွက် တွင်ကျယ်နိုင်မလားဆိုသည်မှာ မပြောနိုင်သေးသော အခြေအနေဖြစ်သည်။

မိုးရာသီကာလ ရေဝပ်တတ်သည့် မြို့ပြကြီးများ၏ လမ်းများပေါ်၌ လျှပ်စစ်ကားများ မောင်းနှင်ရန် ခက်ခဲမည့်အခြေအနေ၊ နေရာအနှံ့အပြားတွင် Charging Station များ လုံလောက်ခြင်းမရှိသေးသည့်အခြေအနေ၊ လျှပ်စစ်မီးမမှန်သည့်အခြေအနေ၊ လျှပ်စစ်ကားများ ဝယ်ယူရာတွင် နှုန်းထားမြင့်ခြင်းနှင့် ကားများတွင် အရေးပါဆုံးသော ဘက်ထရီများ၏ ကြာရှည်ခံနိုင်မည့် အရည်အသွေးအခြေအနေ စသည်ဖြင့် ပြည်တွင်း၌ လျှပ်စစ်ကားများ အသုံးပြုနိုင်ရန်  စိန်ခေါ်မှုအခက်အခဲများကတော့ များစွာရှိနေပါသေးသည်။

ပြည်တွင်း၌ လျှပ်စစ်သုံး မော်တော်ယာဉ်များ စမ်းသပ်အသုံးပြုနေစဉ်ကာလတွင် မတော်တဆမှုများလည်း ဖြစ်ပေါ်ခဲ့သည်။ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၌ အောက်တိုဘာ ၆ ရက်၊ ညပိုင်းက လျှပ်စစ်ကားတစ်စီး အားသွင်းထားရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့သည်။၎င်းဖြစ်စဉ်ကြောင့် လျှပ်စစ်ကားများအပေါ် ဝေဖန်သုံးသပ်မှုများရှိခဲ့သည်။ယင်းကဲ့သို့ မတော်တဆဖြစ်ပေါ်သည့် အခြေအနေပေါ်တွင် ရောင်းချသည့်ကုမ္ပဏီ Khaing Khaing Sangda Group Limited မှ သွားရောက်စစ်ဆေးရာ၌ မီးလောင်မှုဖြစ်ပွားခဲ့သည့် ယာဉ်၏ ပိုင်ရှင်သည် မိမိသဘောဖြင့် အင်ဂျင်နှင့် ဂီယာဘောက် တပ်ဆင်ခြင်း၊ Battery Charging သွင်းသည့်စနစ်နှင့် ဝါယာရိမ်းစနစ်အား ပြောင်းလဲတပ်ဆင် အသုံးပြုထားခြင်းကြောင့်ဖြစ်သည်ဟု ပြန်လည်ဖြေရှင်းခဲ့သည်။ထိုကဲ့သို့ ဖြစ်ပေါ်ခဲ့သည့် အခြေအနေမှာ ပုံမှန်အသုံးပြုနေကြ လောင်စာဆီသုံးယာဉ်များကဲသို့ အသုံးပြု၍မရဘဲ လျှပ်စစ်ကားများနှင့်ပတ်သက်၍ လိုအပ်သည့် အသိပညာဗဟုသုတများလည်း အတန်အသင့်သိထားရန် လိုအပ်နေခြင်းဖြစ်သည်။လျှပ်စစ်အသုံးပြုယာဉ်များနှင့်ပတ်သက်သည့် ကားပြုပြုင်ရေး ဝပ်ရှော့များလည်း ပြည်တွင်း၌မရှိသေးသောကာလဖြစ်သည်။  

မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများ အများအပြားဝင်ရောက်ပြီး ထပ်မံ၍လည်း ဝင်ရောက်နိုင်ခြေရှိသည်ဟု နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် တစ်ရက်လျှင် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားအစီးရေ ၂၀ နှင့် ၃၀ အကြားတွင် ဝင်ရောက်နေသည်ဟု သိရသည်။မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်များ၊ ဆက်စပ်ပစ္စည်းများနှင့်ပတ်သက်သော ကျသင့်မည့် အခွန်နှုန်းများကို ၂၀၂၄ ခုနှစ် မတ်လအထိ အခွန်ကင်းလွတ်ခွင့်ရရှိထားသည်။စက်မှုဝန်ကြီးဌာနမှ အငှားယာဉ် တက္ကစီနှင့် ဘတ်(စ်)ကားအပါအဝင် လျှပ်စစ်ယာဉ် (EVs) အစီးရေ ၃၀၀၀ ခန့် ကနဦးတင်သွင်းခွင့်ပြုထားပြီး Charging Station ၁၄၀ ကျော် တပ်ဆင်ခြင်းနှင့် တည်ဆောက်ခြင်း ဆောင်ရွက်နေသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ကား (EVs) များနှင့် အသားမကျသေးသော်လည်း ကမ္ဘာတစ်ဝန်းတွင် အသုံးပြုမှုများလာကြပြီဖြစ်သည်။လျှပ်စစ်ကားများသည် စွမ်းအင်သုံးစွဲမှုလျော့ကျခြင်း၊ ပတ်ဝန်းကျင်ဆူညံသံမရှိခြင်း၊ ကာဗွန်ထုတ်လွှင့်မှုလျော့နည်းခြင်းတို့ကြောင့် ကမ္ဘာတစ်ဝန်းတွင် လူကြိုက်များနေခြင်းဖြစ်သည်။

ပြည်တွင်းလျှပ်စစ်ကားများ၏ ဈေးကွက်သည် မူရင်းတန်ဖိုးထက် ဈေးမြင့်နေသည့် အခြေအနေ၌ရှိနေသည်။လျှပ်စစ်ကားအသုံးပြုမှု ကနဦးစီမံကိန်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ထားသော်လည်း ပြည်တွင်း၌ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရန် စိန်ခေါ်မှုများတော့ရှိနေသည်။

လျှပ်စစ်ကားများတွင် ဘက်ထရီက အထူးအရေးပါသဖြင့် ကာလကြာရှည် အသုံးပြုနိုင်မည့် ဘက်ထရီများကို တီထွင်ဖွဲ့စည်းမှု နည်းပညာများ တိုးတက်လာရန် လိုအပ်ပါသည်။ထို့ပြင် နှုန်းထားအသင့်အတင့်ဖြင့် ရောင်းချခြင်းအပါအဝင် Charging Station များ နေရာတိုင်းတွင်  ရှိမှသာလျှင် မြန်မာနိုင်ငံ၌ လျှပ်စစ်ကားအသုံးပြုမှု တွင်ကျယ်လာမည်ဖြစ်သည်။

လက်ရှိတွင် ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်းများ အလွန်မြင့်တက်နေ၍ နောက်ပိုင်းကာလတွင် လျှပ်စစ်ကား (EVs) များ အသုံးပြုသူ ပိုမိုများပြားလာမည်ဖြစ်သည်ဟု မော်တော်ယာဉ်တင်သွင်းသူအချို့ကလည်း သုံးသပ်ကြသည်။

လျှပ်စစ်ကားများ အသုံးပြုခြင်းသည် သဘာဝပတ်ဝန်းကျင်ပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှုများရှိလာ၍ လက်ရှိနိုင်ငံရေးအခင်းအကျင်းများကို ခဏတာသွေဖယ်ပြီး လက်ခံပေးနိုင်လျှင် ပိုမိုတွင်ကျယ်လာမည်ဖြစ်သည်။

အမွန်