【 ဆောင်းပါး 】 သင်္ကြန်နှင့်အတူ

【 ဆောင်းပါး 】 သင်္ကြန်နှင့်အတူ

မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း ဧပြီလအတွင်း ကျင်းပလေ့ရှိသည့် သင်္ကြန်ပွဲတော်မှာ ထင်ရှားသော ပွဲတော်တစ်ခုလည်းဖြစ်သလို ယဉ်ကျေးမှုအမွေအနှစ် ပွဲတော်တစ်ခုလည်းဖြစ်သည်။
 
ယင်းကာလအတွင်းတွင် အစိုးရဌာနများ စက်ရုံအလုပ်ရုံနှင့် ကုမ္ပဏီလုပ်ငန်းများလည်း ပိတ်ကြသလို အရောင်းဆိုင်အများအပြားလည်းပိတ်ကြပြီး ရက်ရှည်ပိတ်ရက်အတွင်း နယ်ဒေသမှ အလုပ်သမားများမှာ မိမိတို့ဇာတိအရပ်ဒေသသို့ ပြန်ကြသည့်ကာလလည်းဖြစ်သည်။
 
သင်္ကြန်ကာလအတွင်း အလှူအတန်း စတုဒီသာများကိုလည်း ပြုလုပ်ကြသည့်အတွက် လိုအပ်သည့် ကုန်ပစ္စည်းများကို ပွဲရုံနှင့် စျေးများမပိတ်ခင် ကြိုတင်ဝယ်ယူ စုဆောင်းကြရသည်။
 
သင်္ကြန်အတွင်းဖွင့်သည့် ဆိုင်များ နည်းပါးသလို စျေးနှုန်းများလည်း မြင့်မားနေတတ်ခြင်းကြောင့်ဖြစ်သည်။သင်္ကြန်ကာလနှင့်အတူ ရောင်းအားအကောင်းဆုံးမှာ ဖျော်ရည်နှင့် ယမကာပစ္စည်းများလည်းဖြစ်ကြသည်။သင်္ကြန်တွင်း မပိတ်ဘဲ သာမန်ထက် စျေးတင်ရောင်းချမည့် လက်လီဆိုင်ငယ်များကလည်း သင်္ကြန်မတိုင်ခင်ကာလများကတည်း ကြိုတင်ဝယ်ယူဖြည့်တင်းခြင်းများရှိကြသည်။
 
သင်္ကြန်မတိုင်ခင်ကတည်းက ဝယ်လိုအားကောင်းတတ်သည့် မီးဖိုချောင်သုံးပစ္စည်းများတွင် အာလူး၊ ကြက်သွန်များကလည်းအပါအဝင်ဖြစ်ကြသည်။ပြည်တွင်းစျေးကွက်ရှိ ကုန်စည်ဒိုင်ကြီးများအတွင်း ပစ္စည်းပြတ်လပ်သည်အထိ ရောင်းချရဖူးပြီး ယခုနှစ်တွင် နယ်စုံမှကြက်သွန်နှင့် အာလူးအသစ်များ ဝင်ရောက်နေ သော်လည်း စျေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် တရုတ်ဘက်မှ တင်သွင်းရောက်ရှိလာခြင်းများလည်းရှိကြသည်။
 
ယခုအခါ ရန်ကုန်စျေးကွက်အတွင်းသို့ မုံရွာ၊ ဆိပ်ဖြူ၊ မြစ်သား၊ မြင်းခြံ၊ တောင်တွင်းကြီးဘက်မှ ကြက်သွန်များ ဘုရင့်နောင်ပွဲရုံသို့ ဝင်ရောက်နေပြီး တစ်ရက်လျှင် ကြက်သွန်ကားအစီးရေ ၄၀ မှ ၅၀ ကြား ဝင်ရောက်နေခြင်းလည်းဖြစ်သည်။ထိုကြက်သွန်များနှင့်အပြိုင် တရုတ်ဘက်မှ တင်သွင်းလာခြင်းများလည်းရှိသလိုစားသုံးသူများအတွက် ရွေးချယ်စရာ အခြေအနေကောင်းများ ဖန်တီးပေးသလို ဖြစ်စေခဲ့သည်။
 
ပိတ်ရက်ရှည်လည်း ဖြစ်သည့်အတွက် အဖော်အပေါင်းများနှင့် ပျော်ပျော်ပါးပါးစုဝေးကာ ဧည့်ခံစားသောက်လေ့ ရှိတတ်ခြင်းကြောင့်လည်း အဖျော်ယမကာများ ရောင်းအားကောင်းခဲ့သလိုအကြော်အလှော်ပစ္စည်းများလည်း အရောင်းသွက်ခဲ့သည်။သင်္ကြန်တွင်း ဆိုင်အများစု ပိတ်ထားခြင်းကြောင့်လည်း သာမန်အားဖြင့် ရောင်းအားမကောင်းသည့် ဆိုင်များမှာ သင်္ကြန်ကိုမှီ၍ အရောင်းအဝယ်သွက်ခဲ့သော အခြေအနေကို ကြုံခဲ့ရသည်။
 
ထိုအအေး၊ အဖျော်ယမကာနှင့် အကြော်အလှော်များမှာလည်း ပြည်တွင်းစျေးကွက်တွင် တရုတ်ဘက်မှ တင်သွင်းရောင်းချလာသည့် ပစ္စည်းများမှာ သင်္ကြန်နှင့်အတူ စျေးကွက်နေရာရလာကာ စားသုံးသူ၏ လိုအပ်ချက်အပေါ် ဖြည့်ဆည်းပေးသလို ဖြစ်လာစေခဲ့သည်။
 
သင်္ကြန်ပွဲတော်အတွင်း ရေစိုကာ ပျက်စီးခြင်း မဖြစ်စေအောင် ဖုန်းနှင့် အီလက်ထရွန်နစ် ပစ္စည်းများ ထည့်သွင်းသည့် ရေလုံအိတ်များမှာလည်း သင်္ကြန်မတိုင်ခင်ကတည်းက စျေးကွက်အတွင်းရောင်းချနေကြသလို ဝယ်လိုအားကောင်းသည့် အခြေနေမျိုးရှိနေကြသည်။
 
တစ်နှစ်ထက် တစ်နှစ် ဒီဇိုင်းမျိုးစုံပြောင်းကာ ဆန်းသစ်လာသလို ဝယ်သူစိတ်ဝင်စားစေမည့် ပြင်ဆင်မှုမျိုးဖြင့် စျေးကွက်ဝင်လာခဲ့ကြသည်။သင်္ကြန်ပွဲတော်နှင့်အတူ ရေစိုခံအလှကုန်ပစ္စည်းများ၊ ကလေးများ ဆော့ကစားရာ ရေပြွတ်များ၊ ရေဖလားများ၊ ရေမြှုပ်ဘူးများ၊ အစရှိသည့် ပစ္စည်းများမှာ ပြည်တွင်းတွင် ထုတ်လုပ်နေသည့် ပစ္စည်းများနှင့်အပြိုင် တရုတ်ဘက်မှ တင်သွင်းလာကြခြင်းများလည်းရှိသည်။
 
သင်္ကြန်မဏ္ဍပ်များတွင် အလှဆင်သည့် ပစ္စည်းများ၊ အလှပန်းများနှင့် ပန်းခြောက်များ၊ ဖျော်ဖြေသည့် မဏ္ဍပ်စင်မြင့်များအတွင်း သုံးစွဲသော အလှမီးရောင်စုံများ၊ အလှဆင်ယင်ပစ္စည်းများစွာမှာလည်း တရုတ်မှ တင်သွင်းထားသည့် ပစ္စည်းများကိုသာ အားထားအသုံးပြုနေကြရသလို နှစ်စဉ်ဝယ်လိုအားကောင်းသည့် အခြေအနေမျိုးကို ပိုင်ဆိုင်၍နေကြသည်။
 
သင်္ကြန်နှင့်အတူ မဏ္ဍပ်များ စတင်တည်ဆောက်သည့် အချိန်မှစ၍ ပွဲတော်ပြီးစီးကာ ဖြုတ်သိမ်းချိန်အထိ လုပ်ဆောင်ကြသော လုပ်ငန်းအဆင့်ဆင့်တိုင်းတွင် လည်ပတ်၍ လာခဲ့ကြသည်။သစ်ဟောင်းများ (သို့မဟုတ်) သံဖရိန်များကို ငှားရမ်းသည့် လုပ်ငန်း၊ ရေသွယ်ရေးနှင့် ရေပိုက်လိုင်းဝန်ဆောင်မှုလုပ်ငန်း၊ လက်သမားများနှင့် အလုပ်သမားဝန်ဆောင်မှုလုပ်ငန်းများမှာလည်း စတင်ကာ အလုပ်ဖြစ်လာကြသလို ချက်ရေးပြုတ်ရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် ထမင်းဟင်း ချိုင့်ဆွဲဝန်ဆောင်မှု လုပ်ငန်းများမှာလည်း အ လုပ်ဖြစ်လာခဲ့သည်။ယင်းလုပ်ငန်းများမှာလည်းခေတ်ကာလအခြေအနေအရ စျေးနှုန်းများ မူလထက် အနည်းငယ်မြင့်တက်သွားသော်လည်း မူလလက်ရာ အရသာမျိုး မပြောင်းလဲဘဲ စျေးကွက်ဝေစု ပိုမိုရရှိရန် လုပ်ငန်းတူချင်း ပြိုင်ဆိုင်မှုများလည်း ရှိနေကြသည်။
 
ကားငှားရမ်းသည့်လုပ်ငန်း၊ ကြိုပို့လုပ်ငန်းများမှာလည်း သင်္ကြန်ကာလနှင့်အတူ စတင်လှုပ်ရှား လည်ပတ်လာကြသည်။အချို့သော ရေကစားမဏ္ဍပ်ကြီးများတွင် လာရောက်ရေကစားသူများကို အသွား၊ အပြန် အကြိုအပို့ အစီအစဉ်များအတွက် ယင်းလုပ်ငန်းများ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများနှင့် ချိတ်ဆက်လုပ်ကိုင်ခြင်းများကြောင့်လည်း သင်္ကြန်နှင့်အတူ အလုပ်ဖြစ်လာခဲ့ကြခြင်းဖြစ်သည်။ယင်းလုပ်ငန်းများမှာလည်း ယခုနှစ်တွင် စျေးနှုန်းအနည်းငယ်မြင့်တက်နေသော်လည်း အလုပ်ဖြစ်နေကြခြင်းဖြစ်သည်။
 
ယခုလို နောက်ပိုင်းခေတ်ကာလတွင် သင်္ကြန်ပွဲတော်နှင့်အတူ အလုပ်ဖြစ်လာသည့် လုပ်ငန်းမှာ လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလည်း ဖြစ်ကြသည်။သင်္ကြန်မဏ္ဍပ်များအပါအဝင် အလှူအတန်းပွဲတော်များအတွက် စနစ်တကျဖြစ်စေရေးအပါအဝင် ရေကစားသူများအတွက် ငှားရမ်းသုံးစွဲခြင်းများရှိကြခြင်းကြောင့် အလုပ်ဖြစ်လာခြင်းဖြစ်သည်။ထိုလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုကြသည့်ပစ္စည်းများနှင့် ရေကစားမဏ္ဍပ်များတွင် တပ်ဆင်ကြသော CCTV များမှာလည်း အများစုမှာ တရုတ်မှ ထုတ်လုပ်တင်သွင်းထားသည့် ပစ္စည်းများကိုသာ အားထားသုံးစွဲနေကြရသည်။
 
ယခုနှစ်တွင် ထူးခြားသည့် အပူပြင်းဆုံးသော ရာသီဥတုအခြေအနေမျိုး ကြုံနေကြပြီး အထွေထွေကုန်ကျစရိတ်များလည်း အဆမတန် မြင့်မားနေသော်လည်း နှစ်စဉ် နှစ်တိုင်း ကျင်းပနေသည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲမှာ မလွဲမသွေရောက်ရှိလာပေဦးမည်ဖြစ်သည်။
 
ပွဲတော်ကိုမှီ၍ ဆက်စပ်ယှက်နွယ်နေသည့် လုပ်ငန်းများအသီးသီးမှာ လှုပ်ရှားလည်ပတ်စ အခြေအနေမျိုးဖြစ်သလို သင်္ကြန်ကာလအတွင်း အသုံးပြုကြရသည့် တရုတ်မှ တင်သွင်းသော ပစ္စည်းများမှာလည်း သင်္ကြန်နှင့်အတူ နှစ်စဉ် နှစ်တိုင်း မရိုးနိုင်ဘဲ တွင်ကျယ်၍နေဦးမည် ဖြစ်ပေတော့သည်။
 
ဧပရယ်လ်