【 ဆောင်းပါး 】 RCEP နှင့် မြန်မာနိုင်ငံအတွက် အလားအလာ

【 ဆောင်းပါး 】 RCEP နှင့် မြန်မာနိုင်ငံအတွက် အလားအလာ

ဒေသတွင်း စီးပွားရေး ဘက်စုံသဘောတူညီချက်များဖြစ်သည့် RCEP ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင် ၁၅ နိုင်ငံများတွင် သဘောတူညီချက်များ အသက်ဝင်နေပြီဟု သိရသည်။

RCEP သည် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအပါအဝင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်တို့ပါဝင်ပြီး ကမ္ဘာလုံးဆိုင်ရာ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိသည်။ထို့အပြင် RCEP နိုင်ငံများ၏ ကုန်သွယ်မှုသည် ကမ္ဘာ့စုစုပေါင်း ကုန်သွယ်မှုပမာဏ၏ ၂၈ ရာခိုင်နှုန်း ပါဝင်သဖြင့် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်ရေးစာချုပ်ဟုလည်း ခေါ်ဝေါ်ကြသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် အင်ဒိုနီးရှားနိုင်ငံက RCEP အသက်ဝင်ခဲ့ပြီး ကုန်သွယ်မှုလုပ်ငန်းစုအတွင်း စည်းကြပ်ခွန်ကောက်ခံမှုများကို ၉၀ ရာခိုင်နှုန်းအထိ ဖယ်ရှားပေးမည်ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ နှစ်စပိုင်း နှစ်သစ်အားလပ်ရက်အတွင်း တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ ကုန်သွယ်မှုများ တိုးတက်လာသည်။ Youyi Pass နယ်စပ်ဂိတ်တွင် အကောက်ခွန်ရှင်းလင်းရေးများဆောင်ရွက်ရန် ထရပ်ကားများ တန်းစီနေပြီး အလုပ်များပြားလျက်ရှိနေသည်။ Youyi Pass နယ်စပ်ဂိတ်သည် တရုတ်နိုင်ငံ တောင်ပိုင်း၊ ကွမ်းရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဖိန်ရှန်း နယ်စပ်မြို့ရှိ ချစ်ကြည်ရေးနယ်စပ်ဂိတ်အဖြစ် လူသိများသည်။

အရှေ့တောင်အာရှနိုင်ငံများမှ ဒူးရင်းသီးများနှင့် မင်းကွတ်သီးများ အစရှိသည့် စိုက်ပျိုးရေးထုတ်ကုန် တင်ပို့မှုများသည် Youyi Pass နယ်စပ်ဂိတ်မှ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်သည်။တရုတ်နိုင်ငံမှ အီလက်ထရောနစ်ပစ္စည်းများ၊ စက်ယန္တရားများ၊ စက်မှုလုပ်ငန်းသုံးပစ္စည်းများကလည်း အဆိုပါလမ်းကြောင်းမှတစ်ဆင့် ထရပ်ကားများဖြင့် အာဆီယံနိုင်ငံများသို့ တင်ပို့ရန် ထွက်ခွာသည်။

အာဆီယံနိုင်ငံများသည် ၂၀၂၃ ခုနှစ်၏ ၁၁ လကာလအတွင်း တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက်ရှိနေပြီး ကုန်သွယ်မှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၈၁၆ ဒသမ ၉ ဘီလီယံခန့် ရောက်ရှိလာခဲ့သည်ဟု  တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (Regional Comprehensive Economic Partnership) – RCEP သည် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်တစ်ခုဖြစ်ပြီး သြစတြေးလျ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ လာအို၊ မလေးရှား၊ မြန်မာ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်းနှင့် ဗီယက်နမ်တို့ပါဝင်သည့် အာရှ-ပစိဖိတ်ဒေသမှ ၁၅ နိုင်ငံအကြား ချုပ်ဆိုထားခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလက ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ အတည်ပြုခဲ့သည်။

RCEP သည် ၂၀၁၂ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယပါဝင်သည့် ၁၆ နိုင်ငံမှ ကိုယ်စားလှယ်များ ဆွေးနွေးညှိုနှိုင်းခဲ့ခြင်းဖြစ်သည်။သို့သော် အိန္ဒိယနိုင်ငံအနေဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချို့ကိစ္စရပ်များ စေ့စပ်ညှိုနှိုင်းရာတွင် အဆင်မပြေသဖြင့် အိန္ဒိယနိုင်ငံ မပါဝင်တော့ကြောင်း ၂၀၁၉ ခုနှစ်တွင် ကြေညာခဲ့သည်။ထို့နောက် ၂၀၂၀ ပြည့်နှစ်တွင် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့က ဆက်လက်ဆွေးနွေးပြီး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

RCEP သဘောတူညီချက် စာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများအကြား တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ပထမဆုံး RCEP အသက်ဝင်ကြောင်းကို ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့က ကြေညာခဲ့သည်။
သဘောတူစာချုပ် အခွင့်အရေးအရ တရုတ်နိုင်ငံမှ ပေးအပ်မည့် အကောက်ခွန်ဆိုင်ရာ ဦးစားပေးအခွင့်အရေးနှင့် အခြားအခွင့်အရေးများကို ခံစားနိုင်ခြင်းဖြစ်သည်။

မြန်မာလုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းအမယ် စုစုပေါင်း ၅၉၀၀ ကျော်ကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်ခြင်းဖြစ်ပြီး တိရစ္ဆာန်ထွက်ကုန်၊ စိုက်ပျိုးရေးထွက်ကုန်၊ ဆီထွက်ကုန်ပစ္စည်း၊ အစားအစာနှင့် စပ်လျဉ်းသည့် ကုန်ပစ္စည်း၊ တွင်းထွက်ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ပစ္စည်း၊ ပလတ်စတစ်ပစ္စည်း၊ သားရေထည်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းများ၊ အထည်အလိပ်နှင့် စပ်လျဉ်းသည့် ကုန်ပစ္စည်းများ၊ ပုလဲနှင့် အဖိုးတန်ကျောက်မျက်ပစ္စည်းများ၊ သတ္တုနှင့် သတ္တုအခြေခံပစ္စည်းများ စသဖြင့် ပါဝင်ကြောင်း သိရသည်။

RCEP သဘောတူညီချက်အရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းအများစုကို အကောက်ခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များနှင့် တင်ပို့နိုင်မည်ဖြစ်သည်။ဝန်ဆောင်မှုအပိုင်းတွင် စီးပွားရေးလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ဖြန့်ဖြူးရေး၊ ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေး အစရှိသည့် ဝန်ဆောင်မှုကဏ္ဍခွဲ ၈၀ ကို ဖြေလျှော့ထားကြောင်း သိရသည်။

နည်းပညာပူးပေါင်းဆောင်ရွက်မှုသည် RCEP သဘောတူစာချုပ်တွင် ထည့်သွင်းပါဝင်လာသည်။အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့် စပ်လျဉ်းသည့် အကူအညီများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များအတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လုပ်ဆောင်နိုင်မည်ဖြစ်သည်ဟု သိရသည်။
၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်းက အာဆီယံဒေသတွင်း နိုင်ငံအချို့ကို တင်ပို့ရောင်းချသည့် မြန်မာ့ပင်ရင်းထုတ်ကုန်များကို အကောက်ခွန်သက်သာခွင့်ဆိုင်ရာ CO Form RCEP ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် RCEP နိုင်ငံများထဲ၌ ဖွံ့ဖြိုးမှုအနိမ့်ဆုံး (LTC) နိုင်ငံများထဲတွင် ပါဝင်နေသည်။မြန်မာနိုင်ငံနှင့်အတူ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့လည်း ပါဝင်နေသည်။ထို့ကြောင့် RCEP သဘောတူစာချုပ်တွင် ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံများအတွက် သင့်လျော်သော အခွင့်အရေးများ၊ သက်သာခွင့်များကိုပေးရန် သဘောတူထားကြသည်။

အဆိုပါအခွင့်အရေးတွင် ကုန်စည်လိုင်းအားလုံး၏ ၆၅ ရာခိုင်နှုန်းကို အကောက်ခွန်ကင်းလွတ်ခွင့်ပြုချက် ရမည်ဖြစ်သော်လည်း မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့အတွက် ၃၀ ရာခိုင်နှုန်းသာ ကင်းလွတ်ခွင့်ပေးရမည်ဖြစ်သည်။ထို့အပြင် စာချုပ်အာဏာသက်ဝင်ပြီး ၁၀ နှစ်အကြာတွင် ကျန်အဖွဲ့ဝင်နိုင်ငံများက ကုန်စည်လိုင်း စုစုပေါင်း ၈၀ ရာခိုင်နှုန်းကို အခွန်ကင်းလွတ်ခွင့်ပြုရမည်ဖြစ်သော်လည်း မြန်မာနိုင်ငံက ၁၅ နှစ်အကြာမှ အခွန်ကင်းလွတ်ခွင့်ပြုရမည်ဟု သဘောတူစာချုပ်တွင် ပါဝင်ကြောင်း သိရသည်။

RCEP သဘောတူစာချုပ်တွင် ဖွံ့ဖြိုးမှုနည်းသော မြန်မာနိုင်ငံအတွက် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများက ဒွန်တွဲရှိနေပါသည်။ပြည်ပပို့ကုန်များကို ပို့ရာတွင် အခွန်သက်သာခွင့်၊ ကင်းလွတ်ခွင့်များရှိသော်လည်း သွင်းကုန်များတွင် မိမိနိုင်ငံဘက်မှ သက်သာခွင့်များ အပြန်အလှန်ပေးရမည့် အခြေအနေများလည်းရှိသည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိအနေအထားအထိ ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှုများ အများဆုံးဖြစ်နေသေး၍ RCEP နိုင်ငံများနှင့်အတူ ဖွံ့ဖြိုးနိုင်မည့် အားနည်းချက်များစွာ ရှိနေပါသေးသည်။

သို့ဖြစ်၍ ပို့ကုန်များများ တင်ပို့နိုင်မည့် အခြေအနေများအထိ လျှောက်လှမ်းနိုင်မှသာ RCEP နိုင်ငံများနှင့်အတူ ဖွံ့ဖြိုးနိုင်မည်ဖြစ်ပါသည်။

အမွန်