【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့ခရီးသွားလုပ်ငန်းကို အရှိန်မြင့်စေသည့် တရုတ်၏ Free Visa

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့ခရီးသွားလုပ်ငန်းကို အရှိန်မြင့်စေသည့် တရုတ်၏ Free Visa

မကြာမီ တရုတ်နိုင်ငံတွင် နွေဦးပွဲတော်ကာလသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။ထိုကာလမတိုင်မီ တရုတ်နိုင်ငံက ကမ္ဘာ့နိုင်ငံအချို့နှင့် စမ်းသပ် ဗီဇာကင်းလွတ်ခွင့် မူဝါဒအသစ်ကို ဒီဇင်ဘာ ၁ ရက်မှ စတင်ကျင့်သုံးရန် ထုတ်ပြန်ခဲ့ရာ နိုင်ငံခြားခရီးသွားများအတွက် စိတ်ဝင်စားဖွယ်ရာဖြစ်လာသည်။
 
အထူးသဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းမှာ ကိုဗစ်လျော့ပါးပြီး တစ်နှစ်ကျော်ကြာသည့်တိုင် ရုန်းကန်နေရဆဲဖြစ်ရာ ယခု တရုတ်၏  ဗီဇာကင်းလွတ်ခွင့် မူဝါဒအသစ်သည် ကမ္ဘာ့ခရီးသွားလာရေးကဏ္ဍကို မည်မျှသက်ရောက်မည်လဲဆိုသည်ကို စိတ်ဝင်စားနေကြသည်။
 
စမ်းသပ် ဗီဇာကင်းလွတ်ခွင့် မူဝါဒဆိုသည်မှာ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ တရုတ်နိုင်ငံသို့ စီးပွားရေး၊ ခရီးသွားလုပ်ငန်း၊ ဆွေမျိုးမိတ်ဆွေများထံ လာရောက်လည်ပတ်ခြင်းနှင့် ခရီးတစ်ထောက် ဖြတ်သန်းသွားလာခြင်းအတွက် ၁၅ ရက်ထက် မပိုသော ဗီဇာကင်းလွတ် ဝင်ရောက်ခွင့်ပြုခြင်းဖြစ်ပြီး ထိုခွင့်ပြုသော နိုင်ငံများထဲတွင် ဥရောပငါးနိုင်ငံဖြစ်သည့် စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်တို့ပါဝင်ပြီး အာဆီယံဒေသမှ မလေးရှားတို့ ပါဝင်သည်။
 
နိုင်ငံတိုင်းက စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းအတွက် လာရောက်လည်ပတ်သူ ပိုမိုများပြားလာစေရန် ကြိုးပမ်းနေချိန်တွင် တရုတ်နိုင်ငံ၏ ယခုလို ထုတ်ပြန်ချက်သည် လမ်းကြောင်းသစ်အဖြစ် ပေါ်ပေါက်လာဖို့ရှိနေသည်။တရုတ်ဘက်က ယခုထုတ်ပြန်သည့် စမ်းသပ်ဗီဇာကင်းလွတ်ခွင့် မူဝါဒအသစ်နှင့်ပတ်သက်ပြီး နေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် “တရုတ်နှင့် နိုင်ငံခြားဝန်ထမ်းများ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြင်ပကမ္ဘာသို့ အဆင့်မြင့်ဖွင့်လှစ်နိုင်ရေး ကူညီဆောင်ရွက်ပေးရန်” ဟု ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောခဲ့သည်။
 
တရုတ်နိုင်ငံသည် ယခင်က ဘရူနိုင်း၊ ဂျပန်နှင့် စင်ကာပုပူနိုင်ငံသားများကို ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ပြုခဲ့သော်လည်း COVID-19 ဖြစ်ပွားပြီးနောက် ယင်းကိုရပ်ဆိုင်းခဲ့သည်။ယခုနှစ် ဇူလိုင်လတွင် ဘရူနိုင်းနှင့် စင်ကာပူနိုင်ငံတို့ကို ဗီဇာကင်းလွတ်ဝင်ရောက်မှုကို ပြန်လည်စတင်ခဲ့သော်လည်း ဂျပန်အတွက် ထိုသို့လုပ်ဆောင်ခဲ့ခြင်းမရှိသေးပေ။ခရီးသွားလာမှုသည့် နှစ်ဘက်အကျိုးရှိသော ကိစ္စရပ်ဖြစ်သည်။
 
ယခုနှစ် ပထမခြောက်လအတွင်း တရုတ်နိုင်ငံသို့ နိုင်ငံခြားသားဝင်ရောက်မှု ၈ ဒသမ ၄ သန်းရှိခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စာရင်းဇယားများအရ သိရသည်။သို့သော် ၎င်းသည် ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်က ကဏ္ဍအားလုံး ပြည်ပခရီးသွားဝင်ရောက်မှု ၉၇၇ သန်းနှင့် နှိုင်းယှဉ်ပါက များစွာကွာခြားသေးသည်။
 
ယခုနှစ် ဥရောပခရီးသွားများအကြားတွင် တရုတ်နိုင်ငံကို စိတ်ဝင်စားမှု မြင့်တက်လာခဲ့သည်။အွန်လိုင်းခရီးသွားအေဂျင်စီ Trip.com မှ အချက်အလက်များအရ ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ဥရောပမှ တရုတ်နိုင်ငံသို့ စုစုပေါင်းကြိုတင်မှာယူမှု ၆၆၃ ရာခိုင်နှုန်းတိုးလာပြီး ၂၀၁၉ ခုနှစ်ထက် ၂၉ ရာခိုင်နှုန်းနီးပါး တိုးလာခဲ့သည်။ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ခရီးသွားအေဂျင်စီများသည် ပြည်တွင်းခရီးသွားဧည့်သည် ၄၇၇,၈၀၀ ကို လက်ခံရရှိခဲ့ပြီး ၂၀၁၉ ခုနှစ် အလားတူကာလအတွက် ၈.၅၆ သန်းကျော်ရှိကြောင်း တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
 
ကမ္ဘာတစ်ဝှမ်းမှ တရုတ်နိုင်ငံသို့ ခရီးသွားများဝင်ရောက်သည့် ထိပ်တန်း ၁၀ နိုင်ငံ ရင်းမြစ်များထဲတွင် ဗြိတိန်နှင့် ဂျာမနီတို့ ပါဝင်သည်။တရုတ်ခရီးသွားများ သွားလိုသည့် ဥရောပခရီးစဉ်များတွင်  ဗြိတိန်နှင့် ဂျာမနီတို့က ထိပ်ဆုံးကဖြစ်သည်။တစ်လကြာ ဗီဇာကင်းလွတ်ရေး မူဝါဒသည် ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးဖလှယ်မှုများကို မြှင့်တင်ရန် တရုတ်နိုင်ငံ၏ နောက်ဆုံးကြိုးပမ်းမှုဖြစ်သည်။ပြီးခဲ့သည့်လတွင် တရုတ်နိုင်ငံသည် နော်ဝေမှ နိုင်ငံသားများအား ၇၂/၁၄၄ နာရီကြာ နေထိုင်ရန်အတွက် ဗီဇာကင်းလွတ်ခွင့်ပြုရေး မူဝါဒကို တိုးချဲ့ခဲ့ရာ ထိုအစီအစဉ်မှာ နိုင်ငံပေါင်း ၅၄ နိုင်ငံအထိ ရောက်ရှိခဲ့သည်။
 
အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာန (NIA) ၏ အချက်အလက်များအရ တစ်လကြာ ဗီဇာကင်း လွတ်ရေးမူဝါဒ စတင်သည့် ဒီဇင်ဘာ ၁ ရက်မှစကာ ဒီဇင်ဘာ ၃ ရက်အတွင်း အဆိုပါနိုင်ငံခြောက်နိုင်ငံမှ လူ ၇,၀၀၀ ခန့်သည် တရုတ်နိုင်ငံသို့ ဝင်ရောက်ခဲ့ရာ ယင်းနိုင်ငံများမှ ဝင်ရောက်သည့် ခရီးသွားစုစုပေါင်း၏ ၃၉ ရာခိုင်နှုန်း ရှိခဲ့သည်။ထိုမူဝါဒကြောင့် တရုတ်အတွက် ပြည်တွင်းခရီးသွားများ တိုးပွားလာခြင်းအပြင် လမ်းပန်းဆက် သွယ်ရေး၊ စားသောက်ဆိုင်များ၊ တည်းခိုခန်းနှင့် ဈေးဝယ်ခြင်းအပါအဝင် ကဏ္ဍများတွင် စားသုံးမှုကို တွန်းအားပေးလိမ့်မည်ဖြစ်သလို အပြန်အလှန်အားဖြင့်လည်း ပြည်ပသို့ တရုတ်ခရီးသွားအရေအတွက် ထိုးတက်လာလိမ့်မည်ဟု ခရီးသွားလုပ်ငန်းကဏ္ဍမှ ပညာရှင်များက ခန့်မှန်းထားသည်။ထို့ပြင် တရုတ်နိုင်ငံတွင် ရင်းနှီးမြုပ်နှံသည့်အပေါ် ပြည်ပရင်းနှီးမြုပ်နှံသူများ၏ ယုံကြည်မှုသည်လည်း တိုးမြင့်လာမည်ဖြစ်သည်။
 
နိုင်ငံခြောက်နိုင်ငံမှ ခရီးသွားများအတွက် တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ရေး မူဝါဒသည် အပြုသဘောဆောင်သောရလဒ်များ ထွက်ပေါ်လာပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသည် နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှု ပိုမိုအဆင်ပြေစေရန်အတွက် ၎င်း၏ ဗီဇာမူဝါဒကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက ပြောခဲ့သည်။
 
ခြုံငုံကြည့်လျှင် ခရီးသွားလုပ်ငန်းသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ကူးစက်ရောဂါအကြိုကာလအဆင့်၏ ၈၇ ရာခိုင်နှုန်းအထိ ပြန်လည်ကောင်းမွန်လာခဲ့သည်။ယင်းကြောင့် ကမ္ဘာ့ခရီးသွားကဏ္ဍသည် ယခုနှစ်ကုန်တွင် ၉၀ ရာခိုင်နှုန်းနီးပါး ပြန်လည်ကောင်းမွန်လာရန် လမ်းကြောင်းပေါ်ရှိနေသည်ဟု ဆိုသည်။ထိုအခြေအနေတွင် တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့် မူဝါဒသစ်သည် ထိုအခြေအနေကို တွန်းတင်သွားမည်ဟု ယူဆထားသည်။
 
နိုင်ငံတကာခရီးသွားလုပ်ငန်းမှာ ပြေစာများအရ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံအထိ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားပြီး ကိုဗစ်ကပ်ဘေးအကြို ၂၀၁၉ ခုနှစ်တွင် ခရီးစဉ်များမှရရှိသော အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ၏ ၉၃ ရာခိုင်နှုန်းခန့်ဖြစ် သည်။သို့ဖြစ်ရာ အားနည်းနေသည့် ကမ္ဘာ့စီးပွားရေးကို မီးခိုးမထွက်သည့် စီးပွားရေးအဖြစ် တင်စားကြသည့် တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့် မူဝါဒအသစ်က ဆွဲတင်နိုင်မည်လားဆိုသည်မှာ မျှော်လင့်စရာဖြစ်လာခဲ့ သည်။
 
ထိုအစီအစဉ် စတင်သည့် ဒီဇင်ဘာ ၁ ရက်တွင် တရုတ်နိုင်ငံက ဗားရှင်းသစ် နိုင်ငံခြားသား ထာဝစဉ်နေထိုင်ရေး မှတ်ပုံတင်ကဒ် - ကြယ်ငါးပွင့်ကဒ်ကို စတင်ထုတ်ပေးခဲ့သည်။ယင်းကဒ်ကို အမေရိကန်၊ ဂျာမဏီ၊ ပြင်သစ်၊ ရုရှား၊ ဆွီဒင်၊ စင်ကာပူနှင့် တောင်ကိုရီးယားအပါအဝင် နိုင်ငံ ၂၀ ကျော်လာရောက်ပြီး စီးပွားရေး၊ ပညာရေး၊ သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှု၊ ကျန်းမာရေး စသည့် နယ်ပယ်များတွင် တရုတ်စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွာ အကျိုးပြုစွမ်းဆောင်ပေးသူများကို ပေးခဲ့ခြင်းဖြစ်သည်။
 
လင်းသစ်အောင်